လာအိုနိုင်ငံတွင် အရန်ငွေကြေးနည်းပါးနေပြီး ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားနေသောကြောင့် သီရိလင်္ကာ ဒေဝါလီခံရပြီး ပါကစ္စတန်၏ ငွေပေးချေမှု ရှင်းတမ်းကို ခြိမ်းခြောက်နေသည့် အကျပ်အတည်းကို လာအိုနိုင်ငံလည်း ရင်ဆိုင်နေရပြီ ဖြစ်သည်။
လူဦးရေ ၇ ဒသမ ၅ သန်းရှိသော လာအိုတွင် လောင်စာဆီ မလုံလောက်မှု၊ ရေနံဈေးနှုန်းများ မြင့်တက်ခြင်းနှင့် ငွေကြေးတန်ဖိုး ကျဆင်းခြင်းသည် အကျပ်အတည်း၏ လက္ခဏာဖြစ်သည်။ စိုးရိမ်စရာအကောင်းဆုံး ကိစ္စမှာ အရန်ငွေများကို ကုန်ခမ်းသွားစေသည့် ကြွေးမြီ ဝန်ထုတ်ဝန်ပိုးဖြစ်ပြီး ၁၉၇၅ ခုနှစ်မှစတင်ကာ နိုင်ငံကို တင်းကျပ်စွာ ချုပ်ကိုင်ထားသည့် လျှို့ဝှက်သော ကွန်မြူနစ်အစိုးရအတွက် စိန်ခေါ်မှုတခု ဖြစ်လာသည်။
“ဒေဝါလီခံရလုနီးပါး ဖြစ်နေပြီ” ဟု Moody’s Investors Service ဒုဥက္ကဋ္ဌနှင့် ကြွေးမြီဆိုင်ရာဝါရင့်အရာရှိ အနက်ရှ်ကာ ရှားက ပြောသည်။
အင်အားချည့်နဲ့သော စီမံအုပ်ချုပ်မှု၊ ကြွေးမြီဝန်ထုတ်ဝန်ပိုး လွန်စွာမြင့်မားခြင်းနှင့် ပြန်လည် ပေးဆပ်ရတော့မည့် ပြည်ပကြွေးမြီများအတွက် မလုံလောက်တော့သော အရန်နိုင်ငံခြားငွေတို့ကြောင့် ထိုသို့သတ်မှတ်ရခြင်း ဖြစ်သည်။
ထိုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက လာအို၏ ကြွေးမြီ ပြန်လည် ပေးဆပ်နိုင်စွမ်းကို အင်္ဂါနေ့တွင် အဆင့် တဆင့်လျှော့ချလိုက်ပြီး Caa3 အဆင့် သတ်မှတ်လိုက်သည်။ အင်အားချည့်နဲ့သော စီမံအုပ်ချုပ်မှု၊ ကြွေးမြီဝန်ထုတ်ဝန်ပိုး လွန်စွာမြင့်မားခြင်းနှင့် ပြန်လည် ပေးဆပ်ရတော့မည့် ပြည်ပကြွေးမြီများအတွက် မလုံလောက်တော့သော အရန်နိုင်ငံခြားငွေတို့ကြောင့် ထိုသို့သတ်မှတ်ရခြင်း ဖြစ်သည်။
ဒီဇင်ဘာလအထိ လာအိုနိုင်ငံတွင် အရန်နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံရှိပြီး ပြည်ပကြွေးမြီ ပြန်လည်ပေးဆပ်မှုသည်လည်း ၂၀၂၅ ခုနှစ်အထိ နှစ်စဉ် ထိုပမာဏနှင့် ညီမျှနေပြီး စုစုပေါင်း ပြည်တွင်းဝင်ငွေ၏ ထက်ဝက်နှင့် ညီမျှနေကြောင်း ကမ္ဘာ့ဘဏ်၏ အဆိုအရ သိရသည်။
လာအို ဘဏ္ဍာရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းသော်လည်း အကြောင်းပြန်ကြားခြင်း မရှိပေ။
အမေရိကန်က အတိုးနှုန်းများ မြှင့်လိုက်သောကြောင့် ပြည်တွင်းငွေကြေးများ ဒေါ်လာလဲလှယ်နှုန်းတွင် တန်ဘိုးထိုးကျသွားပြီး သွင်းကုန်များ ဈေးကြီးသွားနေစေသည်။ ရုရှားက ယူကရိန်းကို ကျူးကျော်သောကြောင့် ရေနံဈေးနှုန်းတက်လာခြင်းကလည်း ကြွေးမြီထူပြီး ဝင်ငွေနည်းကာ အရန်ငွေကြေးနည်းသော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တပူပေါ် နှစ်ပူဆင့်စရာ ဖြစ်လာသည်။
ထိုသို့သော အချက်များ ပေါင်းဆုံလာသောအခါ သီရိလင်္ကာနိုင်ငံသည် ယခုနှစ်အစောပိုင်းတွင် နက်ရှိုင်းသည့် စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်း ကျရောက်သွားပြီး လောင်စာ၊ အစားအသောက်နှင့် ဆေးဝါးများကို မတင်သွင်းနိုင်တော့ဘဲ ကြွေးမြီများ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိတော့ကာ ပြည်ပမှ ဘဏ္ဍာရေး အကူအညီ အပြင်းအထန် တောင်းခံရတော့သည်။
လွန်စွာတင်းကျပ်သည့် တပါတီနိုင်ငံကို စီမံသည့် အာဏာရ လာအိုပြည်သူ့တော်လှန်ရေးပါတီ (LPRP) သည် လက်ရှိ စိန်ခေါ်မှုကို ရင်ဆိုင်ရမည်ဟု မျှော်လင့်ရသည်။
သီရိလင်္ကာဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ဆာ နုတ်ထွက်ပေးရသည့် ဆန္ဒပြပွဲများကဲ့သို့ ဆန္ဒပြပွဲများ ဖြစ်နိုင်ခြေ နည်းသော်လည်း ပြည်သူများအကြား ဆူပွက်လာသည့် မကျေနပ်မှုများကြောင့် လက်ရှိခေါင်းဆောင်ပိုင်းအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်နိုင်ကြောင်း Control Risks မှ တွဲဘက် ဒါရိုက်တာ ဟာရစ်ဆန် ချန်းက ပြောသည်။
စီးပွားရေးအကျပ်အတည်း သက်သာလာတဲ့အထိ အချိန်ဆွဲပြီး ပြည်သူလူထုကို ကျေနပ်အောင် LPRP က လုပ်ပေးနိုင်ရင် ဖြစ်နိုင်ခြေရှိတာက ထိပ်တန်းအရာရှိတွေ၊ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ် ဖန်ခမ် ဗီဖာဗန်းကို တောင်မှ စတေးရနိုင်တယ်
“စီးပွားရေးအကျပ်အတည်း သက်သာလာတဲ့အထိ အချိန်ဆွဲပြီး ပြည်သူလူထုကို ကျေနပ်အောင် LPRP က လုပ်ပေးနိုင်ရင် ဖြစ်နိုင်ခြေရှိတာက ထိပ်တန်းအရာရှိတွေ၊ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ် ဖန်ခမ် ဗီဖာဗန်းကို တောင်မှ စတေးရနိုင်တယ်” ဟု သူက ပြောသည်။
“ပြင်းထန်တဲ့ ကြွေးမြီအကျပ်အတည်းနဲ့ ငွေကြေးဖောင်းပွမှု အဆုံးမသတ်နိုင်တာကြောင့် LPRP အနေနဲ့ အချိန်ဆွဲနိုင်၊ မဆွဲနိုင်ဆိုတဲ့ မေးခွန်းမေးစရာ ဖြစ်လာတယ်” ဟုလည်း သူကပြောသည်။
မြင့်မားလာသောကြွေးမြီ
လာအိုနိုင်ငံတွင် လွန်ခဲ့သောနှစ်က အစိုးရကြွေးမြီသည် ဒေါ်လာ ၁၄ ဒသမ ၅ ဘီလီယံအထိရှိပြီး ထိုကြွေးမြီများအနက် ထက်ဝက်မှာ တရုတ်နိုင်ငံမှ ရယူထားသည့် ကြွေးမြီများဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အဆိုအရ သိရသည်။
ထိုကြွေးမြီများ၏ တစိတ်တပိုင်းတွင် ဒေါ်လာ ၅ ဒသမ ၉ ဘီလီယံကုန်ကျသည့် တရုတ်-လာအို ရထားလမ်းတွင် ၃၀ ရာခိုင်နှုန်း ရှယ်ယာအတွက် တင်နေသောကြွေးမြီဖြစ်သည်။ ထိုရထားလမ်းကို ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့သည်။
အစိုးရကြွေးမြီ မြင့်မားနေပြီး ကြွေးမြီအကျပ်အတည်းအန္တရာယ် ဆက်လက်ရှိကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၂၀၁၉ ခုနှစ် Article IV Consultation တွင် သတိပေးသည်။ Article IV Consultation သည် IMF အဖွဲ့ဝင်များနှင့် နှစ်စဉ်ကျင်းပသည့် ဆွေးနွေး တိုင်ပင်မှုဖြစ်သည်။ လာအို အာဏာပိုင်များသည် မတ်လတွင် ကုန်ဆုံးသွားသည့် ၂၀၂၁ ခုနှစ်တွက် အစီရင်ခံစာကို ထုတ်ပြန်ခြင်းမပြုပေ။ မည်သည့် အကြောင်းပြချက်မျှလည်း မပေးပေ။
လာအိုငွေကြေးဖြစ်သော ကစ်ပ်သည် ဒေါ်လာနှင့်ယှဉ်လျှင် လွန်ခဲ့သောနှစ်အတွင်း ၃၆ ရာခိုင်နှုန်း ကျဆင်းသွားသောကြောင့် လာအိုသည် ၂၀၀၄ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံးငွေကြေး ဖောင်းပွမှုကို ရင်ဆိုင်ရကာ လွန်ခဲ့သောလက ၁၃ ရာခိုင်နှုန်းအထိ တက်သွားသည်။
လာအိုငွေကြေးဖြစ်သော ကစ်ပ်သည် ဒေါ်လာနှင့်ယှဉ်လျှင် လွန်ခဲ့သောနှစ်အတွင်း ၃၆ ရာခိုင်နှုန်း ကျဆင်းသွားသောကြောင့် လာအိုသည် ၂၀၀၄ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံးငွေကြေး ဖောင်းပွမှုကို ရင်ဆိုင်ရကာ လွန်ခဲ့သောလက ၁၃ ရာခိုင်နှုန်းအထိ တက်သွားသည်။ လူဦးရေ၏ သုံးပုံတပုံသည် အလယ်အလတ်အောက်တန်း ဆင်းရဲနွမ်းပါးမှုနှုန်း အောက်သို့ရောက်ရှိမည်ဟု ခန့်မှန်းထားသော လာအိုအတွက် ထိုငွေကြေးဖောင်းပွမှုနှုန်းသည့် ပြင်းထန်သော ထိုးနှက်ချက်ဖြစ်သည်။
“အခြေခံအားဖြင့်ပြောရရင်တော့ ဒေါ်လာငွေ ပြတ်လပ်မှုပဲ” ဟု စင်ကာပူအခြေစိုက် Australia & New Zealand Banking Group မှ အာရှသုတေသနအကြီးအကဲ ခွန်းဂို့က ပြောသည်။
“သွင်းကုန်တွေအားလုံးအတွက် ပေးဖို့ ဒေါ်လာ လုံလုံလောက်လောက် ကိုင်ထားနိုင်တဲ့ စွမ်းရည်မရှိဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်းများစွာ လိုငွေပြနေခြင်းကြောင့်ပဲ” ဟုက သူရှင်းပြသည်။
ငွေကြေးတန်ဖိုးကျဆင်းခြင်းသည် ပြည်တွင်းဈေးကွက်အတွက် လောင်စာလုံလုံလောက်လောက် တင်သွင်းရန် ကြိုးစားနေသည့် သွင်းကုန်သမားများကို အကန့်အသတ်ဖြစ်စေပြီး ဆိုးရွားသော ရောင်းလိုအားကွာဟမှုကို ဖြစ်စေကာ ဓာတ်ဆီဆိုင်များတွင် ရှည်လျားစွာ တန်းစီလာရသည်။
လာအိုသည် ပြည်သူ့ဝယ်လိုအားကို ဖြည့်ဆည်းရန် လိုအပ်သည့် ဓာတ်ငွေ့လီတာ သန်း ၁၂၀ ၏ ထက်ဝက်အောက်သာ ဝယ်နိုင်တော့ကြောင်း ပြည်တွင်းသတင်းများတွင် မေလက ဖော်ပြထားသည်။
“ရှည်ကြာတဲ့ လောင်စာဆီ မလုံလောက်မှုကြောင့် စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုနဲ့ စီးပွားရေးရဲ့ အခြားကဏ္ဍအများအပြားကို ထိခိုက်စေပြီး အဲဒီစီးပွားရေး သက်ရောက်မှုတွေက ကိုဗစ်နိုင်တင်းတုန်းက သက်ရောက်မှုနဲ့ တူလာတယ်။ ကပ်ရောဂါအတွင်းက ကန့်သတ်ချက်တွေကြောင့် သွားလာနိုင်မှုနဲ့ ကုန်စည် ဖြန့်ဖြူးရေး ကွင်းဆက်တွေကို အကြီးအကျယ် ထိခိုက်စေတယ်” ဟု ကမ္ဘာ့ဘဏ်၏ လာအိုနိုင်ငံဆိုင်ရာ စီးပွားရေး ပညာရှင် ပက်ဒရို မာတင် ပြောသည်။
အစိုးရ၏ ပြင်းထန်သော ငွေကြေးအကျပ်အတည်းနှင့် ၂၀၂၀ ပြည့်နှစ်ကကဲ့သို့ နည်းပါးသည့် နိုင်ငံခြားသုံး အရန်ငွေကြေးတို့ကြောင့် Moody က လာအိုအစိုးရ၏ ကြွေးမြီပြန်လည်ပေးဆပ်နိုင်သည့် အဆင့်ကို လျှော့ချခဲ့သည်။
ယခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၃ ဒသမ ၈ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားသော်လည်း ထိုတိုးတက်မှုနှုန်းသည် ကြွေးမြီများကို အောင်မြင်စွာ ပြန်လည် ညှိနှိုင်းနိုင်စွမ်းအပေါ် မူတည်နေကြောင်း ကမ္ဘာ့ဘဏ်၏ မကြာသေးမီက အစီရင်ခံစာတွင် ဖော်ပြထားသည်။ အစိုးရ၏ ပြင်းထန်သော ငွေကြေးအကျပ်အတည်းနှင့် ၂၀၂၀ ပြည့်နှစ်ကကဲ့သို့ နည်းပါးသည့် နိုင်ငံခြားသုံး အရန်ငွေကြေးတို့ကြောင့် Moody က လာအိုအစိုးရ၏ ကြွေးမြီပြန်လည်ပေးဆပ်နိုင်သည့် အဆင့်ကို လျှော့ချခဲ့သည်။
“အစိုးရကြွေးမြီတွေနဲ့ ညံ့ဖျင်းတဲ့ အခွန်ကောက်ခံမှုကြောင့် အခြေအနေက အထူးသဖြင့် စိန်ခေါ်မှုတွေကို ဖြစ်စေတယ်” ဟု ကမ္ဘာ့ဘဏ်၏ လာအိုနိုင်ငံဆိုင်ရာမန်နေဂျာ အဲလက်စ် ခရီမာက ပြောသည်။ “ဒါကြောင့် ထိပ်တန်းမူဝါဒ ဦးစားပေးကတော့ အခွန်ကင်းလွတ်ခွင့်တွေကို ပြန်လည်သုံးသပ်ပြီး အများပြည်သူအခွန်ကို တိုးမြှင့်ဖို့ ဖြစ်တယ်” ဟုလည်း သူကပြောသည်။
Fitch Ratings Inc ၏ CCC’ rating အဆင့်သတ်မှတ်ချက်အရ ဒေဝါလီခံရနိုင်ခြေရှိကြောင်း ထိုလုပ်ငန်းမှ ဟောင်ကောင် အခြေစိုက် အစိုးရကြွေးမြီအဆင့်သတ်မှတ်ရေး ဒါရိုက်တာနှင့် လာအိုအတွက် ထိပ်တန်း ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဂျရမီ ဇွတ်ခ်က ပြောသည်။ ပိုမိုရှေ့တန်းရောက်လာသည့် ကိစ္စမှာ တရုတ်သို့ ပေးရမည့် ကြွေးမြီများဖြစ်ကြောင်းလည်း သူကပြောသည်။
“အဲဒီကြွေးမြီ ပြန်လည်ပြုပြင်တာတွေ၊ ပေးဆပ်မှုသက်သာအောင် လုပ်ပေးတာတွေက ကြွေးမြီပြန်လည် ပေးဆပ်နိုင်မှု အခြေအနေအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာမယ်။ တရုတ်ဆီကနေ သက်သာခွင့် ဘယ်လောက်ရမယ်ဆိုတာတော့ သိပ်မသိဘူး” ဟု ဇွတ်ခ်က ပြောသည်။
အလားအလာကောင်းသော လက္ခဏာတခုမှာ ဘတ်ငွေဖြင့် တန်ဖိုးသတ်မှတ်သည့် ငွေချေးစာချုပ်များကို မတ်လကုန်က ရောင်းချခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ပြန်လည်ပေးဆပ်ရန် အချိန်ရောက်သည့် ထိုင်းကြွေးမြီများကို ထေမိစေရန် ရွေးချယ်မှုတခု ဖြစ်နိုင်သည်။
“သူတို့က ဈေးကွက်ကို လုံးဝဆုံးရှုံးသွားတာ မဟုတ်သေးဘဲ ဈေးကွက်ကို အသုံးချနိုင်ပြီး လာမယ့် နှစ်အနည်းငယ်အတွင်း လိုအပ်လာရင် ငွေကြေး ပြန်စိုက်ထုတ်ပေးနိုင်သေးတယ်။ ဒါပေမယ့် အဲဒီအချက်ကလွဲရင် သူတို့က နောက်ဆုံးကောက်ရိုးမျှင်ကို ဆုပ်ကိုင်ဖို့ ကြိုးစားနေတာပဲ” ဟု Moody’s မှ ရှားက ပြောသည်။
အကျပ်အတည်းကျရောက်နေသော နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားလုပ်ငန်း Electricite du Laos သည် လွန်ခဲ့သောနှစ်က လူသိရှင်ကြား အာမခံထားသည့် ကြွေးမြီများ၏ သုံးပုံတပုံနီးပါးကို ပေးဆပ်ရမည်ဖြစ်သည်။
အကျပ်အတည်းကျရောက်နေသော နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားလုပ်ငန်း Electricite du Laos သည် လွန်ခဲ့သောနှစ်က လူသိရှင်ကြား အာမခံထားသည့် ကြွေးမြီများ၏ သုံးပုံတပုံနီးပါးကို ပေးဆပ်ရမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အဆိုအရ သိရသည်။
ထိုကြွေးမြီအများအပြားကို ထိုင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့သို့ ပေးဆပ်ရမည်ဖြစ်ကြောင်းနှင့် ထိုကြွေးမြီများကို ပေးဆပ်ရန် ငွေမရှိကြောင်း အရာရှိတဦးက လွတ်လပ်သောအာရှအသံသို့ မတ်လက ပြောခဲ့သည်။
အထက်ပါ လာအိုလုပ်ငန်း၏ ပုဂ္ဂလိက လုပ်ငန်းခွဲ EDL-Generation Plc သည် ယခုနှစ်တွင် ပေးဆပ်ရမည့် ကြွေးမြီ ဒေါ်လာ ၅၈ သန်းရှိသည်။ ထိုငွေတွင် ဇူလိုင်လ ၃၀ ၌ ပြန်လည်ပေးဆပ်ရမည့် ရင်းနှီးမြှုပ်နှံမှု ချေးငွေ ဒေါ်လာ ၃၁ သန်းနှင့်ညီမျှသည့် ထိုင်းဘတ်ငွေဖြင့် ချေးငွေ ပါဝင်ကြောင်း Bloomberg က ပြုစုထားသော အချက်အလက်များအရ သိရသည်။
မြင့်မားလာသော ခြိမ်းခြောက်မှုများကို ကိုင်တွယ်ရန် အစိုးရသည် အဆင့်မြင့် လုပ်ငန်းဖွဲ့တခုကို လွန်ခဲ့သည့် သီတင်းပတ်က ဖွဲ့စည်းခဲ့ကြောင်း၊ ဗဟိုဘဏ်သည်လည်း ငွေကြေးဖောင်းပွမှု သက်သာစေရန် ငွေကြေးမူဝါဒများကို တင်းကျပ်ထားကြောင်း ဗီယန်ကျင်းတိုင်းမ်၏ ဖော်ပြချက်အရ သိရသည်။
“ဒီအခြေအနေမှာ သူတို့ ဘယ်လိုထွက်ပေါက်ရှာ စီမံမလဲဆိုတဲ့အပေါ်ကို အရမ်းမူတည်နေတယ်။ ဒါပေမယ့် ရှေ့မှာ လာမယ့် အကျပ်အတည်းတွေကလည်း ရှိနေတာ အထင်အရှားပဲ” ဟု ANZ မှ ခွန်းဂို့က ပြောသည်။
(Bloomberg မှ Philip Heijmans နှင့် Michelle Jamrisko တို့၏ Looming debt crunch positions Laos as next possible Asia default ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
ကမ္ဘာ့ဘဏ် အစီရင်ခံစာ မြန်မာကို ချန်ထားခဲ့
ရုရှားက ဝယ်မယ့် ရေနံတွေနဲ့ မန္တလေး လာမယ့် တရုတ်ရထား
စက်သုံးဆီပြတ်လပ်မှု SME လုပ်ငန်းများ ဝန်ပိုပိ