မြန်မာ့ငွေကြေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍ၏ ပြီးခဲ့သည့် ဆယ်စုနှစ် ၁ ခုအတွင်း ဖွံ့ဖြိုးတိုးတက်လာခဲ့သော အခြေအနေများသည် ကိုဗစ် ၁၉ ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုများကြောင့်၂၀၁၀ အရှေ့ပိုင်းကာလများဆီသို့ နောက်ကြောင်းပြန်လှည့်သွားနေပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဇူလိုင် ၁၄ ရက် ထုတ်ပြန်သော ငွေရေးကြေးရေး/ ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များအပေါ် လေ့လာသုံးသပ်ချက် (Myanmar Financial Sector Reforms) က ဆိုထားသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ချမှတ် ရေးဆွဲထားသော ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဥပဒေများနှင့် စည်းကမ်းဘောင်များကို ရှင်းရှင်းလင်းလင်း ဖျက်သိမ်းလိုက်သည့် အခြေအနေ မရှိသေးသော်လည်း လက်ရှိ မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများသည် အဆိုပါ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် အကောင်အထည်ဖော်ရန်နှင့် ရှေ့ဆက်နိုင်ရန် အလားအလာ မရှိကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘာ့ဘဏ်အဆိုအရ မြန်မာ့ဘဏ္ဍာရေးကဏ္ဍ၏ ယခင်က တိုးတက် ပြောင်းလဲလာခဲ့သော အခြေအနေများမှ နောက်ပြန်ဆုတ်သွားသည့်အပြင် ယခင်ကတည်းက ပြုပြင်ပြောင်းလဲရန် လိုအပ်နေသေးသော အားနည်းချက်များကိုလည်း ပို၍ ဆိုးဝါးသွားနိုင်သည်။
အိမ်ထောင်စုများနှင့် အသေးစား လုပ်ငန်းများအတွက် ဘဏ္ဍာရေး အထောက်အပံ့များ လုပ်ဆောင်ပေးနိုင်ခဲ့သော အသေးစား ချေးငွေကုမ္ပဏီများသည်လည်း ကိုဗစ် ၁၉ နှင့် အာဏာသိမ်းမှုကြောင့် လုပ်ငန်းများပုံမှန် မလည်ပတ်နိုင်ခြင်း၊ ချေးငွေပြန်ပေးဆပ်မှု လျော့ကျနေခြင်း၊ ဘဏ်လုပ်ငန်း အကျပ်အတည်းကြောင့် ၎င်းတို့ ဘဏ္ဍာငွေများ အလွယ်တကူ မထုတ်ယူနိုင်ခြင်းနှင့် နိုင်ငံခြားအဖွဲ့အစည်းများထံမှ ချေးငွေ အကူအညီ မရရှိတော့ခြင်း အစရှိသည့် အခြေအနေများကြောင့် အသေးစား ချေးငွေလုပ်ငန်းကဏ္ဍသည် လွန်စွာ ဆိုးရွားနေလျက်ရှိကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။
ထို့ပြင် အာမခံဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည်လည်း ၎င်းတို့၏ ရပ်တည်ချက်ကို ပြန်လည် စဉ်းစား သုံးသပ်နေလျက်ရှိကြောင်း ဆိုထားသေးသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကြောင့် ကျပ်ငွေနှင့် ပြည်တွင်းဘဏ်များအပေါ် ယုံကြည်မှု ထိုးကျကာ ဘဏ်အပ်ငွေများ အများအပြား ပြန်လည် ထုတ်ယူခဲ့ကြပြီး ထိုအကျိုးဆက်က ရွှေ၊ အိမ်ခြံမြေ၊ အမေရိကန် ဒေါ်လာများ ဝယ်ယူစုဆောင်းခြင်းဆီသို့ ကူးပြောင်းသွားခဲ့သည်။ ထို့အတွက်ကြောင့် ပြည်တွင်းရွှေဈေးသည်ပင် ၁ ကျပ် သားလျှင် ကျပ် ၂၂ သိန်းကျော် (ဒေါ်လာ ၉၃၂.၇) အထိ စံချိန်တင် အမြင့်ဆုံး ရောက်ရှိသွားခဲ့သည်။
ထို့သို့ အခြေအနေများ ရှိနေသည့်တိုင် ငွေကြေးနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများကို ထိန်းကျောင်းရသော ဗဟိုဘဏ် အပါအဝင် အဖွဲ့အစည်းများသည် မူဝါဒများကို လွတ်လပ်စွာ ချမှတ်နိုင်ခြင်း မရှိသလို စစ်ကောင်စီတွင် လက်ရှိ ဖြစ်ပေါ်နေသော ဘဏ္ဍာရေး အကျပ်အတည်းကို လက်ပူတိုက်လုပ်ဆောင်နေပြီး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် အစားထိုးမည့် နည်းလမ်းကောင်းများ စဉ်းစားထားပုံ မရကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။
“တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နှုန်းက မနှစ်က ၁၈ ရာခိုင်နှုန်း ထိုးကျအပြီး ဒီနှစ် စီးပွားရေးက ရပ်တန့်နေဦးမည်” ဟု ကမ္ဘာ့ဘဏ်က အစီရင်ခံသည်။
မြန်မာ့ငွေကြေးနှင့် ဘဏ္ဍာရေးကဏ္ဍ ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော နိုင်ငံရေး တည်ငြိမ်မှုနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများအပေါ် ပြည်သူများ၏ ယုံကြည်မှုသည် လက်ရှိ လုံးဝ ပျောက်ဆုံးနေ၍ ထိုကဏ္ဍသည် စိန်ခေါ်မှုများစွာ ဆက်လက် ကြုံနေမည် ဖြစ်ကြောင်း ဆိုထားသည်။
“ပုံမှန်မဟုတ်မှုဆီသို့ ဦးတည်ရွေ့လျှားနေချိန်တွင် အားနည်းသော အဖွဲ့အစည်းများသည် တရားမဝင် လုပ်ငန်းလည်ပတ်ရေး ဆုံးဖြတ်ချက်များကို ရှာဖွေလာစေသည်” ဟု ကမ္ဘာ့ဘဏ်အစီရင်စာက ဆိုသည်။
ဘဏ်များက လုပ်ငန်းစုကြီးများ အထူးသဖြင့် နိုင်ငံခြားငွေရှိသူများကိုသာ ငွေထုတ်ချေးတော့မည် ဖြစ်ပြီး အသေးစားငွေချေးလုပ်ငန်းများမှာလည်း အခက်အခဲကြုံနေရချိန်တွင် ငွေချေးလိုသူများသည် တရားဝင်မဟုတ်သည့် ငွေချေးသူများထံ အားကိုးလာရတော့မည်ဟုလည်း အစီရင်ခံစာက ဆိုသည်။
“အများအားဖြင့် ဆိုရလျှင် ယင်းသည် မြန်မာ့ဘဏ္ဍာရေးကဏ္ဍသည် ဘဏ်များက ရေပေါ်ဆီတစုကို ငွေချေး၊ လူအများစုကြီးက အပေါင်ခံပစ္စည်းပေါ်မူတည်ပြီး မမှန်မကန် ငွေတိုးချေးစားသူများအပေါ်မှီခိုကြရသော ၂၀၁၀-၁၁ ခုနှစ်မတိုင်မီ နှစ်များဆီသို့ လုံးလုံးလျားလျား ပြန်ရောက်သွားခြင်းပင်” ဟု နိဂုံးချုပ်ထားသည်။
You may also like these stories:
ရုရှားငွေပေးချေမှုစနစ်သို့ ဝင်ရန် မြန်မာညှိနှိုင်းနေ
စစ်နှင့် ကုန်ဈေးနှုန်းဒဏ် ပြည်သူများ ခါးစည်းခံနေရ
ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် နိုင်ငံခြားကားကုမ္ပဏီများ ရပ်ဆိုင်းလာ