မြန်မာစစ်တပ်၏ ဝါဒဖြန့်လမ်းကြောင်းများဖြစ်သည့် Telegram ချန်နယ်များတွင် ဇွန်လ ၁၉ ရက်၌ ကျရောက်သော အကျဉ်းစံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ နှစ်မြောက်မွေးနေ့ကို အမှတ်တရ ပြုလုပ်ရန် “ပန်းသပိတ်နှင့် အပြာရောင်အင်္ကျီ ဝတ်ဆင်မှုများအား စောင့်ကြည့်ဖမ်းဆီးရန် လှုံ့ဆော်ကြသည်။
ထိုသို့ ဆိုရှယ်မီဒီယာတွင် လှုံ့ဆော်ခြင်းသည် စစ်အာဏာသိမ်းပြီးကတည်းက အကျဉ်းချခံထားရသော်လည်း လူထု ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိနေသူ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဗိုလ်ချုပ်များက ကြောက်ရွံ့နေကြကြောင်း ဖော်ပြချက်ဖြစ်ကြောင်း လူအများက ယုံကြည်ကြသည်။
အသက် ၈၀ အရွယ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်သည် ၁၉၈၉ ခုနှစ်မှ စတင်ရေတွက်လျှင် ယခုအခါ သူသည် စတုတ္ထမြောက် အကျဉ်းကျခံနေရသည်။ သူ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရကို ဖြုတ်ချခဲ့သည့် ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိန်းသိမ်းခံခဲ့ရသည်။ စစ်ကောင်စီက သူ ငြင်းဆိုထားသည့် မတရားစွဲချက်များဖြင့် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့ပြီး နောက်ပိုင်းတွင် သူ့အား မိသားစုနှင့် ရှေ့နေအဖွဲ့တို့နှင့် မတွေ့ဆုံရန် တားမြစ်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ခေါင်းဆောင်များ ထားရှိနေဆဲဖြစ်သည့် “Suu Kyi-phobia” ကြောက်ရွံ့သော သဘောထားသည် အထူးအဆန်းတော့ မဟုတ်ခဲ့ပေ။ ယခင် စစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ် ၁၉၉၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော စစ်ဌာနချုပ်၌ တုန်လှုပ်ချောက်ချားစေသည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး၏ ဖြစ်ရပ်က အမှတ်ရစရာဖြစ်သည်။
ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်ရှိ အင်းလျားကန်ဘေးအိမ်တွင် ပထမအကြိမ် အိမ်အကျယ်ချုပ်ချခံနေရပြီး အသက် ၄၉ နှစ်မြောက်မွေးနေ့အတွက် ကိတ်မုန့်ငယ်တလုံးကို ဖုတ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ထောက်လှမ်းရေး (MI) ရုံးသို့ ပေးပို့ခဲ့သည်။
ပုံမှန်အားဖြင့် မွေးနေ့ကိတ်ဆိုသည်မှာ ကိတ်တလုံးသာဖြစ်သည်။ သို့သော် စန္ဒရားတီးခြင်း၊ ခြံထဲလမ်းလျှောက်ခြင်း၊ စာဖတ်ခြင်းမှသည် ခင်ပွန်းသည် မိုက်ကယ်အဲရစ်မှ ပေးပို့သော အေရိုးဘစ်ဗီဒီယိုနှင့် အခြားပစ္စည်းများထိ ဒေါ်အောင်ဆန်းစုကြည်၏ အပြုအမူအားလုံးကို စဉ်ဆက်မပြတ် စောင့်ကြည့်နေသော MI အတွက်မူ ကိတ်တလုံး ရောက်လာခြင်းသည် မဟာ့မဟာ အရေးတကြီးကိစ္စဖြစ်သည်။ သာမန်မဟုတ်တော့။
အဆိုပါကိတ်မုန့်တွင် “အကျဉ်းချထားသူ အားလုံးကို အမြန်ဆုံးလွှတ်ပေးပါ” ဟု ရေးသားထားသည်ကလည်း ပါဝင်ခဲ့သည်။ ထိုစာသားကြောင့် စစ်ခေါင်းဆောင်များအကြား တုန်လှုပ်သွားခဲ့ကြသည်။
ထိုအချိန်က NLD ပါတီခေါင်းဆောင်များဖြစ်သော ဦးတင်ဦး၊ ဦးကြည်မောင်၊ ဦးဝင်းတင်နှင့်အတူ စာရေးဆရာများ၊ သတင်းထောက်များ၊ အနုပညာရှင်များ၊ ဘုန်းတော်ကြီးများ၊ ကျောင်းသားများနှင့် ဒီမိုကရေစီကို တောင်းဆိုသူ ပြည်သူများအများအပြားကို စစ်တပ်က ဖမ်းဆီးထားခဲ့သည်။ ထိုသူများအနက် တချို့မှာ ထောင်အတွင်း နှိပ်စက်ခံရခြင်း၊ ဆေးကုသမှုပေးခြင်း မရှိခြင်းကြောင့် သေဆုံးသွားခဲ့ကြသည်။
ထိုအချိန် ဒေါ်အောင်ဆန်းစုကြည်အား စောင့်ကြည့်ရန် တာဝန်ရှိသည့် MI ဒုဗိုလ်မှူးကြီးသန်းထွန်းသည် ကိတ်မုန့်ကို ထိပ်တန်း MI ခေါင်းဆောင်များထံ ယူဆောင်သွားကြောင်း ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးဝင်းနိုင်သောင်းရေးသားသော အတိတ်ကို တူးဖော်ခြင်း စာအုပ်၌ ဖော်ပြထားသည်။
ထိုမှတ်တမ်းတွင် ကိတ်မုန့်အား မည်သူ လက်ခံစစ်ဆေးခဲ့ကြောင်း တိတိကျကျ မဖော်ပြထားသော်လည်း ထိုကာလက ထိပ်တန်းခေါင်းဆောင်များဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ပါဝင်ကြောင်း ခန့်မှန်းနိုင်သည်။
ဗိုလ်မှူးဝင်းနိုင်သောင်းသည် ထိုအချိန်က စစ်ဌာနချုပ်တွင် မရှိကြောင်း၊ နှစ်လအကြာမှ ရောက်သွားသောအခါ စီနီယာဝန်ထမ်းများက ထိုအဖြစ်အပျက်ကို ပြန်လည်ပြောပြကြောင်းရေးသားထားသည်။
ထိုဝန်ထမ်းများက “ကိတ်မုန့်ကို ထိပ်တန်းခေါင်းဆောင်များအား ပြပြီးနောက် အောက်ထပ်သို့ ပြန်ဆင်းလာကာ ဝန်ထမ်းများအကြား ဝေမျှပြီး စားသုံးခဲ့ကြသည်။ အလွန်အရသာရှိခဲ့သည်” ဟု ပြောကြားကြကြောင်း ဖော်ပြထားသည်။
ထောက်လှမ်းရေးအစီရင်ခံစာများကို ခွဲခြမ်းစိတ်ဖြာပြီး အထက်အရာရှိများထံ အချိန်နှင့်တပြေးညီ သတင်းပေးပို့ရန် တာဝန်ရှိသော ဗိုလ်မှူး ဝင်းနိုင်သောင်းက သေးငယ်သော်လည်း သမိုင်းဝင် ကိတ်မုန့်ကို မြည်းစမ်းခွင့် လက်လွတ်သွားကြောင်း ရေးသားခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Maung Kavi ၏ On Daw Aung San Suu Kyi’s Birthday, Recalling the Cake That Rattled the Junta ကို ဘာသာပြန်သည်။)
You may also like these stories:
အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း
ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်
ဒေါ်အောင်ဆန်းစုကြည်ဟာ အနှောင်အဖွဲ့ရဲ့သင်္ကေတ ဖြစ်လာတယ် (ရုပ်/သံ)














