စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးမှာ အရေးပါတဲ့ လှုပ်ရှားမှုတခုအဖြစ် စစ်တပ်ရော၊ ရဲပါမကျန် ဌာနစုံက နိုင်ငံ့ဝန်ထမ်း အများ အပြားပါဝင်ခဲ့ကြတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)နဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စား ပြုကော်မတီ (CRPH)က ဇွန် ၁၃ ရက်နေ့မှာ “အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” တရပ်ကို ပြဋ္ဌာန်းလိုက်ပါတယ်။
ဒီဥပဒေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို တရားမျှတမှုရှာဖွေပေးဖို့၊ ကူညီပံ့ပိုးပေးဖို့ ရည်ရွယ်ချက်တွေနဲ့ ပြဋ္ဌာန်းခဲ့တာဖြစ်သလို CDM မှာ မပါဝင်ဘဲ အာဏာသိမ်းမှုကိုထောက်ခံတဲ့ စစ်ကောင်စီ လက်အောက်က Non-CDM ဝန်ထမ်းတွေကိုလည်း သက်ဆိုင်ရာ ကျူးလွန်မှုတွေအလိုက် တရားစွဲအရေးယူမယ့် အချက်တွေပါ ထည့်သွင်းထားပါတယ်။
ဒီလို CRPH က အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက် ရက်ပိုင်းဆို သလို မန္တလေးတိုင်း ညောင်ဦးမြို့နယ် ညောင်ပင်ကန်ရွာက အထက်တန်း ကျောင်းခွဲရဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့ ခင်ပွန်း အသတ်ခံခဲ့တာကို အကြောင်းပြုပြီး စစ်ကောင်စီရဲ့ သတင်းတွေက ဝါဒဖြန့်လာတာကို တွေ့ရပါတယ်။
ဒါကြောင့် စစ်တပ်အာဏာသိမ်းအပြီး လေးနှစ်ခွဲနီးပါးအကြာမှ ထွက်ပေါ်လာခဲ့တဲ့ CDM ဥပဒေနဲ့ ပတ်သက်လို့ လက်ရှိမှာ ထောက်ခံ သူတွေရှိသလို CDM မှာ မပါဝင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အရေးယူမယ်ဆိုတဲ့ ဒီမိုကရေစီစံနှုန်း၊ လူ့အခွင့်အရေး နဲ့မညီတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ပတ်သက်လို့ ကန့်ကွက်မှု၊ ထောက်ပြဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး သဘောထားအမြင်အချို့ကို ဧရာဝတီက မေးမြန်းထားပါတယ်။
ဦးသန်းလွင်ဦး (တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီ အလုပ်အမှုဆောင်ကော်မတီဝင်)

ဒီဥပဒေမှာ CDM တွေရဲ့ ပါဝင်လာမှု အခန်းကဏ္ဍကို ချီးမြင့်မှာ၊ မြှောက်စားမှာ၊ ဂုဏ်ပြုမှာကိုတော့ ခြွင်းချက်မရှိ ကြိုဆို တယ်၊ လက်ခံတယ်။ သို့သော် CDM မဝင်ထားတဲ့ Non-CDM တွေအားလုံးကို သိမ်းကျုံးပြီးတော့ အပြစ်ပေးအရေးယူမယ် ဆိုတဲ့ဟာမျိုးက ဒီဥပဒေရဲ့အနက်သဘောကို ပြန်ကြည့်လိုက်ရင် နိုင်ငံရေးအရ အမြတ်ထုတ်လိုတဲ့၊ CDM ကို ခုတုံးလုပ်ပြီး CDM ကို စေတနာရှိတာထက်၊ CDM အကျိုးကို ဦးတည်တာထက် ဒီအပေါ်မှာအခြေပြုပြီး နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ သဘောဆောင်တယ်လို့ ကျနော်တို့ ဆရာသမဂ္ဂတွေက ယုံကြည်တဲ့အတွက်ကြောင့် CDM တွေက နိုင်ငံရေးအသုံးချခံ အဖြစ် ကျနော်တို့ လက်မခံနိုင်ဘူး။ စလာတဲ့အချိန်မှာလည်း CDM တွေကို လစာပေးထားမယ်၊ ထောက်ပံ့ကြေးပေးထား မယ် စသဖြင့် ဒါပေမယ့် ဒီနေ့ဒီအချိန်မှာ CDM တွေ ရုန်းကန်နေရတဲ့အခြေအနေ အားလုံးလည်းသိတဲ့အတိုင်းပါပဲ။
အခု သုံးနှစ်ကျော်၊ လေးနှစ်တာကာလအတွင်းမှာ ပြန်ကြည့်လိုက်ရင် တော်လှန်ရေးအာဏာပိုင်အဖွဲ့အစည်းရဲ့ နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍဟာ သူတို့ရဲ့ စွမ်းဆောင်ရည် (Capacity)ပိုင်းတွေမှာ မေးခွန်းထုတ်စရာတွေ ဖြစ်လာတယ်၊ ပြဿနာ တွေ ရှိလာတယ်။ ဒါတွေကို ပြန်ပြီးအဖက်ဆယ်ဖို့၊ ပုံရိပ်တင်ဖို့ လုပ်ဆောင်လာတာလို့ မြင်တဲ့အတွက် ကျနော်တို့ ကန့်ကွက်တယ်။ တနည်းအားဖြင့် CDM တွေကို အသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားတယ်ဆိုတာတော့ ကျနော် တို့က ယုံကြည်တယ်။ နောက်တခုက ပြန်ကြည့်ရင် ဒီကာလအတွင်းမှာ ဖော်ဆောင်သင့်သေးတဲ့ ဥပဒေတခုလို့လည်း မမြင်သေးဘူး။ ဥပဒေတခုကို လုပ်မယ်ဆိုရင် ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်၊ ဘက်ပေါင်းစုံထောင့်စုံက အကွက်စေ့ နေအောင်စဉ်းစားရမယ်။ ဥပဒေတခုဟာ ရေတိုထက်စာရင် ရေရှည်မှာဖြစ်လာမယ့် လူ့အဖွဲ့အစည်းတခုလုံးနဲ့ အနာဂတ်နိုင်ငံမှာ ဖြစ်လာမယ့် အကျိုး ဆက်တွေအားလုံးကို ပြန်စဉ်းစားဖို့လိုအပ်တယ်။
ဦးကျော်နီ (NUG အလုပ်သမားဝန်းကြီးဌာန၊ ဒုတိယဝန်ကြီး)

ဒီဥပဒေက Non-CDM အရေးယူရေးဥပဒေ မဟုတ်ဘူး။ CDM နိုင်ငံ့ဝန်ထမ်းတွေကို ဘယ်လိုမျိုးသဘောထားပြီး ဘယ်လို မျိုးတွေ ကုစားပေးရမလဲ ဆိုတာမျိုးတွေပါ၊ အနာဂတ်မှာ နိုင်ငံ့ဝန်ထမ်း CDM တွေ ပါဝင်မှုအခန်းကဏ္ဍ၊ ဒါတွေကို ဘယ်လို မျိုး ချီးမြှောက်ရမလဲ၊ ဒီဟာတွေကို အဓိကရေးတာပါ။ ဥပဒေရေးပြီဟေ့ဆိုရင် ဆက်စပ်မှုဆိုတာ ရှိပါတယ်။ ဆက်စပ်တဲ့ အကြောင်းအရာတွေလည်း ထည့်ရတာပေါ့။
CDM ဆိုတာပါလို့ရှိရင် Non-CDM ဆိုတာလည်းပါပါတယ်။ Non-CDM တွေကိုရော ဘယ်လိုသဘောထားမလဲဆိုတာ ဥပဒေရဲ့ သဘောသဘာဝအရ ပါပါတယ်။ အဲဒီတော့ Non-CDM တွေနဲ့ပတ်သက်လို့ရှိရင် ဒီလိုမျိုးတွေတော့ အရေးယူ တာမျိုးတော့ရှိရမယ်။ သူတို့ရဲ့ ကုစားမှုတွေကိုလည်း ဒီလိုမျိုးတွေ ရှိရမယ်ဆိုပြီး အရေးယူခြင်းကဏ္ဍမှာ ထည့်ထားတာ။
ဒီဥပဒေမှာ တချက်ပြောချင်တာက CDM မလုပ်တဲ့ Non-CDMတွေတိုင်းကို အရေးယူမယ်လို့ ဥပဒေမှာ မရေးထားပါဘူး။ အခု စွပ်စွဲဝေဖန်နေကြတယ်ဆိုတဲ့ဟာက အခြေခံအချက်မှာကိုက လွဲမှားနေတယ်လို့ ပြောချင်ပါတယ်။ Non-CDMတိုင်းကို ဥပဒေအရ တရားစွဲဆို အပြစ်ပေးဖို့ဆိုတဲ့ဟာ ဒီဥပဒေမှာမပါပါဘူး။ သူတို့ရဲ့ သက်ဆိုင်တဲ့ ကျူးလွန်တဲ့ပြစ်မှုအပေါ် မူတည် ပြီး အရေးယူဖို့ဆိုတာသာပါတာပါ။
ယေဘူယျ ဥပဒေသဘောတရားတခုကလည်း ပြစ်မှုကျူးလွန်ရင် ဘယ်သူမဆို အရေး ယူခံရမှာပါ။ သို့သော် ဒီဟာက CDM ဥပဒေဖြစ်တာကြောင့် CDM နဲ့ သက်ဆိုင်တဲ့၊ Non-CDM တွေဆိုရင်လည်း ဘယ်လိုမျိုး ကျူးလွန်မှုတွေကို ဘယ်လို အရေးယူရမယ်ဆိုတာက သူတို့နဲ့သက်ဆိုင်တဲ့ပြစ်မှုအလိုက် အရေးယူဖို့ဆိုတာကို NUCC ရဲ့ ပေါ်လစီမှာလည်း ချမှတ်ထား ပါတယ်။ အဲဒီပေါ်လစီနဲ့အညီလည်း ဒီဥပဒေက ရေးဆွဲထားတာဖြစ်တယ်။ ကျနော်အဓိကပြော ချင်တာကတော့ CDM မလုပ်လို့ Non-CDM တွေ အရေးယူတယ်ဆိုတာက မဟုတ်ပါဘူး။
မချစ်ဆိုင်း (Fortify Rights လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေး တာဝန်ခံ)
စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာခဲ့တဲ့ အရေးပေါ်အခြေအနေထဲမှာ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့သူတွေကို ဂုဏ်ပြု တာ၊ အကာအကွယ်ပေးတာတွေအနေနဲ့ ဒီဥပဒေချမှတ်တဲ့ဟာက ကောင်းမွန်တဲ့အရာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဥပဒေထဲမှာ CDM မပြုလုပ်တဲ့သူတွေ၊ စစ်ကောင်စီလက်အောက်မှာ ဝန်ထမ်းဆက်လုပ်နေတဲ့သူတွေ၊ အာဏာသိမ်းပြီးမှ ဝန်ထမ်းဝင် လုပ်တဲ့သူတွေကို အသိအမှတ်မပြုတော့ဘူးတို့၊ ပြီးရင် ဘာလို့လုပ်ခဲ့တယ်ဆိုတာ ပြည်သူတွေကို ပြန်တောင်းပန်ရမယ် ဆိုတဲ့ ဟာတွေကတော့ လူ့အခွင့်အရေးနဲ့ရော၊ ဒီမိုကရေစီစံနှုန်းတွေနဲ့ ပြန်ကြည့်မယ်ဆိုရင် မကိုက်ညီဘူးလို့ ပြောချင်ပါ တယ်။
CDM မလုပ်သူတွေထဲမှာ ခြိမ်းခြောက်ခံထားရသူတွေ ရှိနိုင်တယ်။ မိသားစုတာဝန်တွေ၊ အသက်မွေးဝမ်းကျောင်းအတွက် မဖြစ်မနေ ဆက်လက်အလုပ်လုပ်နေရတဲ့သူတွေ မျိုးစုံရှိနိုင်ပါတယ်။ သူတို့မှာလည်း အခြေအနေအရပ်ရပ်နဲ့ ဒုက္ခမျိုးစုံရှိနိုင် တာကို နားလည်ပေးဖို့လိုအပ်တယ်။ ဒါကို နားလည်မပေးဘဲ အပြစ်မြင်တယ်ဆိုရင် ရှေ့ကိုပြန်လည်သင့်မြတ်ရေးအနေနဲ့ ပြန်ကြည့်မယ်ဆိုရင်လည်း သူတို့ကို ထပ်ပြီးအကျပ်အတည်းပေးသလို ဖြစ်နေတယ်လို့ မြင်ပါတယ်။ ဒီဥပဒေကို ဒီမိုကရေ စီစံနှုန်းတွေ၊ လူ့အခွင့်အရေးကို အခြေခံပြီးတော့မှ ပြန်လည်ပြင်ဆင်သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။
အထူးသဖြင့် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေထဲမှာ ထိထိရောက်ရောက် တက်ကြွစွာ ပါဝင်ကျူးလွန်နေတဲ့သူတွေ နဲ့ အခြေအနေအမျိုးမျိုးကြောင့် မဖြစ်မနေ စစ်ကောင်စီလက်အောက်မှာ ဆက်အလုပ်လုပ်နေရတဲ့သူတွေကြားထဲ နှစ်ခုကို ခွဲခြားသတ်မှတ်ပြီးမှ ပြစ်ဒဏ်ချမှတ်သင့်ပါတယ်။ တရားမျှတမှုအကြောင်း ပြောမယ်ဆိုရင် ကျူးလွန်သူတဦးချင်းစီအပေါ် မှာပဲ အခြေခံသင့်ပြီး အုပ်စုလိုက် ပြစ်ဒဏ်ချမှတ်တဲ့ဟာကို ရှောင်ရှားခိုင်းစေချင်တာပါ။
ဗိုလ်ကြီးဇင်ယော် (စစ်တပ် CDM)
ဒီဥပဒေကြောင့် အမှန်တိုင်းပြောရမယ်ဆိုရင် ဟိုဘက်မှာ တော်တော်လေးရိုက်ခတ်မှု ဖြစ်သွားတယ်။ တချို့တွေဆို ကျနော် တို့ တပ်တွင်းသတင်းပေးတွေရော၊ ဌာနဆိုင်ရာသတင်းပေးတွေကလည်း သက်ဆိုင်ရာ သူတို့သတင်းပေးတွေကို တချိန်ကျ ရင် သူတို့ ဒီသတင်းပေးတဲ့နည်းနဲ့ ကူညီခဲ့ပါတယ်ဆိုတာကို ပြောတဲ့ပုံစံမျိုးအထိ ဖြစ်လာကြတယ်။ တချို့တွေကျတော့ လည်း နောက်အစိုးရတက်လာရင် ငါတို့က အရေးယူခံရမှာဖြစ်တဲ့အတွက် လက်ရှိ အကြမ်းဖက်စစ်အစိုးရကိုလည်းပဲ ထောက်ခံရမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်၊ သုံးပိုင်းကွဲသွားတဲ့ အနေအထားမျိုး၊ တော်တော်လေး တုန်လှုပ်ခြောက်ခြားမှုတွေ ဖြစ်သွားတယ်လို့ ကျနော်တို့ သတင်းရင်းမြစ်တွေကနေ ကြားသိရပါတယ်။
ဦးစည်သူမောင် (CRPH အဖွဲ့ဝင်)

ဒီဥပဒေက လက်စားချေအရေးယူရေး မဟုတ်ပါဘူး။ CDM လုပ်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေအပေါ်မှာ ကျနော်တို့က ဂုဏ်ပြုချီးမြှောက်ဖို့အတွက် ပိုပြီးဦးတည်တာပါ။ CDM မလုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အရေးယူတယ်ဆိုတဲ့နေရာမှာ ဥပဒေနဲ့အညီဆိုတာပါပါတယ်။ ဒီနေရာမှာ စိစစ်တဲ့အဆင့်မှာ ပြုလုပ်မှု၊ ပျက်ကွက်တာတွေအပေါ်မှာ အရေးယူတယ်ဆိုပြီး တော့ ဥပဒေရဲ့သဘောမှာ ဖော်ပြထားတယ်။ ဆိုလိုတာက အကြမ်းဖက်စစ်အုပ်စုရဲ့ နိုင်ငံတော်ပုန်ကန်မှုမှာ ပူးပေါင်းဆောင် ရွက်ခဲ့တာ၊ ထောက်ခံတာ၊ ပူးပေါင်းဆောင်ရွက်တဲ့ သူတို့ရဲ့အဆင့်တွေအပေါ်မှာ အရေးယူဆောင်ရွက်မှုက တူညီနိုင်မယ် တော့ မထင်ဘူး။ ဥပဒေသဘောမှာက အသနားခံစာ တင်ပြနိုင်တယ်ဆိုတာကနေစလို့ ကော်မရှင်ဖွဲ့ပြီး တာဝန်လုပ်ပိုင်ခွင့် တွေ၊ ဖွဲ့စည်းတဲ့ပုံသဏ္ဍာန်တွေပါ ရေးထားတယ်။ လက်စာချေအရေးယူရေးမဟုတ်ဘဲ အမှန်တရားနဲ့ တရားမျှတမှု ပြန်လည် ရှာဖွေဖော်ထုတ်ခြင်းဆိုတာမျိုး အပိုဒ်တခုနဲ့ ဖော်ပြထားတာလည်း ရှိပါတယ်။
You may also like these stories:
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်
ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ














