သီရိလင်္ကာနိုင်ငံသည် ပြင်းထန်ပြီး မကြုံစဖူးသော စီးပွားရေးအကျပ်အတည်းကို မြင်တွေ့ခဲ့ရပြီး အခြားနိုင်ငံများတွင် အလားတူပြဿနာမျိုးကြုံရနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အကြီးအကဲက ပြောသည်။
“မြင့်မားတဲ့ ကြွေးမြီများနှင့် မူဝါဒအကန့်အသတ်ရှိတဲ့ နိုင်ငံတွေဟာ နောက်ထပ် ထိခိုက်မှုများကို ရင်ဆိုင်ရလိမ့်မယ်။ သတိပေးလက္ခဏာတခုအနေနဲ့ သီရိလင်္ကာကလွဲ ကြည့်စရာ မရှိဘူး” ဟု IMF မန်နေဂျင်းဒါရိုက်တာ Kristalina Georgieva က စနေနေ့တွင် ပြောကြားသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများသည် လေးလဆက်တိုက် အရင်းအနှီးများ ထွက်သွားနေမှုကို ဆက်တိုက်ကြုံတွေ့နေရပြီး စီးပွားရေးကို အဆင့်မြင့်ရန် အိပ်မက်များကို အန္တရာယ်ဖြစ်စေသည်ဟု သူမက ပြောကြားခဲ့သည်။
နိုင်ငံခြားငွေလဲလှယ်မှု အကျပ်အတည်းကို ကြုံနေသည့် သီရိလင်္ကာသည် လူ ၂၂ သန်းအတွက် အစားအစာ၊ လောင်စာဆီနှင့် ဆေးဝါးများကဲ့သို့ အရေးကြီးသော သွင်းကုန်များအတွက် ပေးချေရန် ရုန်းကန်နေရသည်။ ငွေကြေးဖောင်းပွမှုမှာ လွန်ခဲ့သည့်နှစ်ကထက် ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး စားသောက်ကုန်ဈေးနှုန်း ၈၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ သီရိလင်္ကာ ရူပီးသည် ယခုနှစ်တွင် အမေရိကန် ဒေါ်လာနှင့် အခြားကမ္ဘာ့ငွေကြေးများ နှင့် ယှဉ်လျှင် တန်ဖိုးကျဆင်းသွားခဲ့သည်။
ဆိုးရွားတဲ့ မူဝါဒတွေနဲ့ စီးပွားရေးကို အလွဲသုံးစားလုပ်ခဲ့တဲ့အတွက် အများအပြားက သမ္မတဟောင်း Gotabaya Rajapaksa ကို အပြစ်တင်ကြပါတယ်။ သူက ကပ်ရောဂါကြောင့်သာ စီးပွားပျက်ရကြောင်း တုန့်ပြန်သည်။
သီရိလင်္ကာသည် နှစ်များတလျှောက် ကြွေးမြီအမြောက်အမြား ချေးယူခဲ့ပြီး ပြီးခဲ့သည့်လတွင် နှစ် ၂၀ အတွင်း အာရှပစိဖိတ်ဒေသတွင် နိုင်ငံခြားကြွေးမြီကို ပြန်မဆပ်သည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။
တာဝန်ရှိသူများသည် ဒေါ်လာ ၃ ဘီလီယံ (ပေါင် ၂.၅ ဘီလီယံ) ထောက်ပံ့မှု ယူရန် IMF နှင့် ညှိနှိုင်းနေခဲ့သည်။ သို့သော် နိုင်ငံရေး မငြိမ်မသက်မှုတွေကြား ဆွေးနွေးပွဲတွေ ရပ်တန့်နေများ ရပ်တန့်နေသည်။
အလားတူ ကမ္ဘာလုံးဆိုင်ရာ ဖြစ်ပွားနေသော ငွေကြေးဖောင်းပွမှုနှင့် အတိုးနှုန်းတက်ခြင်း၊ ငွေကြေးတန်ဖိုးကျဆင်းခြင်း၊ ကြွေးမြီမြင့်မားခြင်းနှင့် နိုင်ငံခြားအရန်ငွေများ ကျဆင်းခြင်းများသည် ဒေသတွင်းရှိ အခြားစီးပွားရေးများကိုလည်း ထိခိုက်စေသည်။
တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားကို အလုံးအရင်း ငွေချေးထားသောကြောင့် ၎င်းတို့၏ကံကြမ္မာကို အရေးပါသောနည်းလမ်းများဖြင့် ထိန်းချုပ်ထားသည်။ သို့သော် ဘေဂျင်း၏ ချေးငွေအခြေအနေများသည် မည်သို့ရှိသနည်း၊ သို့မဟုတ် ကြွေးမြီကို မည်သို့ပြန်လည်ဖွဲ့စည်းမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
International Crisis Group မှ Alan Keenan ၏အဆိုအရ တရုတ်နိုင်ငံသည် အမှားအယွင်းဖြစ်နေသည့်နေရာများ၌ ကြီးမားသော စီးပွားရေးအကျိုးအမြတ် မရှိသည့် တန်ဖိုးကြီး အခြေခံအဆောက်အအုံစီမံကိန်းများကို အားပေး ကူညီ ပံ့ပိုးပေးလျက်ရှိသည်။
“အာဏာရ ရာဂျာပက်ဆာမိသားစုနဲ့ သူတို့ရဲ့ မူဝါဒတွေကို တက်ကြွတဲ့ နိုင်ငံရေးထောက်ခံမှုကလည်း ဒီကျဆုံးမှုမှာ အရေးပါတယ်။ ဒီနိုင်ငံရေးကျရှုံးမှုတွေက သီရိလင်္ကာ စီးပွားရေးပြိုလဲမှုရဲ့ ဗဟိုချက်ဖြစ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုကို ပြန်လည်ပြုပြင်မွမ်းမံတဲ့အချိန်အထိ သီရိလင်္ကာနိုင်ငံဟာ သူ့ရဲ့ လက်ရှိအိပ်မက်ဆိုးက လွတ်မြောက်ဖို့ မဖြစ်နိုင်ပါဘူး”
စိုးရိမ်ဖွယ်ရာမှာ လာအို၊ ပါကစ္စတန်၊ မော်လ်ဒိုက်နှင့် ဘင်္ဂလားဒေ့ရှ်တို့သည်လည်း အလားတူ လမ်းကြောင်းပေါ်တွင် ရှိနေပုံပေါ်သည်ဟု ဘီဘီစီသတင်းတပုဒ်က ဖော်ပြသည်။
မြန်မာနိုင်ငံတွင်လည်း ဒေဝါလီခံရနိုင်သည့် အလားအလာများ အလားတူဖြစ်နေသော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းအပြီး ခိုင်မာသော အချက်အလက်များ မရရှိနိုင်တော့သောကြောင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများအနေဖြင့် ခန့်မှန်းတွက်ချက်ခြင်းများ မပြုလုပ်နိုင်တော့ချေ။
You may also like these stories:
ကြွေးမြီအကျပ်အတည်းကြောင့် လာအို ဒေဝါလီခံရနိုင်
မြန်မာ့ဘဏ္ဍာရေးကဏ္ဍ နောက်ကြောင်း ပြန်လှည့်နေ ဟု ကမ္ဘာ့ဘဏ်ဆို
ပြည်ပချေးငွေ ပေးဆပ်မှုများ ဆိုင်းငံ့ထားရန် ဗဟိုဘဏ် ညွှန်ကြား