စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အမိန့်အား မနာခံပဲ ထွက်စာတင်သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်အား စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားပြီး အရေးယူရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ် သံတွဲမြို့တွင် အာရက္ခတပ်တော် AA နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် လက်နက်ကြီး ပစ်ကူ သုံးခွင့်မပြုပဲ ရေတပ် စစ်သည်များအား ကမ်းထိုးယာဉ်ဖြင့် ကမ်းခြေသို့ ချီတက် တိုက်ခိုက်ခိုင်းသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ကို ငြင်းဆန်ပြီး ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်က ထွက်စာတင်လိုက်ခြင်းဖြစ်သည်ဟု ဧရာဝတီသတင်းရင်းမြစ်များက ပြောသည်။
“ AA က ဟိုတယ်ဇုံထဲမှာ နေရာယူထားတာ။ စနိုက်ပါတွေလည်း ထောက်ထားတယ်။ ရေတပ်က တက်လာရင် စောင့်ပစ်ဖို့ ထောက်ထားတာ။ အဲဒါကို မင်းအောင်လှိုင်က တက်ရှင်းခိုင်းတယ်။ ရေချုပ်က တိုက်လို့ ရတယ်၊ ဒါပေမယ့် လက်နက်ကြီးနဲ့ ပစ်ရှင်းပြီးမှ ကမ်းထိုးယာဉ်နဲ့ လူအင်အားသုံး တက်မယ်လို့ပြောတာကို မင်းအောင်လှိုင်က လက်မခံဘူး။ လက်နက်ကြီးနဲ့ ပစ်ရင် ဟိုတယ်တွေထိမှာ စိုးလို့ လက်နက်ကြီးမပစ်ပဲနဲ့ ကမ်းထိုးယာဉ်နဲ့တက်ခိုင်းတာ” ဟု အမည်မဖော်လိုသည့် ရေတပ်အရာရှိတဦးက ပြောသည်။
သံတွဲမြို့ငပလီကမ်းခြေတွင် စစ်ကောင်စီနှင့် ပတ်သက်သော ခရိုနီကြီးများ ပိုင်ဆိုင်သည့် ဟိုတယ်ကြီးများ များစွာ ရှိသည့်အတွက် လက်နက်ကြီးဖြင့် ပစ်ခတ်ပါက အဆိုပါ ဟိုတယ်ကြီးများ ထိခိုက်ပျက်ဆီးမည် စိုးရိမ်သည့်အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်နက်ကြီးပစ်ကူမသုံးခိုင်းဟု သိရသည်။
“လက်နက်ကြီးပစ်ကူမပါပဲ ကမ်းထိုးယဉ်နဲ့ပဲ တက်မယ်ဆို အကုန်သေကုန်မှာ” ဟု ရေတပ်အရာရှိက ဆိုသည်။
ထို့အပြင် သံတွဲမြို့သည် စစ်ခေါင်းဆောင်၏ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ ဇာတိဖြစ်သည့်အတွက် လေတပ် ဖြင့် ဗုံးမကြဲခိုင်းကြောင်းလည်း ဆိုသည်။
ထို့နောက် လွန်ခဲ့သော ၆ လကျော်က ကာကွယ်ရေးဦးစီးချုပ်( ရေ ) ဖြစ်လာခဲ့သော ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား အမိန့်မနာခံမှုဖြင့် စစ်ကောင်စီက ဇူလိုင်လ ၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ရာထူးမှ ဖယ်ရှားကာ ဒုတိယ ဗိုလ်ချုပ်ကြီးထိန်ဝင်းအား ကာကွယ်ရေး ဦးစီးချုပ် ( ရေ )အဖြစ် ခန့်အပ်လိုက်သည်။
ရေတပ် ဦးစီးချုပ်ဖြစ်လာသော စစ်တက္ကသိုလ်အပတ်စဉ် ၂၉ ( DSA-29 ) ကျောင်းဆင်း ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းသည် မောရဝတီရေတပ်စခန်းဌာနချုပ်မှူး တာဝန်ထမ်းဆောင်ခဲ့ပြီး၂၀၂၄ ခုနှစ်ဇန်နဝါလဆန်းမှစ၍ စစ်ဦးစီးအရာရှိချုပ် (ရေ) ဖြစ်လာခဲ့သူဖြစ်သည်။
You may also like these stories:
ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်
ငပလီကမ်းခြေတလျောက် တိုက်ပွဲ ပြင်းထန်နေတယ် (ရုပ်/သံ)
စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ














