ဘာတွေဖြစ်နေနေ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလ ရွေးကောက်ပွဲအတွက် အသစ်ဖွဲ့လိုက်တဲ့ စစ်ကော်မရှင် ပထမအကြိမ်အစည်းအဝေးမှာ ပြောပြီး ရွေးကောက်ပွဲကာလ သတ်ဖြတ်မှုတွေကို အလျင်အမြန် အရေးယူဖို့ တောင်းဆိုသလို ပြည်တွင်းစစ်အတွင်း ပိုမိုများပြားတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်ဆင်ရေးတွေလုပ်မယ်လို့ ကြေညာတယ်။
အင်္ဂါနေ့မှာ လုပ်တဲ့ အဲဒီအစည်းအဝေးကို ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ ဝန်ကြီးချုပ် ညိုစော၊ ကာကွယ်ရေးဝန်ကြီး မောင်မောင်အေး၊ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်၊ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ၊ စစ်တပ်တတိယခေါင်းဆောင် ကျော်စွာလင်းနဲ့ အောင်လင်းဒွေး၊ ရဲဝင်းဦးနဲ့ ရာပြည့်အပါအဝင် အခြားအဆင့်မြင့်အရာရှိတွေ တက်ကြတယ်။
ရွေးကောက်ပွဲ မဖြစ်မနေလုပ်မယ်
ရွေးကောက်ပွဲလုပ်ဖို့ ဆုံးဖြတ်ချက်ကို ရွေးကောက်ပွဲမတိုင်ခင် ၄ လ ကျော်အလိုမှာ မင်းအောင်လှိုင် ထပ်မံအတည်ပြုပြီး လွှတ်တော်ခေါ်ဖို့ သမ္မတတဦး ရွေးချယ်ဖို့နဲ့ အစိုးရဖွဲ့ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ အဲဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီစနစ်ကို ပြန်သွားဖို့ ဖွဲ့စည်ပုံ အခြေခံဥပဒေနဲ့ညီတဲ့ခြေလှမ်းလို့ စစ်ကော်မရှင်ပြောပေမဲ့ သူတို့ရဲ့ရည်ရွယ်ချက်က စစ်တပ်ထိန်းချုပ်မှု ခိုင်မာအောင်လုပ်ဖို့ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆကြပါတယ်။
စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ထောက်ခံမှုနဲ့ မင်းအောင်လှိုင်ဟာ သမ္မတဖြစ်လာမယ်လို့ သတင်းကျယ်ကျယ်ပြန့်ပြန့်ထွက်နေကြောင်း နိုင်ငံရေးသုတေသီတွေ ပြောပါတယ်။
စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ထောက်ခံမှုနဲ့ မင်းအောင်လှိုင်ဟာ သမ္မတဖြစ်လာမယ်လို့ သတင်းကျယ်ကျယ်ပြန့်ပြန့်ထွက်နေကြောင်း နိုင်ငံရေးသုတေသီတွေ ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လို အဓိကအတိုက်အခံအင်အားစုတွေကို ဖယ်ထုတ်ထားတဲ့ ရွေးကောက်ပွဲဥပဒေသစ်တွေအောက်မှာ USDP ဟာ အနိုင်ရမယ့် အနေအထားမှာ ရှိနေပါတယ်။ စစ်တပ်အတွက်ပေးထားတဲ့ လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းနဲ့ အချိုးကျကိုယ်စားပြုစနစ်ကို ပြောင်းလဲအသုံးပြုခြင်းကြောင့် USDP ဟာ အများပြည်သူမဲ ၃ ပုံ ၁ ပုံနဲ့တင် အုပ်ချုပ်နိုင်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ အာဏာသိမ်းပြီးကတည်းက စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲလုပ်ဖို့ အကြိမ်ကြိမ်ကတိပြုပေမဲ့ ရက်စွဲသတ်မှတ်တာ မရှိပါဘူး။ မတ်လက ဘယ်လာရုစ်ခရီးအတွင်း အချိန်ဇယားကို ပထမဆုံးအကြိမ် သူပြောပြီး ၂၀၂၅ ခုနှစ်ဒီဇင်ဘာလနှောင်းပိုင်းကနေ ၂၀၂၆ ဇန်နဝါရီလအတွင်း ဖြစ်တယ်လို့ ပြောပါတယ်။ ရက်အတိအကျကို မကြာခင်ကြေညာမယ်လို့ သူ ပြောပါတယ်။
ရွေးကောက်ပွဲကာလ အမှုအခင်းတွေကို အလျင်အမြန် စီရင်မယ်
ရွေးကောက်ပွဲကာလ သတ်ဖြတ်မှုတွေကို တားဆီးဖို့ အစီအမံတွေကို မင်းအောင်လှိုင် တောင်းဆိုပြီး စစ်ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်တယ်လို့ စစ်တပ်ဆန့်ကျင်ရေး အင်အားစုတွေက စွပ်စွဲခံရတဲ့ အရပ်သားတွေကို သတ်ဖြတ်မှု များပြားလာမယ်လို့ သူပြောတယ်။
သံသယရှိသူတွေကို အလျင်အမြန် စီရင်ဖို့ သူ အလေးထားပြောပြီး အဲဒီလို လုပ်ကြံသတ်ဖြတ်မှုတွေကို သာမန်ရာဇဝတ်သားအဖြစ် မသတ်မှတ်ဖို့ သူပြောတယ်။
ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေက အနှောက်အယှက်ပေးမယ်လို့ သတိပေးပြီး ကိုယ်စားလှယ်လောင်းတွေနဲ့ မဲပေးသူတွေအတွက် လုံခြုံရေးတင်းကျပ်ထားဖို့ သူ ပြောပါတယ်။
ဇူလိုင်လ ၂၉ ရက်နေ့က ပြဋ္ဌာန်းလိုက်တဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေမှာ ရွေးကောက်ပွဲတွေကို နှောင့်ယှက်မှုတွေကို ထောင် ၃ နှစ်ကနေ သေဒဏ်အထိပေးမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
တော်လှန်ရေးအင်အားစုတွေက အဲဒီရွေးကောက်ပွဲကို ဆန့်ကျင်နေတာကြာပြီဖြစ်ပြီး စစ်အရာရှိဟောင်းတွေနဲ့ စစ်တပ်လိုလားသူတွေကို ပစ်မှတ်ထား သတ်ဖြတ်မှုတွေကြောင့် နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းတွေကြားမှာ လုံခြုံရေးစိုးရိမ်မှု မြင့်မားပါတယ်။
တော်လှန်ရေးအင်အားစုတွေက အဲဒီရွေးကောက်ပွဲကို ဆန့်ကျင်နေတာကြာပြီဖြစ်ပြီး စစ်အရာရှိဟောင်းတွေနဲ့ စစ်တပ်လိုလားသူတွေကို ပစ်မှတ်ထား သတ်ဖြတ်မှုတွေကြောင့် နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းတွေကြားမှာ လုံခြုံရေးစိုးရိမ်မှု မြင့်မားပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) က သူ့ပိုင်နက်မှာ ရွေးကောက်ပွဲလုပ်ဖို့ ခွင့်မပြုဘူးလို့ ပြောထားပါတယ်။ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောကွယ်ထူးဝင်းကလည်း ရွေးကောက်ပွဲတွေကို လိုအပ်တဲ့နည်းလမ်းနဲ့ဆန့်ကျင်ဖို့ဟာ နိုင်ငံအပေါ် ကရင်ပြည်သူတွေရဲ့တာဝန်လို့ သတ်မှတ်ဖို့ မကြာသေးမီက တိုက်တွန်းထားပါတယ်။
စစ်တပ်ဟာ စစ်အုပ်ချုပ်ရေးကို အရပ်သားအသွင်နဲ့ သက်ဆိုးရှည်အောင်လုပ်ဖို့ ရွေးကောက်ပွဲကို အသုံးချနေတယ်လို့ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်တပ်ကို တိုက်နေတဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကလည်း စွပ်စွဲပါတယ်။
ရွေးကောက်ပွဲကို အင်အားသုံးတိုးချဲ့
ရွေးကောက်ပွဲမတိုင်မီ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား ပြင်းထန်လာတဲ့ တိုက်ပွဲတွေကို သုတေသီတွေက ခန့်မှန်းထားပေမဲ့ ပိုမိုများပြားတဲ့မြို့တွေမှာ ရွေးကောက်ပွဲလုပ်ဖို့ မျှော်လင့်တယ်လို့ အင်္ဂါနေ့က အစည်းအဝေးမှာ မင်းအောင်လှိုင်ပြောပါတယ်။

တနိုင်ငံလုံးက မြို့နယ် ၃၃၀ အနက် ၂၆၇ မြို့နယ်မှ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကော်မရှင်က အစောပိုင်းမှာ ပြောပါတယ်။ မြို့နယ်စာရင်းကို တရားဝင်မထုတ်ပြန်သေးပေမဲ့ မြို့နယ် ၆၀ ကျော်မှာ စစ်အုပ်ချုပ်ရေးကြေညာထားပြီး အများစုက ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ရခိုင် ပြည်နယ်တွေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်း အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေဖြစ်ပါတယ်။
အောက်တိုဘာလအထိ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့အတွက် စစ်တပ်ဟာ အဲဒီဒေသတွေကို ရွေးကောက်ပွဲမတိုင်ခင် သိမ်းပိုက်ဖို့ ကြိုးစားမယ်လို့ သုတေသီတွေ ယူဆတယ်။
အဲဒီအစည်းအဝေးမှာ ဒုစစ်ခေါင်းဆောင် စိုးဝင်းက တိုင်းနဲ့ပြည်နယ်အမျိုးမျိုးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စစ်တပ်ဆန့်ကျင်ရေးအုပ်စုတွေရဲ့ လှုပ်ရှားမှုတွေနဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးတိုးတက်မှုတွေကို မင်းအောင်လှိုင်ကို တင်ပြပါတယ်။
ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က ပိုမိုများပြားတဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်ဖို့ နယ်မြေထိန်းချုပ်မှု တိုးချဲ့ရေး အားထုတ်မှုတွေကို တင်ပြပါတယ်။
နောက်တနေ့မှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲလုံခြုံရေးကြီးကြပ်တဲ့ ကော်မတီက သူ့တို့ရဲ့ ပထမဆုံး အစည်းအဝေးကို နေပြည်တော်မှာလုပ်ပြီး ရွေးကောက်ပွဲကာလအတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေး ကျိုးပေါက်မှု တားဆီးရေးကို ဦးစားပေးမယ်လို့ပြောတယ်လို့ စစ်တပ်မီဒီယာက ဖေါ်ပြပါတယ်။
နောက်တနေ့မှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲလုံခြုံရေးကြီးကြပ်တဲ့ ကော်မတီက သူ့တို့ရဲ့ ပထမဆုံး အစည်းအဝေးကို နေပြည်တော်မှာလုပ်ပြီး ရွေးကောက်ပွဲကာလအတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေး ကျိုးပေါက်မှု တားဆီးရေးကို ဦးစားပေးမယ်လို့ပြောတယ်လို့ စစ်တပ်မီဒီယာက ဖေါ်ပြပါတယ်။
အဲဒီကော်မတီ ဥက္ကဌ ထွန်းထွန်းနောင်က လုံခြုံရေးကြီးကြပ်မှု တာဝန်ပေးထားတဲ့ ကော်မတီ အဆင့်ဆင့်အနေနဲ့ ဥပဒေအရ သူတို့တာဝန်တွေနဲ့ အာဏာတွေကို သဘောပေါက်ဖို့နဲ့ လုံခြုံရေးတာဝန်တွေကို အထူးအားထုတ်လုပ်ကိုင်ပြီး သက်ဆိုင်ရာဌာနတွေနဲ့ မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။
နိုင်ငံတကာ တုံ့ပြန်မှု
အမေရိကန် ပြည်ထောင်စုနဲ့ အခြားအနောက်တိုင်းအစိုးရတွေ၊ စင်ပြိုင်အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စစ်တပ်ကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ရွေးကောက်ပွဲကို ဆန့်ကျင်နေတာ ကာလကြာပြီဖြစ်ပြီး အဲဒီရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်စေဖို့ အတုအယောင်သာ ဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိအရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဥက္ကဌ အနေနဲ့ မလေးရှားနိုင်ငံက ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်မှုတွေရပ်ဆိုင်းရေးကို ဦးစားပေးဖို့ စစ်ကော်မရှင်ကို တိုက်တွန်းပါတယ်။
စတော့ဟုမ်းအခြေစိုက် ဒီမိုကရေစီအဖွဲ့အစည်း International IDEA ကလည်း နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နည်းပညာဖြစ်စေ၊ ရုပ်ဝတ္တုပစ္စည်းဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ ဘယ်လိုထောက်ခံမှုကိုမဆို ပယ်ချဖို့ တိုက်တွန်းထားပါတယ်။
စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းဖို့မဟုတ်ဘဲ စစ်အုပ်ချုပ်ရေး တရားဝင်စေဖို့တွက်ချက်လုပ်ဆောင်မှုလို့ သြဂုတ်လ ၁၂ ရက်နေ့က ကြေညာချက်တစောင်မှာ အထက်ပါအဖွဲ့ပြောပါတယ်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကိုလည်း အထက်ပါအဖွဲ့က ဝေဖန်ပါတယ်။
တဘက်မှာတော့ ဒေသတွင်း အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ ကမ္ဘောဒီးယား၊ ရုရှားနဲ့ ဘယ်လာရုစ်တို့က အဲဒီရွေးကောက်ပွဲကို ထောက်ခံကြတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Maung Kavi ရဲ့ Myanmar Junta Chief Vows December Election ‘No Matter What’ Despite War ကို ဘာသာပြန်တယ်။)
You may also like these stories:
မင်းအောင်လှိုင်နဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေ ယူနီဖောင်း လဲတော့မလား
စစ်ခေါင်းဆောင် ဆိုးမွေ ဘယ်သူတွေ ဆက်ခံမလဲ
အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း
စစ်ကောင်စီ၏ ဆိုက်ဝါးနှင့် ပကတိမြေပြင်စစ်ပွဲအခြေအနေ ၁
စစ်ကောင်စီ၏ ဆိုက်ဝါးနှင့် ပကတိမြေပြင်စစ်ပွဲအခြေအနေ ၂
လူယုံများ အားပြုပြီး အုပ်ချုပ်မှုသစ် စစ်ခေါင်းဆောင် ဖွဲ့စည်း














