မြန်မာနိုင်ငံတွင် အကြီးဆုံးပုဂ္ဂလိကအသင်းအဖွဲ့တခုဖြစ်သော မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ၏ ဥက္ကဋ္ဌအသစ် နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် အသစ်များကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်နေ့တွင် အသင်းဝင် အသင်းသားများက မဲပေးကာ ပြန်လည်ရွေးချယ်ခဲ့ကြသည်။
ဥက္ကဋ္ဌ အသစ်အဖြစ် သူရိယဝင်းကုမ္ပဏီပိုင်ရှင် ဦးအေးဝင်းက ရွေးချယ်ခံခဲ့ရသည်။ သူသည် ဥက္ကဋ္ဌ ဟောင်း ဦးဇော်မင်းဝင်းလက်ထက်၌ UMFCCI အထွေထွေအတွင်းရေးမှူးချုပ်လုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။ ဦးအေးဝင်းသည် UMFCCI ၏ အတွေ့အကြုံရှိ အလုပ်အမှု ဆောင်အဖွဲ့ဝင်တဦးဖြစ်ပြီး သဘောထားပျော့ပျောင်းပြီး ဆွေးနွေးညှိနှိုင်းနိုင်စွမ်း ရှိသူတဦးဖြစ်အဖြစ် စီးပွားရေးလုပ်ငန်းရှင်များကြား နာမည်ကောင်းရသူဖြစ်သည်။ အဓိကအားဖြင့် ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်း၊ သွင်းကုန်အစားထိုးပစ္စည်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများကဲ့သို့သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်ကိုင်ခဲ့သူတဦးလည်း ဖြစ်သည်။
ထို့အပြင် ဒုဥက္ကဋ္ဌအသစ် ၇ ဦး အဖြစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဆက်သွယ်ရေး နှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး လုပ်ဆောင်ခဲ့သော ဦးသောင်းတင်(KMD ကုမ္ပဏီအုပ်စု)၊ ဦးရဲမင်းအောင် (ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ)၊ ဦးအေးထွန်း (မြန်မာနိုင်ငံအသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ) နှင့် ဒေါက်တာမျိုးသက်၊ ဒေါက်တာဝင်းစည်သူ၊ ဦးမြဟန်၊ ဦးဆန်းလင်း အစရှိသည့် စီးပွားရေးလုပ်ငန်းရှင်များက ရွေးချယ်ခံခဲ့ရသည်။
ယခုတကြိမ်တွင် အလုပ်အမှုဆောင်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် အဖြစ် ဒေါ်ခိုင်ခိုင်နွယ် ( အထည်ချုပ်လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး)က ရွေးချယ်ခံခဲ့ရပြီး UMFCCI စတင်တည်ထောင်ပြီး နှစ်ပေါင်း ၁၀၂ နှစ်အတွင်း ပထမဆုံးသော အမျိုးသမီးအထွေထွေအတွင်းရေးမှူး ဖြစ်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ကို ၁၉၁၉ ခုနှစ်က ရန်ကုန်မြို့၊ ရွှေဘုံသာလမ်း၌ စတင်ဖွဲ့စည်းခဲ့ပြီး ကိုလိုနီခေတ်၊ ဖဆပလ ခေတ်၊ လွတ်လပ်ရေးခေတ်၊ ဆိုရှယ်လစ်ခေတ် နှင့် ယခု ဒီမိုကရေစီခေတ် အစရှိသဖြင့် ခေတ် အဆက်ဆက် ဖြတ်သန်းခဲ့ကာ ယခုတွင် နှစ်ပေါင်း ၁၀၀ ကျော်နေပြီဖြစ်သည်။
လက်ရှိ UMFCCI အလုပ်အမှုဆောင်အဖွဲ့အသစ်တွင် ယခင်ကလို စီးပွားရေးလုပ်ငန်းရှင်ကြီးများကသာ လွှမ်းမိုးကြီးစိုးထားမှုကို ပိုမိုလျှော့ချလာနိုင်ခဲ့ပြီး အသက် ၅၀ တန်းအရွယ် အလယ်အလတ် စီးပွားရေး လုပ်ငန်းရှင်အများအပြားပါဝင်လာခဲ့မှုကို စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက ကြိုဆိုကြသည်။
အများစုသည် UMFCCI နှင့် သက်ဆိုင်ရာကဏ္ဍအလိုက်ဖွဲ့စည်းထားသော ညီနောင်အသင်းများတွင် အတွေ့အကြုံအတန်အသင့် ရှိသော စီးပွားရေးလုပ်ငန်းရှင်များလည်း ဖြစ်ကြသည်။
UMFCCI အလုပ်အမှုဆောင်သစ်အဖွဲ့ဝင်တဦးက “ အသင်းချုပ်က ခေတ်စနစ်ပေါင်း များစွာကို ဖြတ်သန်းလာခဲ့တဲ့အခါမှာ ကျနော်တို့ရဲ့ တခုတည်း တစိုက်မတ်မတ်ရပ်တည်ချက်ကတော့ ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြုမယ်၊ ပုဂ္ဂလိကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လုပ်မယ်။ အခုလည်း ကျနော်တို့က အဲဒီအတိုင်းပဲ ဆက်ပြီးတော့ သွားမှာ ဖြစ်ပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအခြေအနေများကြားထဲတွင် ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကြားတွင် အကျိုးစီးပွား ပဋိပက္ခများ မဖြစ်စေရေးနှင့် အကျပ်အတည်းများလျှော့ချနိုင်ရေးတို့ကို အဓိက လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
သို့သော်လည်း ပုဂ္ဂလိကနှင့် အစိုးရကြား ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုမ္ပဏီများ နှင့် ပြည်တွင်းလုပ်ငန်းရှင်များကို ချိတ်ဆက်လုပ်ဆောင်ပေးခြင်းစသည့် ကြားခံဆက်သွယ်ဆောင်ရွက်ပေးနေသော UMFCCI အနေဖြင့် ယခုလို နိုင်ငံရေးအရ တရားဝင်မှုမရှိ၊ ဈေးကွက်စီးပွားရေးစနစ်ကို အမိန့်ပေးထိန်းချုပ်နေသော စစ်ကောင်စီလက်အောက်တွင် စိန်ခေါ်မှုများ ရှိနေသည်။
” ကျနော်တို့က လွတ်လပ်တဲ့ စီးပွားရေးအသင်းအဖွဲ့ဖြစ်တယ်။ ဒီနေ့ ဒီအချိန်အထိလည်း ကျနော်တို့ကို ဘယ်သူကမှ လာပြီးတော့ လွှမ်းမိုးပြီး ဟိုဟာလုပ်ပေးပါ၊ ဒီဟာလုပ်ပေးပါဆိုပြီး မရှိသေးပါဘူး။ ပုဂ္ဂလိကလုပ်ငန်းတွေ ဆက်ပြီး လည်ပတ်နေဖို့ လုပ်ကိုင်တဲ့အခါမှာ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေ ၊ ကော်မတီတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေရတဲ့ အခြေအနေတော့ရှိပါတယ်”ဟု စစ်ကောင်စီနှင့် UMFCCI ကြား ဆက်ဆံရေးနှင့်ပတ်သက်ပြီး ၎င်းက ယခုလို ပြောဆိုသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍသည် ငွေကြေးဖောင်းပွနှုန်းမြင့်တက်ခြင်း၊ လျှပ်စစ်မီး အလုံအလောက်မရရှိခြင်း၊ လောင်စာဆီဈေးနှုန်းမြင့်တက်နေခြင်း တို့အပြင် အနောက်နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်ပိတ် ဆို့မှုစသည့် အကျပ်အတည်းများလည်း ရှိနေသည်။
ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများတွင် ငွေသားပြတ်တောက်ခြင်း၊ ချေးငွေ နှင့် အခြားအကြွေးများ ပြန်လည်ပေးဆပ်ရခြင်း တို့အပြင် မသေချာမရေရာဖြစ်နေသော စီးပွားရေးပတ်ဝန်းကျင်တွင် ဆက်လက်လည်ပတ်မည့် ကုမ္ပဏီများ အလွန်နည်းပါးလာပြီး လုပ်ငန်းပိတ်သိမ်းခြင်းကို ရွေးချယ် စရာတခုအဖြစ် ထည့်သွင်းစဉ်းစားလာနေကြကြောင်း ပြီးခဲ့သည့် စက်တင်ဘာလက ထွက်ရှိထားသော ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးလုပ်ငန်းများကို ကောက်ယူထားသော စစ်တမ်းတခုက ဆိုထားသည်။
ကမ္ဘာ့ဘဏ်စစ်တမ်းအရ လယ်ယာစိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု ၊ ဝန်ဆောင်မှုနှင့် လက်လီလက်ကားကဏ္ဍတို့တွင် လယ်ယာ ကဏ္ဍ၏ လုပ်ငန်းလည်ပတ်နိုင်မှုသည် အခြားကဏ္ဍများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံးကဏ္ဍ ဖြစ်နေရာ ၅၃ ရာခိုင်နှုန်းသာ လုပ်ငန်းလည်ပတ်နိုင်ပြီး ၂၀ ရာခိုင်နှုန်းမှာ ကုန်ကျစရိတ်မြင့်တက်ခြင်း နှင့် ပဋိပက္ခများ တိုးမြင့်လာခြင်းတို့ကြောင့် ယာယီ ရပ်ဆိုင်းထားရသည်။
ထို့အပြင် လုပ်ငန်းအများစုမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ ကျပ်ငွေတန်ဖိုးမတည်ငြိမ်ခြင်း၊ ဝယ်လိုအားကျဆင်းခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးများ အကန့်အသတ်ရှိလာခြင်းတို့က အဓိက စိန်ခေါ်မှုများအဖြစ် ကြုံတွေ့နေရပြီး အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေ လဲလှယ်ရာတွင် ငွေတန်ဖိုးကျဆင်းနေသည့်အတွက် လုပ်ငန်းလုပ်ကိုင်ရာတွင် အနုတ်လက္ခဏာဆောင်သည့် သက်ရောက်မှုများနှင့် ရင်ဆိုင်နေရသော လုပ်ငန်းပေါင်းမှာ ၄၈ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရသည်။
ပို့ကုန်လုပ်ငန်းရှင်တဦးက “လက်ရှိအခြေအနေမှာတော့ သူတို့တွေတော်တော်လေး လုပ်ရကိုင်ရမှာက ခက်ခဲမှာပဲ။ အရင်လို အခြေအနေမှ မဟုတ်တာ လွယ်တာတော့ မလွယ်ဘူး။ စီးပွားရေးသမားဆိုတာက မလုပ်လို့လည်း မရဘူးလေ၊ တချို့ဆိုရင် ဝန်ထမ်းတွေက ထောင်ချီရှိတာ ဝန်ထမ်းလစာပေးဖို့ကိုပဲ မနည်း ရုန်းကန် နေကြရတာ။ အဲဒီတော့ သူတို့တွေလည်း ဒီမလွယ်တဲ့ ကြားထဲကနေ ရှင်သန်ဖို့အတွက် ရုန်းကန်ကြရမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ဗဟိုဘဏ်၏ ပို့ကုန်ရငွေ ၁၀၀ ရာခိုင်နှုန်းကို သတ်မှတ်နှုန်းထားဖြင့် လဲလှယ်ခိုင်းသည့် ကိစ္စရပ်ကို ၆၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သလို ပို့ကုန်သွင်းကုန်လိုင်စင်များအပေါ် ကန့်သတ်ထားမှုတချို့ကိုလည်း UMFCCI က စစ်ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့သည့် သာဓကများ ရှိကြောင်း ၎င်းက ဆိုသည်။
သို့သော်လည်း တိုင်းပြည်၏ စီးပွားရေးအပြင် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင် အများစု ဖြစ်သည့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်သော နိုင်ငံရေးအခြေအနေ ရှိနေရန် လိုအပ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ဆိုကြသည်။
မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်သူတဦးက “ကျမတို့ သတိထားမိတာက အာဏာသိမ်းပြီးချိန်မှာ ခရိုနီ အသစ်တွ ပေါ်လာတယ်။ မင်းအောင်လှိုင် သားသမီးတွေအပါအဝင် အခုလက်ရှိအာဏာသိမ်း အုပ်စုနဲ့ ရင်းနှီးတဲ့သူတွေက ရင်းနှီးမြှုပ်နှံထားပြီး နောက်ကနေ ရှဲဒိုးလုပ်ထားတဲ့ စီးပွားရေး လုပ်ငန်းတွေ ရှိလာတယ်။ အခု အာဏာသိမ်းတာက နိုင်ငံရေးအရ စစ်တပ်အာဏာတည်မြဲရေးအတွက်သာမက သူတို့ရဲ့ ပိုမိုကြီးထွား အတောမသတ်နိုင်တဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေကို ပိုမို ခိုင်မြဲချုပ်ကိုင်ဖို့ ဆိုတဲ့ စီးပွားရေး အကျိုးစီးပွား interest အကြီးကြီးပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံရေးအရ တရားဝင်မှုမရှိသော စစ်ကောင်စီလက်အောက်တွင်နှင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေး မဆို ထားနှင့် ပုံမှန်စီးပွားရေး ပြန်လည်လည်ပတ်အောင် လုပ်နိုင်ရန်ပင် လတ်တလောအခြေအနေများအရ မဖြစ်နိုင်ကြောင်း၊ မက်ခရိုစီးပွားရေးတည်ငြိမ်မှုရှိရန် တော်ရုံတန်ရုံ နိုင်ငံရေးတည်ငြိမ်မှု၊ နိုင်ငံရေးတရားဝင်မှုရှိ သော အစိုးရများလက်အောင်တွင်ပင် လွယ်လွယ်လုပ်ဆောင်၍ မရကြောင်းလည်း ၎င်းက ပြောဆိုသည်။
အမှန်တကယ်တွင်လည်း UMFCCI ၏ အရေးပါမှုမှာ မြန်မာ့နိုင်ငံရေး ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလ ဦးသိန်းစိန်အစိုးရလက်ထက် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အရပ်သား အစိုးရလက်ထက်တို့တွင်သာ ရှိခဲ့သည်။
ယင်းအချိန်ကာလက နိုင်ငံ့စီးပွားရေး နှင့် ပုဂ္ဂလိကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးများအတွက် အစိုးရနှင့် လုပ်ငန်းရှင်များကြား ထိတွေ့ဆက်ဆံမှုများ ပိုများခဲ့ပြီး သက်ဆိုင်ရာ ဥပဒေနှင့် မူဝါဒများ ပြင်ဆင်ပြောင်းလဲရေးကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့သလို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ယန္တရားများလည်း ပိုမိုအားကောင်းခဲ့သည်။
ကမ္ဘာ့နိုင်ငံအများအပြား စီးပွားရေးကျဆင်းခဲ့သာ ကိုဗစ်ကာလမှာပင် NLD အစိုးရ နှင့် UMFCCI တို့၏ ဟန်ချက်ညီညီလုပ်ဆောင်နိုင်မှုကြောင့်လည်း တိုင်းပြည်စီးပွားရေးကျဆင်းမှုကို တောင့်ခံနိုင်ခဲ့သလို ကိုဗစ်အလွန် စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးများအတွက် ရေတို၊ ရေရှည် မူဝါဒများ ရေးဆွဲ ချမှတ်နိုင်ခဲ့သည်။
ထိုအရာများအားလုံးသည် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ပျက်စီးသွားခဲ့ပြီးဖြစ်သလို စီးပွားရေး ပုံမှန်လည်ပတ်နိုင်ရေးကိုပင် စီးပွားရေးလုပ်ငန်းများက အသေအလဲ ရုန်းကန်နေကြရသည်။
ဈေးကွက်စီးပွားရေးစနစ် အားလျော့လာပြီး အမိန့်ပေးကန့်သတ်ထိန်းချုပ်သော စီးပွားရေးစနစ် အားကောင်းလာသော ယခုလိုကာလတွင် UMFCCI ၏ ခေါင်းဆောင်မှုအသစ်ဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်မှုများကို စောင့်ကြည့်ရမည် ဖြစ်သည်။
You may also like these stories:
မြန်မာ့စီးပွားရေး ထိုးရပ်တော့မည်
ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် နိုင်ငံခြားကားကုမ္ပဏီများ ရပ်ဆိုင်းလာ
ကုန်စျေးနှုန်းများ ထိုးတက်၊ အခြေခံပြည်သူများဘဝ ပိုမိုကျပ်တည်းလာ
တည်ငြိမ်ပြီး ဖွံ့ဖြိုးသော နိုင်ငံ့စီးပွားရေးကို ပဲ့ကိုင်ခဲ့ကြသူများ
အခြေခံ လူတန်းစားများ “ထမင်း မဝတော့ပါ”