စစ်အာဏာသိမ်းမှုကို လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် ပြည်သူများ အပေါ် အကြမ်းဖက်ဖြိုခွင်းမှုအား တုံ့ပြန်သည့် အနေဖြင့် ဥရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံ တို့က မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ပိုမိုလုပ် ဆောင်သွား မည်ဆိုကြောင်း သြစတြေးလျ အခြေစိုက် SBS သတင်းဌာနက ဖော်ပြသည်။
ယမန်နေ့က မန္တလေးမြို့ ရတနာပုံ သင်္ဘောကျင်း နယ်မြေတွင် ဖြစ်ပွားသည့် ဆန္ဒပြသူများအား စစ်တပ်နှင့်ရဲက ပစ်ခတ်လူစုခွဲရာတွင် နှစ်ဦး သေဆုံးခဲ့ပြီးနောက် အဆိုပါနိုင်ငံများက ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
မျက်မြင်သက်သေများ၏ အဆိုနှင့် သတင်းတင်ပြမှုများအရ လုံခြုံရေးတပ်ဖွဲ့များသည် ဆန္ဒပြပြည်သူများကို ကျည်ဆန် အစစ်များသုံးကာ ပစ်ခတ်ခြင်း၊ လေးခွများဖြင့် ပစ်ခတ်ခြင်း၊ စနစ်တကျ နှိမ်နင်းခြင်းမျိုး မဟုတ်ဘဲ ဒေါသတကြီး အုပ်စုလိုက် ရိုက်နှက် သည့် ပုံစံမျိုး တွေ့ရသည်။
ဖေဖေါ်ဝါရီ ၁ရက်နေ့ စစ်တပ်မှ အရပ်သား NLD အစိုးရလက်မှ အာဏာသိမ်းပြီးနောက် ဖေဖေါ်ဝါရီ ၅ ရက်နေ့မှ စတင်ကာ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခြင်း၊ Civil Disobedience Movement လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ စစ် ကောင်စီကို ထောက်ခံသည့် တရုတ်နှင့် ရုရှားသံရုံးများ ရှေ့တွင် ဆန္ဒဖော်ထုတ်ခြင်း၊ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂနှင့် အမေရိကန် သံရုံးရှေ့တွင် ဆန္ဒပြခြင်း၊ ထိုင်သပိတ်ဖော်ထုတ်ခြင်း စသည်တို့ကို ပြုလုပ်၍ ဆန့်ကျင်နေကြသည်။
စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် နေပြည်တော်နှင့် မန္တလေးမြို့မှ ပြည်သူ ၃ဦးသေဆုံးခဲ့ပြီးဖြစ်ပြီး၊ နှစ်ဦးမှာ ဦးခေါင်းကို ပစ်ခတ်ခံရသဖြင့် သေဆုံးသူများဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါနဲ့ နယူဇီလန်နိုင်ငံတို့က မြန်မာစစ်တပ် ခေါင်းဆောင်များ အပေါ် ပစ်မှတ် ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို လုပ်ဆောင်နေပြီဖြစ်သည်။
တချိန်တည်းမှာပင် သြစတြေးလျအစိုးရကလည်း ဆန္ဒဖော်ထုတ်နေကြသည့် ပြည်သူတို့ အပေါ် အကြမ်းဖက်ဖြိုခွင်း ခြင်းကို လက်မခံနိုင်ကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ကိုင်တွယ်ဖြေရှင်းသွားဖို့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို ပြင်းထန်စွာတိုက်တွန်းလိုက်သည်။
You may also like these stories:
အာဏာသိမ်း စစ်တပ်ကို ထောက်ပံ့နေတာတွေ ရပ်လိုက်ပါ
ဗိုလ်ချုပ်ကြီးတွေ ဘယ်လိုတွက်ကိန်းလွဲသွားလဲ