စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း(၁)၌ ပါဝင်သော ၁၀၂ မြို့ နယ်ကို ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ရာ စစ်တပ်ထိန်းချုပ်ထားသည့် ရန်ကုန်တိုင်းအတွင်း ၄၆ မြို့နယ် ရှိသည့်အနက် ၁၂ မြို့နယ်သာ ကနဦးကျင်းပမည်ဟု ဖော်ပြထားသည်။
စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းအတွင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ခရိုင်အဆင့်မြို့နယ် ၁၄ ခုအနက် အင်းစိန် ခရိုင်နှင့် လှည်းကူးခရိုင်အားချန်လှပ်ကာ ကျန်ခရိုင်အဆင့်မြို့နယ်များဖြစ်သော ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်၊ အလုံမြို့နယ် တို့တွင် စတင်ပြုလုပ်မည်ကို တွေ့ရသည်။
၂၀၂၁ အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာသည့် လက်နက်ကိုင်တိုက်ပွဲများကြောင့် နယ်မြေအများအပြား လက်လွှတ်ထားရ သည့် စစ်တပ်အနေဖြင့် ရွေးကောက်ပွဲအား အပိုင်းလိုက်ကျင်းပရန်ကြိုးပမ်းနေရာ လက်နက်ကိုင်တိုက်ပွဲများမရှိသော ရန်ကုန်၌ပင် လုံခြုံရေးအပြည့်အဝပေးနိုင်ရေး စိန်ခေါ်မှုကြောင့် ၁၂ မြို့သာ ကနဦးကျင်းပခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူတဦးက သုံးသပ်ပြောဆိုသည်။
၎င်းက “စစ်ဌာနချုပ်အလိုက် လုံခြုံရေးအပြည့်အဝ ထိန်းနိုင်မယ့် မြို့နယ်တွေ ရွေးချယ်ပုံရတယ်။ အကုန်လုံး တပြိုင်တည်း လုပ်ရင် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာရှိတဲ့ စစ်တပ်နဲ့ရဲ၊ ပျူစောထီးအင်အားနဲ့ လုံခြုံရေးယူဖို့ မလုံလောက်ဘူးနဲ့တူတယ်။ အဲဒါ ကြောင့် ပြည့်ပြည့်ဝဝ လုံခြုံရေးအရ ထိန်းချုပ်နိုင်မယ့်အင်အားနဲ့ ခွဲလုပ်ပုံရတယ်။ ဒါကြောင့် ရန်ကုန်ကို ရွေးကောက်ပွဲ အနည်းဆုံး သုံးပိုင်းကနေ လေးပိုင်းကြားခွဲလုပ်မယ့်ပုံပဲ” ဟု ပြောသည်။
စစ်တပ် ထိန်းချုပ်ထားသည့် ရန်ကုန်တိုင်းအတွင်း မြို့နယ်များအား ရွေးကောက်ပွဲ တပြိုင်နက်ကျင်းပခြင်းမပြုဘဲ အပိုင်းခွဲပြုလုပ်မှုနှင့် ပတ်သက်၍ မှတ်ချက်မပြုလိုဘဲ နိုင်ငံရေးပါတီတခုအနေဖြင့် သတ်မှတ်ချက်အတိုင်း ယှဉ်ပြိုင်ရ မည်သာဖြစ်ကြောင်း ပြည်ထောင်စုတဝန်းလုံးယှဉ်ပြိုင်မည့် ပါတီတာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “UEC က လုပ်တဲ့အတိုင်းပဲ ကျနော်တို့က နိုင်ငံရေးပါတီဆိုတော့ သူတို့ပြောတဲ့အတိုင်းပဲ ပြိုင်ဆိုပြိုင်တာပေါ့ဗျာ။ သူတို့ ချမှတ်တဲ့အတိုင်းပဲ ဘာမှမဝေဖန်ချင်ပါဘူး” ဟု ဆိုသည်။
ရွေးကောက်ပွဲအပိုင်း(၁)အား ရန်ကုန်တိုင်းမှ ၈ မြို့နယ် အပါအဝင် မြို့နယ် ၁၀၂ မြို့နယ်၌ ပြုလုပ်မည်ဆိုသော်လည်း ပါဝင်သည့်မြို့နယ်အချို့၌ အပြန်အလှန်ထိုးစစ်ဆင် တိုက်ခိုက်မှုများရှိနေသည့်အတွက် ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ ၂၈ ရက်မတိုင်မီ အချိန်သုံးလကျော်ကာလအတွင်း မြို့နယ်အရေအတွက် အပြောင်းအလဲ ရှိလာနိုင်သေးကြောင်းလည်း လေ့လာသူအချို့က သုံးသပ်သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပထမအသုတ်ရွေးကောက်ပွဲကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့် မြို့များတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ဩဂုတ် ၁၉ ရက်၌ ချောက်နှင့်ရေနံချောင်းခရီးစဉ်အတွင်း ပြောဆိုခဲ့သည်။
စစ်ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအား အပိုင်းမည်မျှအထိပြုလုပ်ရန် ကြေညာထားခြင်းမရှိသော်လည်း အပိုင်းလိုက် ကျင်းပသည့် ရွေးကောက်ပွဲရလဒ်များ ကြေညာပြီးမှသာ လွှတ်တော်ခေါ်ယူသွားမည်ဟု UEC ဘက်က ထုတ်ဖော်ပြောဆို ထားသည်။
ရွေးကောက်ပွဲအပိုင်း ၁ ၌ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင် မြို့နယ် ၃ ခု၊ ချင်းပြည်နယ်တွင် တီးတိန်၊ ဟားခါးမြို့နယ် ၂ ခု၊ ကရင်နီပြည် (ကယား ပြည်နယ်)တွင် လွိုင်ကော်၊ ဘောလခဲ မြို့နယ် ၂ ခု၊ ကချင်ပြည်နယ်တွင် မြစ်ကြီး နား၊ မိုးညှင်း၊ ပူတာအို အစရှိသည့် မြို့နယ် ၆ ခုနှင့် မန္တလေးတိုင်းအတွင်း ချမ်းအေးသာစံ၊ ပြင်ဦးလွင်၊ ညောင်ဦး၊ ကျောက် ဆည် စသော မြို့နယ် ၈ မြို့နယ်တို့ ပါဝင်သည်။
ထို့ပြင် ကရင်ပြည်နယ်တွင် မြို့နယ် ၃ ခု၊ စစ်ကိုင်းတိုင်းတွင် မြို့နယ် ၁၂ ခု၊ တနင်္သာရီတိုင်းတွင် မြို့နယ် ၄ ခု၊ ပဲခူးတိုင်းတွင် မြို့နယ် ၈ ခု၊ မကွေးတိုင်းတွင် မြို့နယ် ၉ မြို့နယ်၊ မွန်ပြည်နယ်တွင် မြို့နယ် ၅ ခု၊ ရန်ကုန်တိုင်းတွင် မြို့နယ် ၁၂ ခု၊ ရှမ်း ပြည်နယ်တွင် မြို့နယ် ၁၂ ခု၊ ဧရာဝတီတိုင်းတွင် မြို့နယ် ၈ ခုနှင့် နေပြည်တော်တွင် မြို့နယ် ၈ ခုတို့၌ ကျင်းပသွားမည်ဟု ထုတ်ပြန်ထားသည်။
You may also like these stories:
မြန်မာရွေးကောက်ပွဲကို တရုတ်ထောက်ခံမှု၏ နောက်ကွယ်
စစ်အုပ်စု ရွေးကောက်ပွဲကို ချေမှုန်းနိုင်မည့် တော်လှန်သော သေနင်္ဂဗျူဟာ
ဘာဖြစ်နေနေ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော














