စစ်ကောင်စီ၏ ၃ ကြိမ်မြောက် ခြောက်လကြာ အရေးပေါ်အခြေအနေသည် ယနေ့ တနင်္လာနေ့တွင် သက်တမ်းကုန်ဆုံးပြီဖြစ်ပြီး မြန်မာပြည်သူများနှင့် လေ့လာစောင့်ကြည့်သူများ စိတ်ထဲ နောက်သက်တမ်းတိုး ဘာဖြစ်မလဲဟူသော မေးခွန်းတခုရှိနေသည်။
ဖြစ်နိုင်ခြေတခုမှာ စစ်ကောင်စီသည် အရေးပေါ်အခြေအနေအား ဇူလိုင် ၃၁ ရက်မှ နောက်ထပ်ခြောက်လ သက်တမ်းတိုးရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထပ်မံဖောက်ဖျက်တော့မည် ဖြစ်သည်။ စစ်ကောင်စီသည် ယခုအချိန်အထိ ၃ ကြိမ် သက်တမ်းတိုးခဲ့ပြီး မကြာသေးမီက ဖေဖော်ဝါရီလတွင် သက်တမ်းတိုးခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ခြောက်လ သက်တမ်းတိုးခွင့် ၂ ကြိမ်သာ ခွင့်ပြုထားသည်။
ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြသော အခြားတခုမှာအရပ်သားအစိုးရထံ အာဏာပြန်ရောက်ရေး အသွင်ကူးပြောင်းမည့် ကြားကာလအစိုးရတရပ် ဖွဲ့စည်းရေး အငြိမ်းစားဗိုလ်ချုပ်များနှင့်အတူ စစ်ကောင်စီက ဖွဲ့စည်းမည်ဟူ၏။
မြန်မာနိုင်ငံတွင် ဇူလိုင်လ ၃၁ ရက်နေ့နောက်ပိုင်း နိုင်ငံရေးအခင်းအကျင်းနှင့် ပတ်သက်၍ ထင်ကြေးပေးမှုများသည် နှစ်နှစ်ကြာ နိုင်ငံလုံးဆိုင်ရာ လက်နက်ကိုင်တော်လှန်ရေးကို ချေမှုန်းရန် ရုန်းကန်နေရသည့် စစ်ကောင်စီ၏ လတ်တလော နိုင်ငံရေးခြေလှမ်းများဟု ယူဆစရာဖြစ်သော သတင်းများ ပေါ်ထွက်လာသောကြောင့် ပိုကျယ်ပြန့်လာရသည်။
ဇူလိုင်လ ၉ ရက်နေ့တွင် စစ်ကောင်စီက အကျဉ်းကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းအား ခွင့်ပြုခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ထံ ပထမဆုံး လာရောက်ခွင့်ရသည့် ပထမဆုံး နိုင်ငံခြားဧည့်သည် ဖြစ်လာခဲ့သည်။
နှစ်ပတ်အကြာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းပေါ်ထွက်လာသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင် အောက်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်ခဲ့သည့် ဦးတီခွန်မြတ်နှင့် တွေ့ဆုံခဲ့ကြောင်း သတင်းလည်း မရှေးမနှောင်း ထွက်လာပြန်သည်။ ထို့ပြင် မြန်မာနိုင်ငံကို လာရောက်သော တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးသံတမန် တိန့်ရှီကျွန်းနှင့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပေးတွေ့ရန် ရှိကြောင်းလည်း သတင်းထွက်လာခဲ့သည်။
သောကြာနေ့တွင် မူ ယင်းသတင်းများအား “မကြားသိပါ”ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက Voice of America မြန်မာပိုင်းသို့ ပြောကြားခဲ့သည်။
မနက်ဖြန် အင်္ဂါနေ့တွင် စစ်ကောင်စီသည် ၎င်း၏ ဧရာမ ဗုဒ္ဓရုပ်ပွားတော်သစ် အနေကဇာတင် အထိမ်းအမှတ်အဖြစ် နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ကြေညာဖွယ်ရှိသည်။ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်ကျခံရမှုနှင့်အတူ သမ္မတဦးဝင်းမြင့်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ကဲ့သို့ အခြားသော NLD အစိုးရ ခေါင်းဆောင်များကို ထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းထားသွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။
သို့သော် အဆိုပါ သတင်းများအားလုံးသည် ထင်မြင်ယူဆချက်များသာ ဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံတွင် အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုများ ရှိမည် မဟုတ်ဟု လေ့လာသုံးသပ်သူများက ယူဆနေကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှ နေအိမ်အကျယ်ချုပ်သို့ လွှဲပြောင်းပေးခြင်းသည် နိုင်ငံတကာဖိအားများကို ဖြေလျှော့ရန် ယခင် စစ်အုပ်စုကလည်း အသုံးပြုသည့် နည်းဗျူဟာဖြစ်ကြောင်း ၎င်းတို့က ထောက်ပြသည်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အစောပိုင်းအထိ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် ယခင်စစ်အုပ်စုလက်ထက်တွင်လည်း နိုင်ငံတကာဖိအားများ မြင့်တက်လာတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက်တွေ့ဆုံရန် နိုင်ငံခြားသံတမန်များကို ခွင့်ပြုခဲ့သည်။
အရေးပေါ် ကာလ သက်တမ်းတိုးရန် အလားအလာများကြောင်း “ပြည်ထောင်စုတဝှမ်း တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ပြန်လည်တည်ဆောက်ရန် များစွ ာကျန်နေသေးသည်” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာသေးမီက မိန့်ခွန်းပြောကြားခဲ့သည်ကို လေ့လာသူများက ထောက်ပြကြသည်။
စစ်ဗိုလ်ချုပ်ဟောင်းများနှင့်အတူ ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းနိုင်ခြေကို လေ့လာသုံးသပ်သူများက လုံးဝ ပယ်ချခြင်းမရှိသော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အကြွင်းမဲ့အာဏာရလိုမှုကြောင့် ကြားဖြတ်အုပ်ချုပ်ရေး ဖွဲ့လောက်နိုင်သည့် အခွင့်အလမ်း နည်းပါးသည်ဟု ပြောသည်။
ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးသည် မင်းအောင်လှိုင်က လက်ရှိ ယိုယွင်းနေသော တိုင်းပြည်၏ အခြေအနေကို မထိန်းချုပ်နိုင်ဟု အသိအမှတ်ပြုမှသာ ဖြစ်ပေါ်လာမည်ဖြစ်သည်။
အကယ်၍ ထိုသို့ဖြစ်လာခဲ့လျှင်ပင် မြန်မာနိုင်ငံသည် လာမည့်နှစ်များအတွင်း စစ်ဘက်က ခေါင်းဆောင်သည့် “အသွင်ကူးပြောင်းမှု”အောက်တွင်သာ ရှိနေဦးမည်ဖြစ်သည်။ တနည်းဆိုရသော် စစ်အုပ်ချုပ်ရေးသည်သာ ဆက်လက် တည်ရှိနေပေလိမ့်ဦးမည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ What”s Next for Myanmar as State of Emergency Comes to an End? ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဆင်ဖြူ တနှစ်ပြည့် မွေးနေ့ကျင်းပ
ဒေါ်အောင်ဆန်းစုကြည်ကို သုံးပြီး စစ်ကောင်စီ သတင်းတုဖြန့်ချိနေ
စစ်ခေါင်းဆောင်ကို ထောက်ခံရန် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်ဘုရားတွင် စုဝေး
အရေးပေါ်ကာလ သက်တမ်းထပ်တိုးဖို့ စစ်ခေါင်းဆောင် လေသံပစ်
စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ














