တနင်္ဂနွေနေ့က မြန်မာနိုင်ငံမြို့ကြီးများတွင် တပ်သားများကို ပိုမို ဖြန့်ချကာ ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော် လမ်းမများတွင် သံချပ်ကာယာဉ်များလှည့်နေချိန် အဓိကကျသည့် ဖြိုခွင်းမှုတခုက မြန်မာနိုင်ငံကို မျက်နှာမူလာသည်။ နံနက် ၁ နာရီတွင် အင်တာနက်ကို ဖြတ်တောက်လိုက်သောအခါ သတင်းထောက်များသည် ၎င်းတို့၏ ကိရိယာများနှင့် ကင်မရာများကို ပြင်ဆင်ပြီး ရှောင်လွှဲမရသည်ကို ရင်ဆိုင်ရန် ပြင်ဆင်ရသည်။ မိတ်ဆွေတယောက်က စာတိုတစောင် ပေးပို့လာသည်။ “ဖုန်းထဲက အရေးကြီးတဲ့အချက်တွေ ဖျက်ထား” ဟု ထိုမိတ်ဆွေကပြောသည်။ အခြားလုပ်ဖေါ်ကိုင်ဖက်တယောက်ကလည်း ဖုန်းဆက်ပြီး “မီးတွေပျက်နေပြီ” ဟု တီးတိုးပြောသည်။
နံနက် ၄ နာရီထိုးသောအခါ ဖမ်းဆီးဖြိုခွဲမှုသတင်း မထွက်လာသေးသော်လည်း မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် သတင်းထောက် ၅ ဦးနှင့် ဒေသခံ ၂ ဦး ဖမ်းဆီးခံရကြောင်း သတင်းရသည်။ ၎င်းတို့ကို တနင်္လာနေ့တွင် ပြန်လွှတ်ပေးသည်။ နံနက်ခင်းရောက်သောအခါ လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုသည် ရန်ကုန်နှင့် မန္တလေးတွင်သာမက နိုင်ငံ၏ မြို့တော် နေပြည်တော်ရှိ လမ်းများတွင်ပါ လျှံကျလာပြီး တချိန်က ဆန္ဒပြပွဲများမဖြစ်နိုင်အောင် စီစဉ်ရွှေ့ပြောင်းခဲ့သည့် နေပြည်တော်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်များ ပြည့်နှက်နေသည်။
အတိတ်က လူထုအုံကြွမှုများကို ဖြတ်သန်းကြီးပြင်းခဲ့သော မိမိတို့သည် နိုင်ငံတဝှမ်း အာဏာဖီဆန်ရေးလှုပ်ရှားမှု၏ ကံကြမ္မာက ပြဋ္ဌာန်းထားပြီးဖြစ်သည်ဆိုသည့် အချက်ကို မမြင်ဘဲနေရန် ခက်ခဲလှသည်။ မိမိတို့ အတွေး၌ အတိတ်သည် ပြန်ပေါ်လာပြီး စစ်တပ်၏ ဒေါသနှင့် သတ်ဖြတ်မှုများဖြင့် အဆုံးသတ်သွားခဲ့သော ငြိမ်းချမ်းစွာ စုဝေးခြင်းများနှင့် အုံကြွမှုများ ပြန်လည် သက်ဝင်လာသည်။
လက်နက်ကိုင်တပ်မတော်သည် စိတ်မရှည်တော့ကြောင်း မိမိတို့ တွေ့နေရသော်လည်း တိုက်ရိုက်ထုတ်လွှင့်နေသည့် စမတ်ဖုန်းများ ရှေ့တွင် သွေးထွက်သံယိုဖြစ်ရန် ခက်ခဲလှပေသည်။ လွန်ခဲ့သော ၂ ပတ်က အာဏာသိမ်းမှု နောက်ပိုင်းမှစတင်ပြီး လုံခြုံရေးတပ်များ၏ ဥပဒေနှင့်မညီသော ဖမ်းဆီးမှု တိုက်ခ်ိုက်မှုများကို နိုင်ငံသားများက ပြန်လည်ဆန့်ကျင်သည့် တိုက်ရိုက်ထုတ်လွှင့်မှုအများအပြားကို လူမှုကွန်ရက်တွင် တွေ့ကြရသည်။ ယခင်ကကဲ့သို့ သွေးထွက်သံယို တိုက်ခိုက်မှုတခုလုပ်လျှင် စစ်တပ်သည် ကိုယ့်သချိုင်းကိုယ်တူးခြင်းနှင့်သာ တူသည်။
သို့သော် ဤနောက်ဆုံး ထိပ်တိုက်တွေ့မှုက မည်သို့အဆုံးသတ်မည်ကို စိတ်ကူးပုံဖေါ်ကြည့်လျှင်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ရထားနှစ်စင်း ခေါင်းချင်းယှဥ်တိုက် နေသည်ကို အနှေးပြကွက်ဖြင့်ကြည့်နေရသလို ခံစားရသည်။
မြန်မာနိုင်ငံမှ ငြိမ်းချမ်းသော ရွေးကောက်ပွဲမတိုင်မီ နိုဝင်ဘာလက လုပ်ဖေါ်ကိုင်ဖက်တဦး မိမိထံဖုန်းဆက်ပြီး မြန်မာနိုင်ငံ၏ အနာဂတ် မည်သို့ရှိသည်ကို ဖေါ်ပြသော သတင်းစကားတစောင်ပေးပို့သည်။ ထို သတင်းစကားတွင် ရွေးကောက်ပွဲလွန်ကာလ အကြမ်းဖက်မှုကို ကြိုတင်ဟောကိန်းထုတ်ထားပြီး စစ်တပ်ကကြားဝင်ကာ အာဏာသိမ်းမည့် အခင်းအကျင်းကို ဖေါ်ပြထားသည်။ ထိုစဉ်က စာရေးသူသည် သူ၏သုံးသပ်ချက်ကို ပယ်ချသော်လည်း စိတ်အတွင်းတွင်မူ အတိတ်နိမိတ်မကောင်းသော လက္ခဏာများ ရှိနေသည်ကို သိနေသည်။
ရွေးကောက်ပွဲ မသမာမှုများနှင့် ပတ်သက်ပြီး NLD အစိုးရနှင့် စစ်တပ်အကြား နောက်ဆုံး ညှိနှိုင်းမှု မအောင်မြင်ကြောင်း သိရပြီးနောက်ပိုင်း မိမိတို့သည် အမှောင်လှိုဏ်ခေါင်းသို့ ပြန်သွားနေကြောင်း စာရေးသူ သိလိုက်ရသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် နှစ်ဖက်ညှိနှိုင်းမှုများသည် သဘောတူညီမှုမရခဲ့ကြောင်း ကြားရသောအခါ မိမိ၏ လုပ်ဖေါ်ကိုင်ဖက်က မိမိထံသို့ “ပွဲပြီးသွားပြီ” ဆိုသည့် ရိုးရှင်းသော စာတိုတစောင်ကို ပေးပို့ခဲ့သည်။
ခြောက်လအတွင်း နိုင်ငံတွင် အကြမ်းဖက်မှု၊ နိုင်ငံရေး ဆန့်ကျင်ကွဲပြားမှုနှင့် နောက်ဆုံးတွင် စစ်တပ်ကြားဝင်စွက်ဖက်မည် ဆိုသည့် နိုဝင်ဘာလက ပေးပို့ခဲ့သော သတင်းစကားပါ အခင်းအကျင်း အများစုသည် အမှန်တကယ်ဖြစ်လာသည်။ အာဏာသိမ်းမှုသည် ထင်ထားသည်ထက် ပိုမိုမြန်ဆန်နေသည်။
မဲမသမာမှုရှိပြီး ရွေးကောက်ပွဲသည် လွတ်လပ်မျှတမှု မရှိဟူသော အကြောင်းပြချက်ဖြင့် စစ်တပ်သည် အာဏာသိမ်းမည်ဟု မိမိ၏ လုပ်ဖေါ်ကိုင်ဖက်က မှန်ကန်စွာ ဟောကိန်းထုတ်ခဲ့သည်။ သူဖေါ်ပြသော အခင်းအကျင်းအရ အာဏာရသောအခါ စစ်တပ်သည် အဓိက ပြဿနာများဖြစ်သော တိုင်းရင်းသား ပဋိပက္ခ၊ နိုင်ငံတကာဖိအားနှင့် စီးပွားရေးတည်ငြိမ်မှုတို့ကို အာရုံစိုက်ရန် ရည်ရွယ်ကြောင်း ကြေညာမည်ဖြစ်သည်။ စစ်တပ်သည် ဖွဲ့စည်းပုံကို ပြင်ဆင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မပါဘဲ ရွေးကောက်ပွဲကျင်းပကာ အခြေအနေအများစုသည် ၂၀၁၀ ခုနှစ်ကကဲ့သို့ဖြစ်နေမည်ဟုလည်း ဆိုသည်။ ထိုစဉ်က တရားမဝင်ဖြစ်နေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင် ပါဝင်ရန် ငြင်းဆန်ခဲ့သည်။ ယခင်သမ္မတဟောင်း ဦးသိန်းစိန်ကို ကြားဖြတ်အစိုးရတွင် နေရာတခုပေးလိမ့်မည်ဟုလည်း ထိုသတင်းစကားက ဆိုသည်။ ထိုအသေးစိတ်များ ထွက်ပေါ်လာခြင်း မရှိဘဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကသာ စစ်အုပ်ချုပ်ရေးကောင်စီကို ဦးဆောင်နေသည်။
လည်ပြန်ကြည့်ပါက အာဏာမသိမ်းမီ ရက်သတ္တပတ်များအတွင်း ပြည်ပဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၏ နေပြည်တော်သို့ အဆင့်မြင့်ခရီးစဉ်နှစ်ခုသည် ယခုအခါ လုံးဝသစ်လွင်သော ထူးခြားမှုဖြစ်လာသည်။ ထိုခရီးနှစ်ခုမှာ ရုရှားကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ် (လွန်စွာ ထူးခြား) နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ် ဖြစ်သည်။ ၎င်းတို့သည် စစ်အာဏာသိမ်းမည်ကို ကြိုတင်မသိရှိဟုဆိုလျှင် စာရေးသူသည် လွန်စွာ အံ့သြမိမည် ဖြစ်သည်။ တပ်မတော်သည် ပြည်တွင်းပြည်ပမှ နီးကပ်သောမဟာမိတ်များနှင့် ထိုအစီအစဉ်ကို ဆွေးနွေးမည်ဖြစ်သည်။ ဗိုလ်ချုပ်များသည် အိမ်နီးချင်းများအပြင် ပိုမိုဝေးကွာသော နိုင်ငံများမှ လေ့လာကြပြီး အာဏာမသိမ်းမီ အသေးစိတ် ကြိုတင်ပြင်ဆင်ခဲ့ကြသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့တွင် နေပြည်တော်မှ အဆင့်မြင့် စစ်ခေါင်းဆောင်အချို့သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဆက်သွယ်ပြီး နိုင်ငံတွင် မည်သည့် ထူးခြားသော ကိစ္စမဆိုဖြစ်လျှင်ပင် စစ်တပ်သည် ငြိမ်းချမ်းရေး ရရှိရေးအတွက် ၎င်းတို့နှင့် ဆက်လက်အလုပ်လုပ်လိုကြောင်းပြောသည်။ တနည်းအားဖြင့်ဆိုရပါက စစ်အာဏာသိမ်းမှုဖြစ်တော့မည်။
၂၀၁၈ ခုနှစ်က ရန်ကုန်မြို့လယ်ရှိ ကဖေးဆိုင်တခုတွင် စာရေးသူသည် ဦးသိန်းစိန်အစိုးရတွင် တာဝန်ထမ်းဆောင်ခဲ့သော အဆင့်မြင့်အရာရှိတဦးနှင့်အတူ ထိုင်နေသည်။ ၁၉၅၈ ခုနှစ်က ဖြစ်ရပ်များကို မမေ့ရန် ထိုသူက စာရေးသူကို သတိပေးသည်။
ထိုစဉ်က ဗိုလ်ချုပ်နေဝင်းလက်အောက်တွင် စစ်တပ်သည် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲချုပ်၏ ခေါင်းဆောင်များအကြား ဂိုဏ်းဂဏများကြောင့် ဖြစ်ပေါ်သည့် မတည်ငြိမ်မှုကြောင့် အခြေအနေကို ထိန်းသိမ်းရန် ဝန်ကြီးချုပ်ဦးနုထံမှ အာဏာကို ရယူသည်။ ဗိုလ်ချုပ်နေဝင်းသည် အိမ်စောင့်အစိုးရအောက် ၁၉၆၀ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပသည်။ အနိုင်ရသူဖြစ်သော ဦးနုသို့ အာဏာလွှဲပြောင်းပေးအပ်သော်လည်း နောက်နှစ်နှစ်ကြာသောအခါ အာဏာပြန်လည် သိမ်းခဲ့သည်။ ဗိုလ်ချုပ်နေဝင်းက ချောက်ကမ်းပါးထဲကျတော့မည့် မြန်မာနိုင်ငံကို ကယ်ဆယ်လိုက်ကြောင်း ပြောပြီးနောက် နိုင်ငံကို ၂၆ နှစ်အုပ်ချုပ်ခဲ့သည်။
၁၉၈၈ ခုနှစ် တနိုင်ငံလုံး အုံကြွမှုအတွင်းတွင် ဗိုလ်ချုပ်နေဝင်းက သူ၏တပည့်သားမြေးများ အာဏာထပ်သိမ်းရန် အတည်ပြုပေးသည်။ ထိုစစ်ယူနီဖေါင်းဝတ် မျိုးဆက်သစ်က နိုင်ငံကို ၂၀၁၀ ခုနှစ်အထိ အုပ်ချုပ်ပြီး ထိုနှစ်တွင်ပင် ရွေးကောက်ပွဲအတု ကျင်းပသည်။ ရုပ်သေးအစိုးရက နိုင်ငံကို တံခါးဖွင့်ပြီး အနောက်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝန်းက ပြုပြင်ပြောင်းလဲရေးကို ချီးကျူးကြပြီး ဗိုလ်ချုပ်များကို ကြိုဆိုကြသည်။
မကြာခင်အနာဂတ်တွင် အလားတူ ဖြစ်ရပ်မျိုးကို တွေ့ရဦးမည်လားဟု စာရေးသူ စိတ်ပူလာမိသည်။ ဖမ်းဆီးထားသော ဓါးစာခံများလည်း ရှိနေသည်။ စစ်တပ်က “ညှိနှိုင်းဖို့အချိန်ကျပြီ၊ ခင်ဗျားတို့ ဘယ်ဈေးပေးမှာလဲ” ဟု ပြောမည်ဖြစ်သည်။
သို့သော် ထိုသမိုင်းဆိုင်ရာ တိုက်ဆိုင်မှုတွင် အကန့်အသတ်များလည်း ရှိနေသည်။ ဗိုလ်ချုပ်နေဝင်း တိုင်းပြည်ကို အုပ်ချုပ်သည့်ခေတ်သည် ယနေ့ခေတ်နှင့်မတူပေ။ သူသည် Generation Z မျိုးဆက်၏ တီထွင်ဆန်းသစ်သည့် ဆန့်ကျင်ကန့်ကွက်နည်းများကို မကြုံခဲ့ရသလို ထိုစဉ်က စမတ်ဖုန်းများ၊ တိုက်ရိုက်ထုတ်လွှင့်မှုများ၊ လမ်းမပေါ် ပါဖောင်းမန့် သရုပ်ဖေါ်မှုများ၊ လူငယ်အသိုင်းအဝန်းအကြား ထင်ရှားကျော်ကြားသူ အများအပြား၊ လမ်းများတွင် ထူးခြားသော တည်ငြိမ်မှုကို ပြသပြီး ပြုံးနေသည့် ချမ်းသာကြွယ်၀သော လူလတ်တန်းစားများလည်း မရှိသေးပေ။
ဦးနေဝင်းသည် မတူကွဲပြားသော ဆန့်ကျင်မှုများကို ရင်ဆိုင်ရပြီး သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်းကာ ၁၉၆၂ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်ဖြင့်ခွဲကာ ကျောင်းသားများစွာကို သတ်ဖြတ်ခဲ့သည်။ ထိုလုပ်ရပ်များအနက် မည်သည့်လုပ်ရပ်ကြောင့်မျှ သူ့အား အမေရိကန် ပြည်ထောင်စုသို့ ဖိတ်ခေါ်ခံရခြင်းအတွက် အတားအဆီး မဖြစ်ခဲ့ပေ။ သူသည် ၁၉၆၆ ခုနှစ်တွင် အမေရိကသို့ သွားရောက်ပြီး သမ္မတ လင်ဒန် ဘီ ဂျွန်ဆင်နှင့် တွေ့ဆုံခဲ့သည်။
ယခုလ အာဏာသိမ်းမှုအပြီး တပတ်ကြာသောအခါ ဘိုင်ဒင်အစိုးရက အာဏာသိမ်းမှုကို ရှုတ်ချပြီး ပစ်မှတ်ထား အရေးယူမှုများ ချမှတ်သည်။ အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂတို့က အာဏာသိမ်းမှုကို ရှုတ်ချပြီး ကန့်ကွက်ဆန္ဒပြပွဲများ၊ လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုများနှင့် ဖြုတ်ချခံရသော ရွေးကောက်ခံ အစိုးရကို ထောက်ခံကြသည်။ အာဏာသိမ်းပြီးရက်ပိုင်းအတွင်း ရန်ကုန်ရှိ တရုတ်သံရုံးနှင့် ရုရှားသံရုံးများရှေ့တွင် ကန့်ကွက်ဆန္ဒပြပွဲများ ပေါ်ပေါက်လာသည်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကို ကျောင်းသားဆန္ဒပြသမားတဦးအနေဖြင့် ဖြတ်သန်းခဲ့သောသူတဦးအနေဖြင့် ယခုအတွေ့အကြုံသည် လွန်စွာ ကျေနပ်အားရစရာ ကောင်းလှသည်။ ထိုမျှသော လှုပ်ရှားမှုနှင့် နိုင်ငံတကာတုံ့ပြန်မှုကို ရရှိရန် စာရေးသူတို့ဆိုလျှင် နှစ်ပေါင်းများစွာကြာအောင် လုပ်ဆောင်ခဲ့ကြရသည်။
ဗိုလ်ချုပ်ကြီးများ၏ ပထမဆုံးအမှားမှာ ပေါ်ပေါက်လာမည့် လူထုလှုပ်ရှားမှု၏ အမြန်နှုန်းကို လျှော့တွက်ခြင်းဖြစ်သည်။ သူတို့သည် Generation Z ၏ ထူးခြားသော စွမ်းအားကိုလည်း ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိပေ။ တိုက်ပွဲသည် စစ်တပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား တိုက်ပွဲသာဖြစ်သည်ဟု ထင်မှားခဲ့သည်။ သို့သော် မြန်မာလူငယ်များသည် အလျှင်အမြန် ထွက်ပေါ်လာပြီး အာဏာသိမ်းသူများအား ခုခံရေးအတွက် တာဝန်ယူရန် ဒေါ်အောင်ဆန်းစုကြည်၏ အရိပ်အောက်မှ ခွဲထွက်လိုက်သည်။ ထိုသူများသည် သာမန်ပြည်သူများ၊ မိမိတို့၏ အိမ်နီးချင်းများသာဖြစ်သည်။ ၎င်းတို့က တည်ငြိမ်စွာဖြင့် “ငါတို့ ဒီအချိန်မှာ တိတ်တိတ်လေးနေရင် တဖြည်းဖြည်းနဲ့ စစ်ကျွန်ဖြစ်သွားမယ်” ဟု ပြောသည်။
စစ်တပ်သည် နိုင်ငံနှင့် ပြည်သူကို စစ်ကြေညာလိုက်ပြီး နာရီကိုနောက်ပြန်လှည့်ရန် ကြိုးစားနေသည်။ ယခု အာဏာသိမ်းမှုသည် နူးညံ့သော အာဏာသိမ်းမှုဖြစ်သည် သို့မဟုတ် ခက်ထန်ကြမ်းတမ်းသော အာဏာသိမ်းမှုဖြစ်သည်ကို ငြင်းခုန်လိုသော လုပ်ဖေါ်ကိုင်ဖက်များအတွက် ပေးလိုသော သတင်းစကားမှာ အာဏာသိမ်းမှုသည် အာဏာသိမ်းမှုသာဖြစ်ပြီး အမျိုးအစား ခွဲခြားနိုင်ခြင်းမရှိ ဆိုသည့်အချက်ပင်ဖြစ်သည်။ လွန်ခဲ့သော ၂ ပတ်ကျော်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အာဏာသိမ်းမှု၏ တခုတည်းသော ရည်မှန်းချက်မှာ မိမိတို့အားလုံးကို ကျောက်ခေတ်သို့ ပြန်လည်ခေါ်ဆောင်သွားရေးသာ ဖြစ်သည်။
(ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၏ The Coup in Myanmar: How the Generals Miscalculated ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
အနာဂတ်ကို ရဲရဲဝင့်ဝင့် ပြန်တောင်းနေကြတဲ့ Z မျိုးဆက်များ
မြန်မာ့ဒီမိုကရေစီ နောက်ကြောင်းပြန်ရန် မလွယ်ကူ