သတင်း

သတင်းမီဒီယာကောင်စီဝင် ၁၁ ဦး နုတ်ထွက်

တပ်မတော်က အာဏာသိမ်းပြီးနောက် ၁၇ ရက်အကြာ ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်တွင် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ (MPC) အဖွဲ့ဝင် ၁၁ ဦးသည် ကောင်စီမှ တရားဝင် နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း MPC တွဲဖက်အတွင်းရေးမှူး (၁) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမြင့်ကျော်က ပြောသည်။

“အရင် ရက်ထဲက နုတ်ထွက်မယ်လို့ စာရင်းပေးထားတာက ဦးမော်လင်းရယ်၊ ဦးပိုင်စိုးဦးရယ် ၂‌ ယောက်ပေါ့။ ဒီနေ့မှာ နုတ်ထွက်မယ်လို့ စာရင်းပေးတာက ၉ ယောက်ပေါ့။ ကျနော်ရယ်၊ ကိုဇေယျာလှိုင်ရယ်၊ ဒေါ်ဝေမာသိမ့်၊ ဒေါ်သင်းသင်းသာ၊ ဦးကျော်မင်းဆွေ၊ ဦးချစ်ဝင်းမောင်၊ ဦးကိုကို (စက်မှု)၊ ဦးခိုင်မြတ်ကျော် နောက်ပြီး ကာတွန်း မောင်မောင်ဖောင်တိန်ပါ တယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက အတည်ပြုရန် ကြိုးပမ်းနေသည့် ဥပဒေများသည် သတင်း မီဒီယာ လွတ်လပ်ခွင့်ကို ကန့်သတ်လာနေသဖြင့် ကောင်စီဝင်များ နုတ်ထွက်ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဦးမြင့်ကျော်က ရှင်းပြသည်။

“လတ်တလော သတင်းသမားတွေ အဖမ်းခံရတာ၊ ယာယီ ထိန်းသိမ်းခံရတာတွေ ရှိတယ်။ ရိုက်နှက်ခံရတာတွေလည်း ရှိ တယ်။ ဒီလိုကိစ္စတွေမှာ ဆက်သွယ်ဖြေရှင်းဖို့၊ အကာအကွယ်ပေးဖို့ ခက်ခဲလာတယ်။ လုပ်ဆောင်ဖို့ မလွယ်ကူတော့ဘူးဆို တော့ ဒီကောင်စီထဲမှာ ဆက်ရှိနေလည်း ကျနော်တို့ မလုပ်နိုင်ရင် ကျနော်တို့အတွက်ရော၊ မီဒီယာ လောကအတွက်ရော နှစ်ဖက်လုံး မကောင်းဘူးလေ။ အဲဒါကြောင့် နုတ်ထွက်တာပါ” ဟု ၎င်းက ပြောသည်။

ထို့အတူ Myanmar Times သတင်းဌာနမှ အယ်ဒီတာ ၅ ဦး၊ ရုပ်သံသတင်းထောက် ၃ ဦးနှင့် သတင်းထောက် ၉ ဦး စုစု ပေါင်း သတင်းသမား ၁၇ ဦးသည်လည်း အဆိုပါ သတင်းဌာနမှ နုတ်ထွက်ထားပြီး နောက်ထပ် သတင်းသမားများလည်း နုတ်ထွက်ရန် ရှိနေသေးကြောင်း သိရသည်။

နုတ်ထွက်သူများထဲတွင် လုပ်သက် ၁၀ နှစ်နှင့် ၁၃ နှစ်ရှိ သတင်းသမားများလည်းပါဝင်ပြီး Myanmar Times သတင်း ဌာန၏ Editorial မူဝါဒအပေါ် မနှစ်သက်တော့သဖြင့် နုတ်ထွက်စာတင်ရခြင်း ဖြစ်ကြောင်း နုတ်ထွက်သည့် သတင်း ထောက်တဦးက ပြောသည်။

၎င်းက “လွတ်လပ်တဲ့ မီဒီယာတခုအဖြစ် ရပ်တည်ခွင့်ရမယ်ဆိုတဲ့ အပေါ်မှာ သံသယ ရှိလာလို့ပါ။ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း သတင်းစာ ရေးသားဖော်ပြမှုတွေ ကျနော်တို့ရဲ့ရေးသားဖော်ပြမှုတွေကို အတွင်းထဲမှာ ဆင်ဆာလုပ်ခံရတာတွေ ရှိတယ်။ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး သတင်းဖော်ပြတာတွေက အရမ်း ထိန်းထိန်းသိမ်းသိမ်း ဖော်ပြတာတွေ ရှိတယ်။ စစ်အစိုးရ က ချမှတ်ထားတဲ့ ပေါ်လစီအတိုင်းသွားမယ်ဆိုပြီး တိုက်က ဆုံးဖြတ်ခဲ့တယ်။ အဲဒါကြောင့် နုတ်ထွက်တာပါ” ဟု ဆိုသည်။

ဖေဖော်ဝါရီ ၁၆ ရက်က နေပြည်တော်၌ ပြုလုပ်သည့် တပ်မတော် သတင်းစာ ရှင်းလင်းပွဲတွင်လည်း Myanmar Times သတင်းဌာနမှ သတင်းသမားတဦး သွားရောက် သတင်းရယူမှု ဖြစ်ခဲ့ပြီးနောက် အဆိုပါ တိုက်မှ သတင်းသမား အမြောက် အများ နုတ်ထွက်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

You may also like these stories:

အာဏာသိမ်းအစိုးရ ဟု သုံးနှုန်းရေးသားခြင်းမပြုရန် သတင်းမီဒီယာများကို သတိပေး

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ အာဏာသိမ်း စစ်ကောင်စီ ပြင်ဆင်

မြစ်ကြီးနားတွင် အဖမ်းခံရသည့် သတင်းထောက် ၅ ဦး ခံဝန်ကတိဖြင့် ပြန်လွှတ်

Loading