စစ်အာဏာရှင်စနစ်အား ဆန့်ကျင် ဆန္ဒပြမှုမှာ အနုပညာရှင်များစွာ လမ်းပေါ်ထွက်ကာ ပြည်သူများနဲ့အတူ ဆန္ဒပြမှုမှာ ပါဝင်လာကြသလို ဇာတ်သဘင်မှ ဟန်ဇာမိုးဝင်းလည်း ပါဝင်လာပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ပြည်သူနဲ့အတူ ဆန္ဒဖော်ထုတ်နေတာ အရောင်တွေ မပါဘူးလို့ ဟန်ဇာမိုးဝင်းက ဆိုပါတယ်။
“ဒီအချိန်မှာ ကျနော်တို့ ဆန္ဒဖော်ထုတ်နေတာ အရောင်တွေ မပါဘူး။ အနီတွေ၊ အဝါတွေ၊ အစိမ်းတွေ မဟုတ်ဘူးဗျ။ ပြည်သူတွေနဲ့ အတူတူ လိုချင်ကြတဲ့ ဒီမိုကရေစီစနစ်၊ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ပြည်သူ့ဆန္ဒ ဖော်ထုတ်ကြတာ။ ပြည်သူတွေက မျက်စိသူငယ် နားသူငယ်နဲ့။ ကျနော်တို့ ညဆို အိပ်မက်ဆိုးတွေ မက်နေသလိုပဲ”
“ညဘက်ရောက်မှာကို လူတွေက အကြောက်တရားနဲ့ ရင်ဆိုင်နေရတာ အဓိပ္ပာယ် မရှိဘူး။ Facebook မှာ ပွင့်လင်းစွာ ရေးတယ်၊ ပွင့်လင်းစွာ ဝေဖန်ခဲ့တယ်။ ကျနော်တို့ အရင် ပြည်သူ့အစိုးရ မကောင်းလည်း ရစရာ မရှိအောင် ရေးကြတာပဲ။ မကောင်းတာကို မကောင်းဘူးလို့ ရေးခွင့် မရှိတာတော့ မကောင်းဘူး”လို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။
ကမ္ဘာက မြန်မာနိုင်ငံကို ယုံကြည်မှုရနေချိန် မယုံကြည်တော့ဘူးဆိုတော့ နိုင်ငံအရမ်းနစ်နာတယ်လို့ ဟန်ဇာမိုးဝင်းက ဆိုပါတယ်။
“အခုလို အာဏာသိမ်းတာ ကမ္ဘာ့အလည်မှာ ရှက်စရာလို့ မြင်တာပေါ့။ ကျနော်တို့ နိုင်ငံကို ကမ္ဘာက ယုံကြည်မှု ရနေချိန် မယုံကြည်တော့ဘူးဆိုတော့ နိုင်ငံအရမ်းနစ်နာတယ်လို့ ကျနော် ခံစားရတယ်။ အခုလို အာဏာသိမ်းလိုက်တဲ့အတွက် မျှော်လင့်ချက် ပျောက်တာပေါ့။ တခုခုလုပ်ရင် နင်တို့ နိုင်ငံက ဒီလိုလား၊ ဒီလိုလားဆိုပြီး ကလေးတွေက မျက်နှာငယ်စွာနဲ့ နေရတော့မှာကို မကြိုက်လို့ ကျနော်တို့ ဒီမိုကရေစီ ပြန်ရအောင် ဆန္ဒဖော်ထုတ်နေကြတာပါ”လို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။
ဆန္ဒပြပွဲအတွင်း သေနတ်နဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တဲ့အပေါ် ဟန်ဇာမိုးဝင်းက အခုလိုပဲ ပြောပါတယ်။
“ပစ်မိန့်ပေးတာတော့ အရမ်းရုပ်ဆိုး အကျည်းတန်ပါတယ်။ ပစ်မိန့်တွေ ပေးတာကိုတော့ ရှုတ်ချတယ်။ ပြည်သူမှာ ဘာမှရှိတာ မဟုတ်ဘူး။ ရင်ထဲက ခံစားချက်လေးကို ဖွင့်ထုတ်တဲ့ အနေနဲ့ ကျနော်တို့က စာသားတွေနဲ့ အင်အားနဲ့ ဆန္ဒဖော်ထုတ်တာ။ အေးဆေး ဖြတ်သန်းခွင့် ပေးလို့ရတာကိုဗျာ။ ကျနော် ရင်နင့်အောင် ခံစားရပါတယ်”
“လက်နက်လည်း မရှိ၊ အာဏာလည်း မရှိတဲ့ ကျနော်တို့ ပြည်သူတွေ မထိခိုက် မနစ်နာရအောင် ကျနော်တို့ ရှောင်ကြဉ်ရမယ်။ တိုးတက်နေတဲ့ ခေတ်ထဲမှာ ကမ္ဘာ သိအောင် ဘယ်လို လုပ်ကြမလဲပဲ အရေးကြီးပါတယ်။ အန္တရာယ်ကို ရှောင်ရင်း ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် သွားကြပါ”လို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။