ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေသည် ယခင်စစ်အုပ်စုအောက်တွင် ရာထူးမြင့်မားသူတဦးအဖြစ် လူသိများသည်။ သို့သော် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမှစတင်ပြီး သူသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ရုပ်သေးရုပ် ဖြစ်သွားပြီး ယခုစစ်ကောင်စီတွင် ယာယီ သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသည်။
ယခင်စစ်အာဏာရှင် ဦးသန်းရွှေ၏ ယုံကြည်ရသော ဗိုလ်ချုပ်ဖြစ်သည့် ဦးမြင့်ဆွေသည် ယခုဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတွင် စစ်တပ်က အမည်စာရင်းတင်သွင်းသည့် ဒုသမ္မတ မဖြစ်မီက ရန်ကုန်တိုင်းစစ်တိုင်းမှူးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်ခဲ့သည်။
ထို့ကြောင့် စစ်မှုထမ်းဘဝ တလျှောက်လုံးတွင် စစ်အုပ်စုဝင်များ အားကျစရာ ရာထူးများတွင် ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံ၌ အမြင့်ဆုံးရာထူးတွင် ထမ်းဆောင်နေသူသည် ဝမ်းနည်းကြေကွဲစရာ အခြေအနေ ရောက်နေသည်မှာ မယုံနိုင်စရာပင်ဖြစ်သည်။
မြန်မာစစ်ဗိုလ်ချုပ်များ၏ အစဉ်အလာအရ အလေးထားလွန်းသည့် ရာထူးအဆင့်နှင့် ဝါရင့်ခြင်းသည် ဦးမြင့်ဆွေအတွက် ခိုင်းကောင်းရုံ ဖြစ်ပုံရသည်။
စစ်တက္ကသိုလ် အမှတ်စဉ် ၁၅ မှဆင်းသော ဦးမြင့်ဆွေသည် စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ဆင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်မှ မည်သည့် ဗိုလ်ချုပ်များထက်သာမက ယခုစစ်ကောင်စီတွင် ပါဝင်နေသည့် မည်သည့် ဗိုလ်ချုပ်ဟောင်းမဆိုထက် ဝါရင့်သည်။
မြန်မာအစိုးရ အင်္ဂါစဉ်အရ သမ္မတသည် မည်သူမဆိုထက် အဆင့်အမြင့်ဆုံးဖြစ်ပြီး စစ်တပ်အကြီးအကဲထက်လည်း အဆင့်မြင့်မားသည်။
သို့သော် လက်တွေ့တွင် ထိုအမည်ခံ နိုင်ငံအကြီးအကဲသည် ခြောက်လတကြိမ် စစ်အုပ်ချုပ်ရေး သက်တမ်းတိုးရန် အတွက်သာ အသုံးချခံနေရသည်။ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်စေရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (NDSC) အစည်းအဝေး ကျင်းပတိုင်း မင်းအောင်လှိုင်သည် ဦးမြင့်ဆွေကို ခေါ်ထုတ်လာပြီး စစ်ကောင်စီ ခေါင်းဆောင် ပြောသမျှကို ကမကထပြုကာ ခေါင်းညိတ်စေသည်။

တချိန်တည်းတွင် ဦးမြင့်ဆွေသည် စစ်ကောင်စီအစည်းအဝေးများ၊ နိုင်ငံတော်အဆင့် အခမ်းအနားများ၊ သံတမန်များနှင့် တွေ့ဆုံမှုများတွင်လည်း ပါဝင်ခြင်း မရှိသည်မှာ မှတ်သားစရာကောင်းလှသည်။
သမ္မတ ဦးမြင့်ဆွေသည် နေအိမ်အကျယ်ချုပ် ခံထားရသကဲ့သို့ ဖြစ်နေသည်ဟု စစ်တပ်ဝါရင့်အရာရှိများနှင့် ဌာနအကြီးအကဲများက မှတ်ချက်ချသည်။
သူ၏ မနှစ်မြို့မှု နောက်တခုမှာ သမ္မတရုံး ပျောက်ဆုံးခြင်း ဖြစ်သည်။ သမ္မတရုံးကို မင်းအောင်လှိုင်က သိမ်းယူပြီး စစ်ကောင်စီ (SAC) ရုံးဟု အမည်ပြောင်းထားသည်။
ယာယီသမ္မတဖြစ်သော်လည်း ဦးမြင့်ဆွေသည် သူ၏မူလရုံးဖြစ်သော ဒုတိယ သမ္မတ (၁) ရုံးတွင်သာ ထိုင်ရသည်။ သမ္မတရုံးကို မင်းအောင်လှိုင်က သိမ်းပိုက်ထားသည်။
စစ်ကောင်စီခေါင်းဆောင်သည် သူယုံကြည်ရသည့် စစ်အရာရှိများကိုလည်း စစ်ကောင်စီရုံးသို့ ပြောင်းရွှေ့ခန့်ထားပြီး ထိုသူများနှင့်သာ အလုပ်လုပ်သည်။
“သူက ဦးသိန်းစိန်အစိုးရ ဒါမှမဟုတ် NLD အစိုးရလက်ထက်က ညွှန်ကြားရေးမှူးချုပ်တွေကို မသုံးဘူး။ အဲဒီလူတွေကို သူ မယုံဘူးဆိုတာကို ပြသနေတယ်” ဟု သမ္မတရုံးနှင့် နီးစပ်သော သတင်းရင်းမြစ်တခုက ပြောသည်။
အနေအများဆုံးဖြစ်သည့် စစ်ရုံးမှ သမ္မတရုံးသို့ မင်းအောင်လှိုင် သွားရောက်သည့်အခါများတွင် ဦးမြင့်ဆွေသည် အပေါက်ဝတွင် သူ့ကို ခရီးဦးကြိုနှုတ်ဆက်ရသည်။ ထိုရုံးမှ မင်းအောင်လှိုင် ပြန်ထွက်သောအခါတွင်လည်း ဦးမြင့်ဆွေက သူ့ကို ထွက်တွေ့ရသည်။
ဦးမြင့်ဆွေ၏တာဝန်မှာ ထိုမျှသာ ကန့်သတ်ထားပုံရသည်။ မင်းအောင်လှိုင်အတွက် ခြောက်လတကြိမ် စစ်အုပ်ချုပ်ရေး သက်တမ်းတိုးရန်၊ ခရီးဦးကြိုနှုတ်ဆက်ရန်နှင့် ပြန်လည်ပို့ဆောင်နှုတ်ဆက်ရန်သာ ဖြစ်သည်။
“ကြာလာတော့ ဝန်ထမ်းတွေက သူ့ကို မလေးစားတော့ဘူး။ သူက ဒါကိုသိပြီး အကြီးအကျယ် စိတ်ဖိစီးနေတယ်” ဟု သမ္မတရုံးမှ သတင်းရင်းမြစ်တခုက ပြောသည်။
စစ်ကောင်စီ ထိန်းချုပ်သော၊ စစ်ကောင်စီလိုလားသော မီဒီယာများက ဖော်ပြသည့် ဓာတ်ပုံများတွင် အသက် ၇၂ နှစ်ရှိပြီဖြစ်သော ဦးမြင့်ဆွေသည် သူ့အသက်ထက် ပိုမိုအိုမင်းရင့်ရော်နေသည်မှာ အံ့သြစရာ မဟုတ်ပေ။
လွန်ခဲ့သော ခြောက်လက ကျင်းပသည့် NDSC အစည်းအဝေးကို စောင့်ကြည့်နေသည့် နိုင်ငံရေးလေ့လာသူများက ဦးမြင့်ဆွေ လွန်စွာ အိုမင်းရင့်ရော်သွားကြောင်း မှတ်ချက်ချကြသည်။
နေပြည်တော်တွင် မင်းအောင်လှိုင် တည်ထားသည့် ကြီးမားလှသော မာရဝိဇယ ဗုဒ္ဓဆင်းတုတော်သို့ ယခုလအစောပိုင်းက သမ္မတဟောင်း ဦးသိန်းစိန်နှင့်အတူ သွားရောက်သောအခါ သူ၏ ပင်ပန်းနွမ်းနယ်နေသည့် မျက်နှာကို သိသိသာသာ တွေ့ရသည်။
ဦးသိန်းစိန်သည် စစ်တက္ကသိုလ် အပတ်စဉ် ၉ ဆင်းဖြစ်ပြီး ဦးမြင့်ဆွေထက် အသက် ခြောက်နှစ်ကြီးသည်။ သို့သော် ထိုဘုရားသို့သွားသည့် ဓာတ်ပုံများတွင် ဦးမြင့်ဆွေသည် ဦးသိန်းစိန်ထက် များစွာ ပိုမိုအိုစာနေသည်။
ရန်ကုန်တိုင်း စစ်တိုင်းမှူးလုပ်စဉ်က ဦးမြင့်ဆွေသည် စစ်ထောက်လှမ်းရေး အကြီးအကဲ ခင်ညွန့်ကို ဖြုတ်ချရာတွင် ဦးဆောင်အခန်းမှ ပါဝင်ခဲ့သည်။ ထို့နောက် ယခင် ဦးခင်ညွန့် ဦးဆောင်သည့် စစ်ထောက်လှမ်းရေးကို စစ်ဘက်ရေးရာ လုံခြုံရေးအကြီးအကဲရုံးဖြင့် အစားထိုးလိုက်သောအခါ ဦးမြင့်ဆွေက ထိုရုံးကို တာဝန်ယူရသည်။

ထို့နောက် ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်၏ အရပ်သားအစိုးရအတု အာဏာရလာသောအခါ ဦးမြင့်ဆွေကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သည်။ သူ့ကို ဒု သမ္မတရာထူးအတွက် လျာထားခြင်းဖြစ်သော်လည်း သူ့သားသည် သြစတြေးလျနိုင်ငံသား ဖြစ်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေက သူ့ကို ခန့်အပ်ခြင်းကို တားဆီးထားသည်။
စစ်တပ်မှခန့်သော လွှတ်တော်ကိုယ်စားလှယ်များက ဦးမြင့်ဆွေကို ဒုတိယသမ္မတအဖြစ် အမည်တင်သွင်းသည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်းတွင် ထိုပြဿနာကို ဖြေရှင်းပြီးဖြစ်သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြို ထပ်မံအနိုင်ရသောအခါ ဦးမြင့်ဆွေ၏ နိုင်ငံရေးဘဝသည် အဆုံးသတ်သွားမည့် အခြေအနေရောက်နေသော်လည်း အာဏာသိမ်းသောအခါ မင်းအောင်လှိုင်က စစ်ကောင်စီကို အာဏာလွှဲပေးရန်နှင့် အရေးပေါ်အခြေအနေ ကြေညာရန် သူ့ကို သုံးသည်။
သမ္မတဟောင်းများဖြစ်သော ဦးထင်ကျော်နှင့် ဦးဝင်းမြင့်တို့သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရတွင် အဆောင်အယောင် သမ္မတများဖြစ်သည်ဟု သိကြသည်။ သို့သော် ၎င်းတို့သည် နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် ပြည်တွင်းထောက်ခံမှု ရသည်။
ကွဲပြားခြားနားသောအချက်မှာ ဦးမြင့်ဆွေသည် အာဏာသိမ်းခေါင်းဆောင်၏ ကြံရာပါမျှသာဖြစ်ပြီး နေ့စဉ် စော်ကားခံနေရခြင်း ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ David Aung ၏ Impotence Taking Toll on Myanmar Regime’s Puppet President ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ခေါင်းဆောင်ကို ထောက်ခံရန် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်ဘုရားတွင် စုဝေး
ရွှေဝါရောင် တော်လှန်ရေး နှိမ်နင်းမှု ကြိုးပေးလျှင် ခံနိုင်ဟု ဦးမြင့်ဆွေပြော
ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း
ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု မရှိဟု ဒုသမ္မတ ဦးမြင့်ဆွေ ပြော