ဆောင်းပါး

မြန်မာ့စီးပွားရေး ထိုးရပ်တော့မည်

စစ်အာဏာသိမ်းပြီးနောက် ယာယီရပ်ဆိုင်းခဲ့သော ရန်ကုန်မြို့လယ်ရှိ မီးရထားရုံးချုပ်ဟောင်း နေရာက ဆောက်လုပ်လက်စ ဟိုတယ်နှင့် အထပ်မြင့်အိမ်ရာ စီမံကိန်း ရိုးမစင်ထရယ် (Yoma Central) သည် ဗဟိုဘဏ်၏ နောက်ဆုံး ထုတ်ထားသော ညွှန်ကြားချက်များကြောင့် ထိုးရပ်ရတော့မည့် အနေအထားကြုံနေရပြီဖြစ်သည်။

ပြည်တွင်းဘဏ်စာရင်းများရှိ နိုင်ငံခြားကုမ္ပဏီများ၏ အမေရိကန် ဒေါ်လာကို ကျပ် ၁၈၅၀ နှုန်း ဖြင့် သိမ်းယူလိုက်ခြင်းနှင့် ပြည်တွင်းပြည်ပကုမ္ပဏီများက ပြည်ပဘဏ်များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများကို အမေရိကန်ဒေါ်လာဖြင့် ပြန်လည် ပေးဆပ်နေရသော ချေးငွေများ ဆိုင်းငံ့ထားကြရန် ညွှန်ကြားလိုက်ခြင်းတို့က ယခင်ကတည်းကပင် ယိုင်နဲ့နေသော စီးပွားရေးလုပ်ငန်းများကို လုံးဝ ရပ်ဆိုင်းသွားစေခဲ့သည်။

ယခုအခါ ဗဟိုဘဏ်၏ နောက်ဆုံးပေါ် မူဝါဒများက နိုင်ငံတကာ ချေးငွေတစိတ်တပိုင်းဖြင့် တည်ဆောက်နေသည့် ဒေါ်လာသန်း ၇၀၀ တန် ရိုးမစင်ထရယ်စီမံကိန်းကဲ့သို့ လုပ်ငန်းများအတွက် ထိုးရပ်ကိန်းကြုံလာစေပြီဖြစ်သည်။

ကိုဗစ် ၁၉ နှင့် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ စီးပွားရေးကျဆင်းမှု ဒဏ်များကြား ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံခြားကုမ္ပဏီများ၏ ရှေ့ အနာဂတ်သည် မရေရာ မသေချာမှုများဖြင့် ရုန်းကန်နေခဲ့ရပြီး ဖြစ်သည်။ ယခုအခါ ဗဟိုဘဏ်၏ နောက်ဆုံးပေါ် မူဝါဒများက နိုင်ငံတကာ ချေးငွေတစိတ်တပိုင်းဖြင့် တည်ဆောက်နေသည့် ဒေါ်လာသန်း ၇၀၀ တန် ရိုးမစင်ထရယ်စီမံကိန်းကဲ့သို့ လုပ်ငန်းများအတွက် ထိုးရပ်ကိန်းကြုံလာစေပြီဖြစ်သည်။

စီးပွားရေး သတင်းဌာန Bloomberg ၏ အဆိုအရ မြန်မာနိုင်ငံရှိ ပြည်တွင်းပြည်ပကုမ္ပဏီများ ပြည်ပမှ ချေးယူ ထားသည့် ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၆၈ ဘီလီယံအထိ ရှိပြီး ထိုအထဲတွင် ဆက်သွယ်ရေးကုမ္ပဏီ Ooredoo Myanmar Ltd၊ City Square Commercial ကုမ္ပဏီ၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ ၊ Apollo Towers Myanmar Ltd နှင့် Irrawaddy Green Towers Ltd အစရှိသည့် ဆက်သွယ်ရေးတာဝါတိုင်လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။

“ သူတို့ (စစ်ကောင်စီ) ထုတ်တဲ့ ဥပဒေတွေ နောက်ကို ဘယ်လိုမှ မလိုက်နိုင်ဘူး၊ ဘာလုပ်ရမှန်းကို မသိကြတော့ဘူး။ နိုင်ငံခြားသားတွေ ဆိုရင် ပိုဆိုးတာပေါ့။ အခုက ဘာဖြစ်ဖြစ်ဆိုပြီးတော့ အကုန်လုံးက ထိုင်ပြီး စောင့်ကြည့်နေကြတော့မယ်ဆိုတော့ လုပ်ငန်းတွေက အကုန်ရပ်သွားတော့မှာ” ဟု ရန်ကုန်မြို့ရှိ အပြည်ပြည် ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

မကြာသေးမီ သီတင်းပတ်ကပင် ပြည်ပမှ ကားအစိတ်အပိုင်းများ တင်သွင်းပြီး ပြည်တွင်း၌ ကားတပ်ဆင်ထုတ်လုပ်သော နိုင်ငံခြားကုမ္ပဏီများသည်လည်း ၎င်းတို့၏ လုပ်ငန်းများကို ယာယီရပ်နားလိုက်ကြောင်း ကြေညာခဲ့ကြသည်။ ထိုအထဲတွင် နာမည်ကြီးကား ကုမ္ပဏီများဖြစ်သည့် ဂျပန်ကားကုမ္ပဏီ ဆူဇူကီးနှင့် ကိုရီးယားကားကုမ္ပဏီ ဟွန်ဒိုင်း တို့လည်း ပါဝင်သည်။

ပို့ကုန် သွင်းကုန်လုပ်ငန်းရှင် အများစုသည်လည်း နိုင်ငံခြားငွေလဲလှယ်မှုတွင် အဝင်ရောအထွက်ပါ မိအေး ၂ ခါနာဆိုသလို ဖြစ်နေရပြီး လုပ်လက်စ အလုပ်များက လွဲရင် အလုပ်သစ်များ လုပ်ဆောင်ခြင်း မရှိကြတော့ပေ။

လတ်တလောတွင် ဗဟိုဘဏ်၏ ညွှန်ကြားချက်များသည် စီးပွားရေးလုပ်ငန်းများအတွက် ပြင်ဆင်ချိန် မရှိဘဲ ရက်ပိုင်းအတွင်း အပြောင်းအလဲများစွာဖြစ်နေသောကြောင့် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင် အများစုသည်လည်း နိုင်ငံခြားငွေလဲလှယ်မှုတွင် အဝင်ရောအထွက်ပါ မိအေး ၂ ခါနာဆိုသလို ဖြစ်နေရပြီး လုပ်လက်စ အလုပ်များက လွဲရင် အလုပ်သစ်များ လုပ်ဆောင်ခြင်း မရှိကြတော့ပေ။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ဒေါ်လာအပေါ် ကန့်သတ်ထိန်းချုပ်ထားသော မူဝါဒအရ စီးပွားရေးလုပ်ငန်းများ၏ ပို့ကုန်ရငွေ ဒေါ်လာများကို ပြည်တွင်းဘဏ်တခုခုသို့ စီးဝင်လာပါက ၁ ဒေါ် လာကို ကျပ် ၁၈၅၀ နှုန်းထားဖြင့် ၁ ရက်အတွင်း ရောင်းချရမည်ဖြစ်သော်လည်း လုပ်ငန်းအတွက် လိုအပ်သော ကုန်ကြမ်းဝယ်ယူမှုနှင့် ဝန်ဆောင်ခများအတွက် ပြန်လည်ပေးချေရမည့် ဒေါ်လာကိုမူ ဘဏ်များတွင် ထိုဈေးနှုန်းအတိုင်း ပြန်လည်ဝယ်ယူခွင့်မရသလို ပြင်ပဈေးကွက်တွင် ၁ ဒေါ်လာကို ကျပ် ၂၁၀၀ ကျော် ဖြင့် လိုက်လံဝယ်ယူနေကြရသည်။

ပြင်ပ ဒေါ်လာအရောင်းအဝယ်ဈေးကွက်အတွင်းတွင်လည်း ဒေါ်လာကို အရောင်းထက် ဝယ်ယူမှုသာ ပိုများနေ၍ စီးပွားရေး လုပ်ငန်းများအတွက် ဈေးနှုန်းကြီးမြင့်မှုအပြင် ဒေါ်လာရှားပါးမှု အခက်အခဲကိုပါ ရင်ဆိုင်နေရလျက်ရှိကာ လုပ်ငန်းဆက်လက်လည်ပတ်မှု အကျပ်အတည်းဖြစ်လာနေသည်။

“ ဒီအတိုင်းထိုင်နေတာကမှ ကောင်းသေးတယ်။ ထလုပ်မှ ရှုံးလာနေတာကို ဘယ်သူ့က လုပ်တော့မှာလဲ။ ဒီမှာက စီးပွားရေးလုပ်ဖို့ ဘာမျှော်လင့်ချက်မှကို မရှိတော့ဘူး ” ဟု ပြည်ပသို့ သီးနှံတင်ပို့သည့် လုပ်ငန်းရှင်တဦးက ပြောဆိုသည်။

စစ်ကောင်စီ၏ ဒေါ်လာအကျပ်အတည်း

မြန်မာ့ ကျပ်ငွေတန်ဖိုးသည် ဆက်တိုက်ကျဆင်းသွားခဲ့ပြီး ဘဏ်များဆီမှ ငွေသားထုတ်ယူနိုင်ခွင့် ကန့်သတ်လိုက်သည့် နောက်တွင် ကျပ်ငွေတန်ဖိုးသည် ဒိုင်ဗင်ထိုးဆင်းတော့လေသည်။

စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းက စပြီး ရက်ပိုင်းအတွင်းမှာပင် မြန်မာ့ ကျပ်ငွေတန်ဖိုးသည် ဆက်တိုက်ကျဆင်းသွားခဲ့ပြီး ဘဏ်များဆီမှ ငွေသားထုတ်ယူနိုင်ခွင့် ကန့်သတ်လိုက်သည့် နောက်တွင် ကျပ်ငွေတန်ဖိုးသည် ဒိုင်ဗင်ထိုးဆင်းတော့လေသည်။

နိုင်ငံရေးမတည်ငြိမ်မှု နှင့် စီးပွားရေးကျဆင်းမှုများကြောင့် ဆက်တိုက်ကျဆင်းနေသော ငွေကျပ်တန်ဖိုးသည် ကိုဗစ် တတိယလှိုင်းအတွင်း ပြည်ပမှ ဆေးဝါးနှင့် အောက်ဂျင်ဆီများ အလုံးအရင်းဖြင့် တင်သွင်းရမှုများကြောင့် ဈေးကွက်အတွင်းသို့ ဗဟိုဘဏ်က ဒေါ်လာ သန်းရာနှင့်ချီ ထုတ်ရောင်းပေး နေသည့်တိုင် ကျပ် ၂၀၀၀ ကျော်လာခဲ့တော့သည်။

ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းအတိုင်း ရောင်းဝယ်ခွင့်ပြုထားသော (Managed float exchange rate) ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်နှုန်းထားသတ်မှတ်ချက်ကို ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ဗဟိုဘဏ်က ဈေးနှုန်းသတ်မှတ်ပေး သော ငွေလဲနှုန်းသေ (fixed rate) အဖြစ် ပြန်လည်ပြောင်းလဲ သတ်မှတ်လိုက်သည်။

နောက်တလကြာချိန်တွင် ပြင်ပဈေးကွက်၌ ၁ ဒေါ်လာကို ကျပ် ၂၇၀၀ ကျော်အထိ စံချိန်တင် ဖြစ်သွားရုံမှလွဲပြီး တခြား ထူးထူးခြားခြား မဖြစ်သွားပါ။

ထိုသို့ မိုးအထိ ထိုးတက်နေသော ဒေါ်လာဈေးနှုန်း ကျဆင်းရေး ဈေးကွက်အတွင်းသို့ ဒေါ်လာများ ရောင်းချပေး နေမှုကို ၂၀၂၂ ခုနှစ် မတ်လတွင်တော့ လက်လျော့လိုက်ရသည်။ ထိုလကစပြီး ဒေါ်လာထုတ်ရောင်းခြင်းကို ဗဟိုဘဏ်က ရပ်တန့်လိုက်သည်။ ၁၃ လတာ ကာလအတွင်း ဒေါ်လာ သန်း ၅၃၀ ကျော် ထုတ်ရောင်းပေးခဲ့ပြီးလည်း ဖြစ်သည်။

၂၀၂၂ ခုနှစ် ဧပြီလတွင်မူ မြန်မာ့စီးပွားရေးလုပ်ငန်းများ နှင့် ပြည်သူများအတွက် ကံဆိုးမိုးမှောင်ကျစေမည့် ဗဟိုဘဏ်၏ ၁ ဒေါ်လာကို ကျပ် ၁၈၅၀ နှုန်းဖြင့် ၁ ရက်အတွင်းပြန်ရောင်းခိုင်းသော ညွှန်ကြားချက် ထွက်ပေါ်လာခဲ့တော့သည်။

၂၀၂၂ ခုနှစ် ဧပြီလတွင်မူ မြန်မာ့စီးပွားရေးလုပ်ငန်းများ နှင့် ပြည်သူများအတွက် ကံဆိုးမိုးမှောင်ကျစေမည့် ဗဟိုဘဏ်၏ ၁ ဒေါ်လာကို ကျပ် ၁၈၅၀ နှုန်းဖြင့် ၁ ရက်အတွင်းပြန်ရောင်းခိုင်းသော ညွှန်ကြားချက် ထွက်ပေါ်လာခဲ့တော့သည်။

ထို့အပြင် ပြည်ပသို့ ဒေါ်လာစီးထွက်နေမှုကို ထပ်မံလျော့ချနိုင်ရန် အရေးကြီးကုန်ပစ္စည်းများ ဖြစ်သော စက်သုံးဆီ၊ စားအုန်းဆီ၊ ဆေးဝါးနှင့် အခြားသွင်းကုန်ပစ္စည်းများ တင်သွင်းမှု ကန့်သတ်လိုက်သလို ပို့ကုန် သွင်းကုန် လိုင်စင်များလည်း တင်းကျပ်လိုက်သေးသည်။

စစ်ကောင်စီ၏ ဒေါ်လာရနိုင်သမျှ၊ ရနိုင်အောင် လုပ်ဆောင်မှုက ရပ်တန့်သွားခြင်းမရှိသေးပေ။ ယခု ဇူလိုင်လ အစပိုင်းတွင် တရုတ်ယွမ် နှင့် ထိုင်းဘတ် ငွေဖြင့် ပေးချေပြီး ကုန်သွယ်ခွင့်ပြုထားသော နယ်စပ်ကုန်သွယ်ရေး ငွေပေးချေမှုများကို ဒေါ်လာဖြင့် ဆောင်ရွက်ခိုင်းလာသလို လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ပို့ကုန်ရငွေ (Export Earning) စာရင်းရှင်းရန် ကျန်ရှိသော ကုမ္ပဏီများကိုပါ ဒေါ်လာပြန်ထည့်ရန် အကြွေးတောင်းပြန်သည်။

အဆိုပါ အခြေအနေများအားလုံးသည် ခန်းခြောက်လာနေသော နိုင်ငံခြားအရန်ငွေ အကျပ်အတည်းကို ဟန်မဆောင်နိုင်သည်အထိ ဂယက်ရိုက်နေကြောင်း မှန်းဆနိုင်သည်။

“ဒီပုံစံအတိုင်း ဆက်သွားလို့ရှိရင် ဝင်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မဝင်လာတော့ဘူး၊ ရှိနေပြီးသား ရင်းနှီးမြှုပ်နှံမှုတွေပါ အခွင့်သာရင် ထွက်ကြတော့မယ့် အခြေအနေဆိုတော့ တိုင်းပြည်ရဲ့ စီးပွားရေးက ဒီထက်ပိုပြီး ကျပ်တည်းသွားတော့မှာ”

“မရရတဲ့နည်းနဲ့ကို ဒေါ်လာကို ရှာမယ်ဆိုတဲ့ပုံစံမျိုးလုပ်နေတာ၊ ရေရှည်စဉ်းစားမှုလည်း ရှိပုံမပေါ်ပါဘူး။ ဒီပုံစံအတိုင်း ဆက်သွားလို့ရှိရင် ဝင်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မဝင်လာတော့ဘူး၊ ရှိနေပြီးသား ရင်းနှီးမြှုပ်နှံမှုတွေပါ အခွင့်သာရင် ထွက်ကြတော့မယ့် အခြေအနေဆိုတော့ တိုင်းပြည်ရဲ့ စီးပွားရေးက ဒီထက်ပိုပြီး ကျပ်တည်းသွားတော့မှာ” ဟု စီးပွားရေး ပညာရှင်တဦးက ပြောဆိုသည်။

လက်ရှိ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာအပေါ် ကန့်သတ်ထိန်းချုပ်လာ အခြေအနေများအရ စစ်ကောင်စီသည် တနိုင်ငံလုံးအနှံ့နီးပါး ကျယ်ပြန့် လာနေသော တိုက်ပွဲများကို အနိုင်တိုက်နိုင်ရန် (သို့မဟုတ်) ထိန်းထားနိုင်ရန်အတွက် ရေရှည်တွင် လိုအပ်လာနိုင်သော စစ်ရေးလိုအပ်ချက်များကို စဉ်းစားကာ ယခုလို အမေရိကန်ဒေါ်လာကို ကန့်သတ်ထိန်းချုပ်လာခြင်းလည်း ဖြစ်နိုင်ကြောင်း သူက သုံးသပ် ပြောဆိုသည်။

စစ်ကောင်စီ၏ အမေရိကန်ဒေါ်လာအပေါ် ကန့်သတ်ထိန်းချုပ်လာခြင်းသည် စစ်ရေးအမြင်ဖြင့် လုပ်ဆောင်ခြင်းမျိုးလည်း မဖြစ်နိုင်ဟု ပြော၍မရပေ။ မြေပြင်ကြည်းတပ်များကို အားကိုးမရဖြစ်နေသော စစ်ကောင်စီက တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များ(EAOs) နှင့် တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရာတွင် လေကြောင်းစစ်ဆင်ရေးများကို အကြီး အကျယ်အသုံးပြုနေရသည်။ ထို လေကြောင်းစစ်ဆင်ရေးကို ဆင်နွှဲရသော တိုက်ခိုက်ရေးရဟတ်ယာဉ်များ နှင့် တိုက်လေယာဉ်များ ပျံသန်းနိုင်ရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက် လေယာဉ်ဆီသည် ဒေါ်လာဖြင့် ပေးချေတင်သွင်းရခြင်း ဖြစ်သည်။

ဒေဝါလီခံရနိုင်

ပြည်တွင်းကုမ္ပဏီများ၏ ဒေါ်လာဖြင့် ပြန်လည် ပေးဆပ်နေရသော ပြည်ပချေးငွေများကို ဆိုင်းငံ့ထားကြရန် ညွှန်ကြားချက်တွင် အချိန်မည်မျှကြာအောင် ဆိုင်းငံ့ထားရမည်ကို ရှင်းရှင်းလင်းလင်းမပြောထားပါ။

နိုင်ငံရေးဖိအားကြောင့် မြန်မာနိုင်ငံတွင်းက ထွက်ခွာသွားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအရေအတွက်ထက် စီးပွားရေးတွက်ချေ မကိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားမည့် နိုင်ငံခြားကုမ္ပဏီများသည် ပို၍ များရန်သာ ရှိသည်။

စစ်အာဏာသိမ်းပြီး ၁၇ လ ကျော်ကြာသည့်အထိ နိုင်ငံရေးအခြေအနေလည်း တည်ငြိမ်မှုမရှိသလို စီးပွားရေးအရလည်း လုပ်သာကိုင်သာမရှိအောင် တင်းကျပ်မှုများ ဆက်လက်လုပ်ဆောင်နေပါက နိုင်ငံရေးဖိအားကြောင့် မြန်မာနိုင်ငံတွင်းက ရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်းပြီး ထွက်ခွာသွားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအရေအတွက်ထက် စီးပွားရေးတွက်ချေ မကိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားမည့် နိုင်ငံခြားကုမ္ပဏီများသည် ပို၍ များရန်သာ ရှိသည်။

ထိုအခြေအနေမျိုး ဖြစ်ပေါ်လာအောင် ဖန်တီးနေခြင်းလည်း ဖြစ်နိုင်သည်။ လတ်တလောအခြေအနေများအရ စစ်ကောင်စီက ယခင်စစ်အစိုးရများလက်ထက်ကလို တံခါးပိတ်စီးပွားရေးပုံစံသို့ ပြန်သွားနေခြင်းဖြစ်သလို စစ်အုပ်စုနှင့် ၎င်းတို့၏ နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်များကသာ နိုင်ငံ့စီးပွားကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ရန် ကြိုးစားနေပုံရသည်။

သို့သော် တိုင်းပြည်အတွင်း ဒေါ်လာဝင်ရောက်မှု မရှိသလောက် ဖြစ်သွားပါက ပြည်ပမှ ဒေါ်လာဖြင့် ပေးချေရပြီး တင်သွင်းရသော အရေးကြီးကုန်များဖြစ်သည့် လောင်စာဆီ၊ စားအုန်းဆီ နှင့် ဆေးဝါး တင်သွင်းမှု ပြတ်တောက်မည့် အခြေအနေများ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ယခုပင် အဆိုပါကုန်ပစ္စည်းများ ရှားပါးလာနေပြီး ဈေးများကလည်း ထိုးတက်ရန်သာ စိုင်းပြင်းနေကြသည်။

အထက်က စီးပွားရေးပညာရှင်က “ အခု ချေးငွေတွေကို ပြန်မဆပ်ဘဲ ဆိုင်းငံ့ထားခိုင်းတယ်ဆိုတာက ဒေဝါလီခံဖို့အတွက် ရှေ့ပြေးပုံစံလို့ ပြောလို့ရတယ်။ ဒီထက် အကျပ်အတည်းထပ်ဖြစ်လာရင် ဒေဝါလီခံရမယ့် အဆင့်ကို ရောက်လာမှာပေါ့” ဟု ပြောဆိုသည်။

စီမံခန့်ခွဲမှုအလွဲအမှားများ နှင့် အကျင့်ပျက်ခြစားခြင်းများကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးအကျပ်အတည်းများက အာဏာရှင်များကို ပြုတ်ကျသွားစေနိုင်သည်မှာ မြန်မာနိုင်ငံတွင်လည်း သာဓကများ ရှိထားပြီး ဖြစ်သလို ပူပူနွေးနွေး သီရိလင်္ကာနိုင်ငံကလည်း အကောင်းဆုံး ဥပမာပင် ဖြစ်သည်။

You may also like these stories:

အခြားအာရှနိုင်ငံများကို သီရိလင်္ကာ သတိပေးနေဟု IMF ပြော

စစ်ကောင်စီ ထိန်းချုပ်ဖြန့်ဖြူးမှုကြောင့် စားအုန်းဆီဈေး ဆက်လက်မြင့်တက်နေ

မြန်မာ့ဘဏ္ဍာရေးကဏ္ဍ နောက်ကြောင်း ပြန်လှည့်နေ ဟု ကမ္ဘာ့ဘဏ်ဆို

ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် နိုင်ငံခြားကားကုမ္ပဏီများ ရပ်ဆိုင်းလာ

ကြွေးမြီအကျပ်အတည်းကြောင့် လာအို ဒေဝါလီခံရနိုင်

သီရိလင်္ကာစီးပွားရေး မည်သည့်အတွက် ပြိုလဲပြီး မည်သည်တို့ ဆက်ဖြစ်မည်နည်း

Loading