မြန်မာမှ မော်တာကျည်ဆံများကို ရုရှားက ယူကရိန်းတွင် အသုံးပြုနေကြောင်း ယူကရိန်းစစ်တပ် သုတေသီများပြောသည်။
မြန်မာစစ်တပ်ထုတ် ၁၂၀ မမ မော်တာကျည်ဆံများကို ရုရှားက ယူကရိန်းတွင် အသုံးပြုနေကြောင်း ယူကရိန်းစစ်ဌာနဟုခေါ်သည့် Militarnyi ဝက်ဆိုက်က ဗုဒ္ဓဟူးနေ့တွင် ရေးသားခဲ့သည်။
ယူကရိန်းနိုင်ငံမှ လက်နက်ခြေရာခံရေး သုတေသီများက ထိုသတင်းကို အတည်ပြုကြောင်း Militarnyi က ဖေါ်ပြသည်။
အမှတ်အသားအများစုကို ဖျက်ထားသော်လည်း အမြီးပိုင်းများနှင့် အကြွင်းအကျန် အမှတ်အသားများနှင့် ဖျု့စ်များက ထိုကျည်ဆံများမှာ မြန်မာထုတ် ဖြစ်ကြောင်းကို ဖေါ်ပြနေကြောင်း ရုရှားကျူးကျော်မှုကို စောင့်ကြည့်နေသည့် Militarnyi ကဖေါ်ပြသည်။
“ရုရှားတပ်များက တင်သည့် ဓာတ်ပုံအများအပြားအရ ရုရှားလေကြောင်းတပ်များသည် မြန်မာတွင် ထုတ်လုပ်သည့် 12ER မော်တာဗုံးများ စတင်အသုံးပြုနေကြောင်း သိရသည်။ ထိုကျည်ဆံများကို မြန်မာစစ်ကောင်စီက မကြာသေးမီက ပေးပို့ခဲ့ကြောင်း ထင်ရှားသည်” ဟု လွတ်လပ်သော လက်နက်သုတေသီ War Noir က ဗုဒ္ဓဟူးနေ့တွင် တွစ်တာတွင်ရေးသည်။ အကောက်ခွန် အချက်အလက်များအရ ရုရှားသည် မြန်မာနှင့် အိန္ဒိယသို့ ယခင်က တင်ပို့ထားသည့် လက်နက်များကို ပြန်လည်တင်သွင်းနေကြောင်း Nikkei Asia ကလည်း လွန်ခဲ့သောလတွင် ဖေါ်ပြခဲ့သည်။
ရုရှားသည် စစ်မြေပြင်တွင် ခဲယမ်းမလုံလေက်မှုများကို ဖြည့်ဆည်းရန် မဟာမိတ်များထံမှ လက်နက်များ ပြန်လည်တင်သွင်းနေကြောင်း ထိုသတင်းဌာနက ဖေါ်ပြသည်။
ထိုမော်တာကျည်များသည် မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု ညွှန်ကြားရေးမှူးရုံး (ကပစ) မှ ဖြစ်ကြောင်း စစ်ကောင်စီ သတင်းရင်းမြစ်များပြောသည်။
“အဲဒါတွေက မြန်မာလုပ် ကျည်ဆံတွေ။ အဲဒါတွေကို ၆၀ မမ၊ ၁၀၅ မမ ကျည်ဆံတွေနဲ့အတူ ကပစ စက်ရုံက ထုတ်တာ” ဟု မြန်မာစစ်တပ် လက်နက်ထုတ်လုပ်သည့်အပိုင်းမှ အရာခံဗိုလ်တဦး ပြောသည်။
သို့သော် ယူကရိန်းမှ ဓာတ်ပုံများသည် ပဲခူးတိုင်း ပန်းတောင်းမှ ထုတ်လုပ်သည့် စံနမူနာ မော်တာကျည်ဆံများနှင့် မကိုက်ညီပေ။
ထိုကျည်များသည် ရုရှားအတွက် ထုတ်လုပ်ပေးသည့် ကျည်များ သို့မဟုတ် အဆင့်မြှင့်တင်ထားသည် ကျည်များဖြစ်နိုင်ကြောင်း စက်ရုံသတင်းရင်းမြစ်များက ပြောသည်။
ထို ၁၂၀ မမ မော်တာကျည်ဆံများသည် စစ်ကောင်စီ၏ ခဲယမ်းများဖြစ်သော်လည်း မြန်မာမှ စံနှုန်းများထက် ပိုမိုကောင်းမွန်နေသောကြောင့် ရုရှားပညာရှင်များသည် ၎င်းတို့ကို ထုတ်လုပ်ရာတွင် ပူးပေါင်းဆောင်ရွက်နေသည့် သဘောဖြစ်သည်ဟု စစ်ကောင်စီ အခြားသတင်းရင်းမြစ်တခုက ပြောသည်။
ရုရှားသည် ယူကရိန်းမှ ၎င်းတို့တပ်များကို ထောက်ပံ့ရန် မည်သည့်နေရာမဆိုမှ မည်သည့်လက်နက်ကိုမဆို ဝယ်ယူရန် ကြိုးစားနေကြောင်း ယူကရိန်း စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ကျရီလို ဘန်ဒါနော့က လွန်ခဲ့သောလက ဗီအိုအေအား ပြောကြားခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Mortar Rounds Fired by Russia in Ukraine ကို ဘာသာပြန်သည်။)
You may also like these stories:
ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ
Federal Wings နှင့် နွေဦးသင်ခန်းစာများ
ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား
စစ်တပ်က အင်အား ၄၀၀ ကျော်ဖြင့် ကန်ပက်လက်ကို ထိုးစစ်ဆင်နေ
မြန်မာ့ပြည်တွင်းစစ်တွင် တံတားများကို ပစ်မှတ်ထားလာခြင်း
ပြောင်းလဲနေသော ကရင်နီစစ်မျက်နှာ