မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို စစ်ကော်မရှင်က တောင်းခံနေကြောင်း သိရသည်။
အဆိုပါ တောင်းခံစာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တောင်းခံလာသည့်အခါ အချိန်မီ တင်ပြနိုင်ရေးအတွက် ဩဂုတ် ၁၅ ရက် နောက်ဆုံးထားပေးပို့ရန်ဟူ၍ ပါရှိသည်။
ကိုယ်ရေးအချက်အလက် ဟုဆိုရာ၌ ငယ်နာမည်မှစ၍ အသားအရာင်၊ ကိုယ်အလေးချိန်၊ ထင်ရှားသည့်အမှတ်အသား အစရှိသည်တို့အပြင် စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးခြင်းရှိ/မရှိ၊ တာဝန်ထမ်းဆောင်ခဲ့ပါလျှင် စစ်တပ်မှ ထွက်ခဲ့ သည့်အကြောင်းအရင်း၊ အငြိမ်းစား လစာ၊ လက်ရှိ အလုပ်အကိုင်၊ ဝင်ငွေ စသော အသေးစိတ် အချက်အလက်များကို ပေးပို့ရခြင်းဖြစ်ကြောင်း ကုန်သည်များက ပြောသည်။
ထို့ပြင် ယခုလုပ်ကိုင်နေသည့် အလုပ်အကိုင်အား ထောက်ခံပေးသူ၊ ယခင်လုပ်ခဲ့ဖူးသော အလုပ်အကိုင်များ၊ ရာထူး အဆင့်၊ ဌာန၊ နေရာ၊ ညီအစ်ကိုမောင်နှမများ၏ အမည်၊ လူမျိုး၊ ဇာတိ၊ အလုပ်အကိုင်၊ မိဘ၊ ခင်ပွန်း၊ ဇနီး၊ သားသမီး များ၏ အချက်အလက်များအပြင် မိဘ၊ ခင်ပွန်း၊ ဇနီး၊ ညီအစ်ကို မောင်နှမများသည် နိုင်ငံရေး ပါတီဝင်ရောက် ထားရှိ ခြင်း ရှိ/မရှိနှင့် ရှိပါက အသေးစိတ် ဖော်ပြပေးရန်တို့လည်း ပါဝင်သည်။
UMFCCI နှင့် နီးစပ်သည့် ကုန်သည်တဦးက “အရင်က ဒါမျိုး တောင်းခံတာ မရှိဘူး။ သူတို့ (စစ်ကော်မရှင်) ဘာ Data စုချင်လဲ မသိဘူး။ ကျနော့် အထင်တော့ တပ်ကလူတွေ ဒီဘက်မှာ ရှိနေလား မရှိနေလား သိချင်တာလားပေါ့။ မရှိရင် တပ်ကသူတွေ ဒီဘက်ကို ဖြည့်မလား ဒါလည်း စဉ်းစားစရာပေါ့။ ကုန်သည် စက်မှုအသင်းအဖွဲ့တွေက သူတို့ရဲ့ စီးပွား ရေး လည်ပတ်နေတဲ့ယန္တရားထဲ ပါဝင်နေတော့ ပိုမိုလည်ပတ်လို့ရအောင် သူတို့နဲ့ ပိုပြီးတော့ ဆက်ဆံရေး ကောင်း အောင်ဆိုပြီးတော့ သူတို့ရဲ့ စစ်မှုထမ်းဟောင်းတွေ အငြိမ်းစားတွေကို ဒီထဲများ ထည့်ချင်တာလား မသိဘူး” ဟု ဧရာဝတီ ကို ပြောသည်။
UMFCCI အသင်းချုပ်မှာ ၁၉၁၉ ခုနှစ်က ဗမာကုန်သည်ကြီးများအသင်းအဖြစ် စတင်တည်ထောင်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်ရှိ အသင်းတခုဖြစ်သလို လက်ရှိတွင် ညီနောင် အသင်းအဖွဲ့ပေါင်း ၈၃ သင်းရှိကြောင်း သိရသည်။
အသင်း ရည်ရွယ်ချက်မှာ ပုဂ္ဂလိကကဏ္ဍ ခိုင်မာအားကောင်းစေရန်နှင့် စီးပွားရေး မြင့်မားတိုးတက်ရန်၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ရန်၊ ပြည်တွင်း ပြည်ပစျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းများ ပိုမိုတိုးတက်စေရန်တို့ ဖြစ်ကြောင်း သိရသည်။
UMFCCI အသင်းအနေဖြင့် လွတ်လပ်သော ပုဂ္ဂလိကအသင်းအဖွဲ့ဟုဆိုသော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်တပ်ထိန်းချုပ်မှုအောက်၌ ရှိနေသောအဖွဲ့ဖြစ်သလို စစ်ကော်မရှင်၏ ညွှန်ကြားချက်များကို လိုက်လံဆောင်ရွက် ပေးရကြောင်း သိရသည်။
ယခုနှစ် ဇွန်လက စစ်ခေါင်းဆောင်သွားရောက်ခဲ့သော ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ပြုလုပ်ခဲ့သည့် စတုတ္တအကြိမ် မြောက် ဥရောပ- အာရှ စီးပွားရေးဖိုရမ် (EEF 2025 ) ခရီးစဉ်နှင့် ရုရှားနိုင်ငံ၊ ဘူရားတီးရား ခရီးစဉ်များတွင်လည်း ခရိုနီများနှင့်အတူ UMFCCI မှ လုပ်ငန်းရှင်တချို့ လိုက်ပါခဲ့ကြောင်း သိရသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း UMFCCI ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၆၄ ဦးကို စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့်ဟု ဆိုကာ အမည်ပျက်စာရင်းတင်သွင်းကြောင်း ၂၀၂၄ ခုနှစ် ဒီဇင် ဘာ ၂၄ ရက်က ထုတ်ပြန်ထားသည်။
You may also like these stories:
မြန်မာ့စီးပွားရေး ထိုးရပ်တော့မည်
တည်ငြိမ်ပြီး ဖွံ့ဖြိုးသော နိုင်ငံ့စီးပွားရေးကို ပဲ့ကိုင်ခဲ့ကြသူများ
ကုန်စျေးနှုန်းများ ထိုးတက်၊ အခြေခံပြည်သူများဘဝ ပိုမိုကျပ်တည်းလာ
စစ်ကောင်စီလက်အောက်က UMFCCI ခေါင်းဆောင်မှုသစ် ဘယ်လောက်စွမ်းသလဲ














