ကိုယ်ရေး အချက်အလက်များကို ကာယကံရှင်၏ ခွင့်ပြုချက်မပါရှိဘဲ ဖွင့်ချခြင်း၊ ဖြန့်ဝေခြင်းများ မပြုလုပ်နိုင်စေရန် တား မြစ်ထားသည့် ဥပဒေပုဒ်မများကို ဖြည့်စွက်ကာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို အာဏာသိမ်း စစ်ကောင်စီက ပြင်ဆင်လိုက်သည်။
ပြင်ဆင်လိုက်သည့် ဥပဒေထဲတွင် အဓိပ္ပာယ်ဖွင့်ဆိုချက် ပုဒ်မခွဲ ၉ ခုကို ဖြည့်စွက်ပြီး ပုဒ်မခွဲ ၃ ခု၊ ပုဒ်မခွဲငယ် ၈ ခု ပါဝင် သည့် အခန်း ၁၀၊ ကိုယ်ရေးဆိုင်ရာ အချက်အလက် ကာကွယ်ခြင်းဟူသည့် အခန်း ၁ ခု၊ ဆိုက်ဘာ လုံခြုံရေးပိုင်းဆိုင်ရာ ပုဒ်မခွဲ ၅ ခုကို ထပ်တိုး ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပြင်ဆင်လိုက်သည့် ဥပဒေပုဒ်မများထဲတွင် ကိုယ်ရေးအချက်အလက်များကို ကာယကံရှင်၏ ခွင့်ပြုချက် မရရှိဘဲ ဖွင့်ချခံရခြင်း၊ ဖြန့်ဝေခံရခြင်းအပြင် နိုင်ငံတော်နှင့်ပတ်သတ်၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ တိုက်ခိုက်ခံရခြင်းများ ရှိပါ က ထောင်ဒဏ်အပြင် ငွေ ကျပ် သိန်း ၅၀ မှ သိန်း ၅၀၀ အထိ ပြစ်ဒဏ်ကျခံရမည် ဖြစ်ကြောင်း ကြီးလေးသည့် ပုဒ်မများ ကို ရေးသားပြင်ဆင်ထားသည်။
တရားလွှတ်တော်ရှေ့နေ ဒေါ်နှင်းနှင်းက “ကျမ မြင်တာကတော့ လက်ရှိနိုင်ငံရဲ့ အခြေအနေ အခင်းအကျင်းမှာ စစ်တပ် အသိုင်းအဝိုင်း၊ မိသားစုတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုလာကြတာ၊ လူထုက ဝိုင်းရှုတ်ချ ကဲ့ရဲ့ တာတွေ ရှိနေတယ်။ ဒါတွေကို ကာကွယ်ဖို့ တနည်းတဖုံ လုပ်သလားပေါ့။ ကျမ တဦးတယောက် အမြင်ကတော့ သူတို့ အတွက် ပုဂ္ဂိုလ်ရေးအတ္တနဲ့ ဒီဥပဒေကို ပြင်ဆင်တယ်လို့ပဲ မြင်တယ်” ဟု ပြောသည်။
ဥပဒေ၏ အခန်း(၁)၊ ပုဒ်မ (၂)၊ ပုဒ်မခွဲ (က) တွင် သတင်း အချက်အလက် ဟူသည့် စကားစုကို အဓိပ္ပာယ် ဖွင့်ဆိုရာတွင် အချက်အလက်၊ မူရင်းစာ၊ ပုံရိပ်သဏ္ဍာန်၊ အသံ၊ ဗီဒီယို၊ သင်္ကေတ၊ ဆော့ဖ်ဝဲအပြင် Application များပါ အကျုံး ဝင်ကြောင်း ပြင်ဆင်ထားသည်။
အဆိုပါ ပြင်ဆင်ချက်ကြောင့် ယနေ့ခေတ်တွင် နေ့စဉ် နိုင်ငံတဝှမ်းလုံး အသုံးပြုကာ သတင်း အချက်အလက် ဖတ်ရှုခြင်း၊ မျှဝေခြင်းများ ပြုလုပ်နေသည့် Facebook၊ Messenger Twitter၊ Instagram၊ Viber စသည့် Application များကို အသုံး ပြုပြီး အချက်အလက် မျှဝေခြင်း၊ သိမ်းဆည်းခြင်းများကိုလည်း တရားစွဲဆိုနိုင်မည်ဖြစ်ကြောင်း ဒေါ်နှင်းနှင်းက ပြောသည်။
ဆက်လက်၍ ၎င်းက “ဆိုရှယ်မီဒီယာတွေ အပါအဝင် သတင်းဌာနတွေရဲ့ Application တွေလည်း အကျုံးဝင်မှာပါ။ ကျမတို့ နိုင်ငံသားတွေ အတွက်ကတော့ ဒီဥပဒေကြောင့် လွတ်လပ်စွာ ပြောဆိုခွင့်တွေ ဆုံးရှုံးမှာပါ။ ဥပမာ သတင်းမီဒီယာတွေမှာ ဆိုရင်လည်း လူပုဂ္ဂိုလ် တဦးတယောက်အကြောင်း ခွင့်ပြုချက်မပါဘဲ ဖော်ပြရေးသားရင် တရားစွဲဆိုနိုင်တာမျိုး ဖြစ်လာနိုင် ပါလိမ့်မယ်” ဟု ဆိုသည်။
စစ်ကောင်စီမှ ထပ်မံဖြည့်စွက်လိုက်သည့် အခန်း(၁၀)၊ ကိုယ်ရေးဆိုင်ရာ အချက်အလက် ကာကွယ်ခြင်းတွင် တည်ဆဲ ဥပဒေ တရပ်ရပ်၏ ပြဋ္ဌာန်းချက်မှ ခွင့်ပြုမထားခြင်း၊ ကိုယ်ရေး အချက်အလက် ပိုင်ရှင်က ခွင့်ပြုထားခြင်း မရှိပါက တဦး တယောက် သို့မဟုတ် အဖွဲ့အစည်း တခုခုက အချက်အလက်များကို ဖွင့်ချခြင်း၊ ဖြန့်ဝေခြင်း၊ မိတ္တူကူးပွားခြင်း၊ သက်သေခံ အဖြစ် တင်သွင်းခြင်းများ မပြုရဟု ပါဝင်သည်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ထိန်းသိမ်း ထားရသူများသည်လည်း သက်ဆိုင်ရာ ဥပဒေမှ ပြဋ္ဌာန်းထားသည့် အတိုင်း နှစ်ကာလ အလိုက်သာ သိမ်းဆည်းရမည်ဖြစ်ပြီး ကာလကျော်လွန်ပါက ဖျက်ဆီး ပစ်ရမည်ဖြစ်ကြောင်း ရေးသား ထားသည်။
ခြွင်းချက်အနေဖြင့် တည်ဆဲဥပဒေ တရပ်ရပ်အရ ခွင့်ပြုချက်ရရှိခြင်း၊ အစိုးရဌာန၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ တရားဥပဒေ စိုးမိုးရေးအဖွဲ့ တခုခုက ၎င်းတို့၏ လုပ်ငန်းတာဝန် အသီးသီးအရ ပြုလုပ်မည်ဆိုပါက ရှာဖွေထောက်လှမ်းခြင်း၊ စုံစမ်း စစ်ဆေးခြင်း၊ သတင်းရယူခြင်း၊ တရားစွဲဆိုခြင်း၊ တရားရုံးတွင် သက်သေခံအဖြစ် တင်သွင်းနိုင်မည်ဟု အခန်း (၁၀) ၏ ပုဒ်မခွဲငယ်များတွင် ဖော်ပြထားသည်။
ထို့ပြင် ပြင်ဆင်လိုက်သည့် ပုဒ်မ ၃၈၊ ပုဒ်မခွဲ (က)တွင် ကိုယ်ရေး အချက်အလက်များကို သိမ်းဆည်းရသည့် တာဝန်ရှိသူ သည် ယခုဥပဒေပါ ပြဋ္ဌာန်းချက်များကို မလိုက်နာပါက တရားရုံးမှ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်လျှင် အနည်းဆုံး ထောင် ဒဏ် ၁ နှစ်မှ အများဆုံး ၃ နှစ်ထိဖြစ်စေ၊ ကျပ်သိန်း ၁၀၀ ထက် မပိုသည့် ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကို ဖြစ်စေ ချမှတ်ရမည်ဟု ဆိုသည်။
ပုဒ်မ ၃၈၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ (ဂ) တွင်လည်း ကာယကံရှင်၏ ခွင့်ပြုချက် မရှိဘဲ ကိုယ်ရေး အချက်အလက်များ ဖွင့် ချခြင်း၊ ဖြန့်ဝေခြင်း၊ အများပြည်သူ အထိတ်တလန့် ဖြစ်စေရန်၊ အယုံအကြည်နှင့် အကြည်ညို ပျက်စေရန်၊ အသင်းအဖွဲ့ကွဲ စေရန် သတင်းတု၊ သတင်းမှား ပြုလုပ်ဖန်တီးခြင်းများ ပြုလုပ်ကြောင်း တရားရုံးက ဆုံးဖြတ်ပါက အနည်းဆုံး ထောင်ဒဏ် ၁ နှစ်မှ အများဆုံး ၃ နှစ်ထိ ဖြစ်စေ၊ ကျပ်သိန်း ၅၀ ထက် မပိုသည့် ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကို ဖြစ်စေ ချမှတ်ရ မည်ဟု ရေးသားထားသည်။
ပုဒ်မ ၃၈၊ ပုဒ်မခွဲ (ဃ)တွင်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုး မိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ခြိမ်းခြောက် နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ဆိုက်ဘာ အရင်း အမြစ်ကို တိုက်ခိုက်ခြင်းများ ပြုလုပ်ပါက အနည်းဆုံး ထောင်ဒဏ် ၂ နှစ်မှ အများဆုံး ၅ နှစ်အထိ ဖြစ်စေ၊ ကျပ်သိန်း ၃၀၀ ထက် မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကို ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။
ပြစ်ဒဏ် အကြီးမားဆုံး ပုဒ်မဖြစ်သည့် ပုဒ်မ ၃၈၊ ပုဒ်မခွဲ (င) တွင် မည်သူမဆို နိုင်ငံတော်နှင့် အခြားနိုင်ငံတို့၏ ဆက်ဆံရေး ကို ထိခိုက်ပျက်ပြားစေရန်၊ အခြားနိုင်ငံတခုခု၏ အကျိုးစီးပွား၊ နိုင်ငံတော်နှင့် အခြားနိုင်ငံများအကြား ပူးပေါင်းဆောင် ရွက်နေသည့် လုံခြုံရေးအရ လျှို့ဝှက်ထားသည့် ဆိုက်ဘာ အရင်းအမြစ်များကို ခွင့်ပြုချက် မရှိဘဲ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားခြင်း၊ ခွင့်ပြုထားသည်ထက် ပိုအသုံးပြုခြင်း ပြုလုပ်ပါက ဆိုက်ဘာတိုက်ခိုက်မှုကို ကျူးလွန်ကြောင်း မှတ်ယူမည်ဟု ဆိုသည်။
ထိုသို့ ဆိုက်ဘာတိုက်ခိုက်မှု ကျူးလွန်သည်ဟု မှတ်ယူခံရကာ တရားရုံးကလည်း ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ပါက ထို သူကို အနည်းဆုံး ၃ နှစ်မှ အများဆုံး ၇ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၅၀၀ ထက်မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်စလုံးကို ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီမှ ယခုကဲ့သို့ ပြင်ဆင်လိုက်သည့် ဥပဒေသည် ၂၀၀၄ ခုနှစ်က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြဋ္ဌာန်းခဲ့သည့် ဥပဒေ ဖြစ်သည်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းပြီးသည့် ၁၆ ရက်အတွင်း ဥပဒေ ၅ ခုကို ပြင်ဆင်ဖြည့် စွက်ခြင်းများ ပြုလုပ်သည့်အပြင် နိုင်ငံသားများ၏ အခြေခံရပိုင်ခွင့်၊ လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်း ၎င်း အုပ်ချုပ်နေစဉ် ကာလအတွင်း ရပိုင်ခွင့် မရှိကြောင်း ရုတ်သိမ်းထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း ၄၊ ဥပဒေပြုရေးပါ ပြဋ္ဌာန်းထားချက်များအရ ဥပဒေတရပ်ကို ပြဋ္ဌာန်းမည်ဆိုပါက ဥပဒေ ကြမ်းကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့တွင် စတင် တင်သွင်း ဆွေးနွေးပြီးမှ အတည်ပြုရန် ဆုံးဖြတ်ရမည် ဖြစ်သည်။
လွှတ်တော်နှစ်ရပ် သို့မဟုတ် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုရန် ဆုံးဖြတ်ပြီးပါက နိုင်ငံတော်သမ္မတ၏ လက် မှတ် တောင်းခံကာ ဥပဒေကို အတည်ပြုရမည် ဖြစ်သည်။
ယခုအခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းသည်နှင့် တပြိုင်နက် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များကို လွှတ်တော်အစည်းအဝေး မကျင်းပနိုင်ရန် တားဆီး ပိတ်ပင်ခဲ့သည့်အပြင် ဖမ်းဆီးရန်လည်း တိုင်းဒေသကြီးနှင့် မြို့နယ် အသီးသီးမှ ရဲတပ်ဖွဲ့များက ဝရမ်းများ ထုတ်ထားသည်။
စစ်ကောင်စီက ၎င်းအနေဖြင့် ပြင်ဆင်ပြဋ္ဌာန်းသည့် ဥပဒေများမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံကို အရေး ပေါ် အခြေအနေ ကြေညာကာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍ ၃ ခုစလုံးကို ရယူထားချိန်တွင် ဥပဒေ၏ လုပ်ပိုင်ခွင့်အရ လုပ်ဆောင်ခြင်း ဖြစ်သည်ဟုလည်း ကြေညာထားသည်။
You may also like these stories:
လူထုကို အကြမ်းမဖက်ဘဲ အခြေခံအခွင့်အရေး ကာကွယ်ပေးဖို့ တရုတ်သံအမတ်ပြော
တရားစွဲခံရမှုအတွက် NLD ငှားရမ်းပေးသည့် ရှေ့နေကို ဒေါ်အောင်ဆန်းစုကြည် လက်ခံမည်