ရက္ခိုင်တပ်တော် (AA) ဝင်တိုက်မည်စိုး၍ စစ်တွေမြို့အဝင်အထွက် ပိတ်ထားသဖြင့် အလုပ်အကိုင်ရှားပါးပြီး ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကြောင့် စားဝတ်နေရေးကျပ်တည်းလာသည့်အတွက် မိသားစုလိုက် သတ်သေကြသည့်ဖြစ်စဉ်များ ရှိလာ ကြောင်းဒေသခံများထံမှ သိရသည်။
ဧရာဝတီက စုံစမ်းထားသည့် စာရင်းများအရ ၂၀၂၅ ခုနှစ်အတွင်း စစ်တွေမြို့နယ်တွင် ခက်ခဲကျပ် တည်းမှုများကြောင့် သတ်သေသည့်ဖြစ်စဉ်များမှာ မေလမှ သြဂုတ်လအတွင်း မိသားစုလိုက် အဆုံးစီရင်မှု ၂ မှု၊ တဦးချင်း အဆုံးစီရင်မှု ၃ မှုရှိကာ စုစုပေါင်း သေဆုံးသူ ၁၄ ဦးရှိခဲ့သည်။
၂၀၂၃ ခု နိုဝင်ဘာ ၁၃ရက် ရခိုင်တိုက်ပွဲများစကတည်းက မြို့အဝင်အထွက်ကို စစ်တပ်မှ ကန့်သတ်ခဲ့ပြီး နောက်နှစ် နှစ် ဆန်းတွင် လေကြောင်းမှလွဲ၍ ရေလမ်း၊ ကုန်းလမ်းကို ပိတ်လိုက်ကာ စစ်တွေမြို့ပတ်လည်ရှိ ကျေးရွာများမှ ရခိုင်လူထုကို မြို့တွင်း အတင်းအဓမ္မသွင်း ပိတ်လှောင်ထားသလို မြို့နီးဝန်းကျင်ရှိ မွတ်စလင်ကျေးရွာနှင့် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများကိုလည်း အပြင်ထွက် ခရီးသွားလာခွင့်၊ အလုပ်လုပ်ကိုင်ခွင့် လုံးဝမပေးဘဲ တားမြစ်ထားခြင်းဖြစ်သည်။
မြို့ပြင်ထွက်ခွင့်မရှိသလို မြို့တွင်း၌လည်း အလုပ်အကိုင်များမရှိသဖြင့် ပြည်သူများမှာ စားသောက်ရေး အကျပ်အတည်းများ ကြုံရကာ ရိက္ခာပြတ်ပြီး ငတ်မွတ်မှုဒဏ်ခံရသည့် မိသားစုအများအပြား ရှိနေကြောင်း မြို့ခံများက ပြောသည်။
“အလုပ်မရှိရင် စားစရာမရှိဘူး၊ ပိုက်ဆံရှိတဲ့လူတွေက စားရတာပေါ့၊ မရှိတဲ့လူတွေက မစားရဘူး၊ ကျနော်တို့ မင်းဂံမှာ မစားရလို့ မိသားစုခြောက်ယောက် သတ်သေသွားကြတယ်၊ ကျနော်တို့ကတော့ အပြင်က မိသားစုတွေ ပေးနေလို့ အခုချိန်ထိ ထမင်းတလုပ် စားနေရသေးတယ်၊ စားစရာမရှိရင် ကျနော်တို့လည်း သေပစ်လိုက်ရမှာပဲ၊ ဘာလို့ဆို အလုပ်မှ မရှိတာ” ဟု စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် မိသားစုဝင်လေးဦးနှင့် အတူနေထိုင် သည့် ကိုမောင်ဝင်းက ပြော သည်။
အဆုံးစီရင်သွားသည့် ထိုမိသားစုသည် စစ်တွေမြို့ မင်းဂံအကွက် ၁၁ မှဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က အတူစားမည့် ဆန်ပြုတ်ထဲ အဆိပ်ခပ်ကာ မိသားစုလိုက် အဆုံးစီရင်ခဲ့ကြခြင်းဖြစ်ကြောင်း မင်းဂံရပ်ကွက်တွင် နေထိုင်သူတဦးက ပြော သည်။
“သူတို့မိသားစုက နဂိုကတည်းက ပင်ပန်းဆင်းရဲကြတယ်၊ ဒီမှာဆွေမျိုးအသိုင်းအဝိုင်းလည်း မရှိဘူး ဆန်ပြုတ်တောင် နပ်မမှန်ဘဲ စားနေရတာကြာပြီ ပြောတယ်၊ အဲဒါကြောင့် သတ်သေသွားကြတာ” ဟု မင်းဂံရပ်ကွက်တွင် နေထိုင်သည့် နောက်ထပ်အမျိုးသားတဦးက လည်းဆိုသည်။
အလားတူ မင်းဂံရပ်ကွက်တွင် ပြီးခဲ့သည့် မေလအတွင်းကလည်း စားသောက်ရေးကျပ်တည်းသဖြင့် မိမိကိုယ်ကို သတ်သေ သွားသည့် အမျိုးသမီးတဦးရှိခဲ့ကြောင်း၊ စစ်တွေမြို့အနီးရှိ သက္ကယ်ပြင်ရိုဟင်ဂျာဒုက္ခသည် စခန်းမှ မိသားစုဝင်ငါးဦးသည် လည်း ပြီးခဲ့သည့် မေလအတွင်း မိသားစုလိုက်သတ်သေခဲ့ကြကြောင်း စစ်တွေမြို့မှ အမည်မဖော်လိုသည့် ရိုဟင်ဂျာ လူငယ်တဦးက ပြောသည်။
“ရိုဟင်ဂျာစခန်းတွေမှာ ပိုငတ်ကြပါတယ်၊ ငါးလည်း မဖမ်းရဘူး၊ အရင်လို ရိက္ခာလည်း မရကြ၊ မသေရုံတမယ် စားနေရတဲ့ သူတွေချည်းပါ အကုန်လုံးက၊ အာဟာရချို့တဲ့တာတွေဆိုရင် အများကြီးရှိနေမှာ၊ သတ်သေတာကလည်း ဒီထက်ရှိဦးမယ် ထင်တယ်၊ လိုင်းမရလို့ အရင်လို ချက်ချင်း မသိကြရတာ” ဟု အဆိုပါ ရိုဟင်ဂျာလူငယ်ကဆိုသည်။

ထို့အပြင် ယခု ဩဂုတ်လ ၄ ရက်ကလည်း စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်၊ မင်္ဂလာညွှန့်ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် အသက်ငါးဆယ်ကျော်အရွယ် အမျိုးသမီးတဦးနှင့် ရွာကြီးမြောက်ရပ်ကွက်မှ အသက်ငါးဆယ်နီးပါးအရွယ် အမျိုးသားတဦးတို့ ကြိုးဆွဲချကာ အဆုံးစီရင်ခဲ့ကြောင်း မြို့ခံများက ပြောသည်။
“တရက်တည်းမှာ သတ်သေသွားကြတာ သူတို့နှစ်ယောက်လုံး၊ ငတ်ကြတာကို၊ အဲဒါကြောင့်ပဲ သတ်သေသွားကြတာ”ဟု စစ်တွေမြို့ ရွှေပြားရပ်ကွက်မှ အမျိုးသားတဦးက ပြောသည်။
ရခိုင်ပြည်၌ စားနပ်ရိက္ခပြတ်လပ်မှု ပိုမိုဆိုးရွားလာပြီး ပြည်နယ်အလယ်ပိုင်း အခြေခံစားနပ်ရိက္ခာ ပြည့်မီအောင်မစားသုံးနိုင် သည့် မိသားစုအရေအတွက်မှာ ယမန်နှစ် ဒီဇင်ဘာလက ၃၃ ရာခိုင်နှုန်းရှိရာမှ ယခုအခါ ၅၇ ရာခိုင်နှုန်းထိ ရောက်ရှိနေပြီး အလွန်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း၊ အာဟာရချို့တဲ့မှု အခြေအနေမှာ ပိုမိုဆိုးရွားလာနေကြောင်း၊ ရခိုင်မြောက်ပိုင်းတွင် လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် သွားလာခွင့်ကန့်သတ်မှုများကြောင့် အခြေအနေ ပိုမိုဆိုးရွားနေမည်ဟု ခန့်မှန်းရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က ဩဂုတ် ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ထိုအခြေအနေ၌ မိသားစုဘ၀ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အကြွေးယူခြင်း၊ တောင်းရမ်းစားသောက်ခြင်း၊ အိမ်တွင်း အကြမ်းဖက်ခြင်း၊ ကျောင်းထွက်ရခြင်း၊ လူမှုရေးတင်းမာခြင်းများနှင့် လူကုန်ကူးခြင်းတို့အထိ နည်းမျိုးစုံဖြင့် အပူတပြင်း ကြိုးစားနေရကြောင်းလည်း WFP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
WFP သည် ရန်ပုံငွေမလုံလောက်မှုကြောင့် ပြီးခဲ့သည့် ဧပြီလမှစ မြန်မာနိုင်ငံရှိ လူဦးရေ တသန်းကျော်အား အထောက် အပံ့များ ရပ်ဆိုင်းခဲ့ရပြီး နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေများ တိုးမြှင့်ပေးကြရန်နှင့် မြေပြင်ရှိ အာဏာပိုင်များကလည်း လူသားချင်းစာနာမှုအကူအညီများ အတားအဆီးမဲ့ ဝင်ရောက်ကူညီခွင့်ပေးရန် တောင်းဆိုထား သည်။
မြန်မာနိုင်ငံ၌ အာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တစတစမြင့်တက်ခဲ့ပြီး နိုင်ငံတကာကူညီရေး အဖွဲ့များ လွတ်လပ်စွာအကူအညီပေးခွင့်တို့ မရခဲ့ကြသလို ရခိုင်ပြည်နယ်တိုက်ပွဲများ ဖြစ်လာချိန်ပို၍ပင် ခက်ခဲသွားခဲ့ကြ သည်။
စစ်တွေမြို့တွင်း၌ အရပ်သားသုံးပုံတပုံခန့်ရှိနေပြီး ဆန်နှင့် အခြေခံစားသောက်ကုန်များ အဆမတန်ဈေးတက်နေရာ ဆန်ကြမ်းတအိတ် ကျပ်နှစ်သိန်းနီးပါး၊ ပေါ်ဆန်းမွှေးဆန်တအိတ် သုံးသိန်းနီးပါး၊ မီးသွေးတအိတ် ငါးသောင်းဝန်းကျင်၊ အသားတပိဿာ တသိန်းနီးပါး၊ ငါးတပိဿာ တသိန်းဝန်းကျင်၊ စားဆီတလီတာ ကျပ်တသောင်းကျော်၊ ဓါတ်ဆီ တလီတာ နှစ်သောင်းခွဲဝန်းကျင်ရှိရာ ယင်းသို့ အခြေခံကုန်များ ဈေးကြီးနေသည့်အပြင် အလုပ်အကိုင်အလည်း လွန်စွာ ရှားပါးနေ သည်ဟု မြို့ခံများက ဆိုသည်။
“ရင်းနှီးတဲ့သူတွေကတော့ ဆိပ်ကမ်းမှာ ကုန်ထမ်းလို့ရတယ်၊ ဒါပေမယ့် လူနည်းနည်းပဲ အလုပ်ရကြတာ၊ ကျန်တဲ့သူတွေမှာ ဘာအလုပ်မှ မရှိဘူး”ဟု စစ်တွေမြို့ စံပြရပ်ကွက် နေထိုင်သူတဦးက ပြောသည်။
မြို့တွင်း ဆိုက်ကားနင်း၊ ဆိုင်ကယ်ကယ်ရီမောင်းသည့် အလုပ်များရှိသော်လည်း စက်သုံးဆီဈေးကြီးသည့်အပြင် စီးနင်းသူ နည်းပါးသည့်အတွက် တွက်ခြေမကိုက်ကြဟု ဆိုသည်။
အလုပ်အကိုင်ရှားပါး၊ ကုန်ဈေးနှုန်းကြီးမြင့်သဖြင့် ထမင်းနပ်မမှန်သောရက်ပေါင်းများစွာ ကြုံခဲ့ရပြီဖြစ်ကြောင်း စစ်တွေမြို့ ပေါ် ဘုန်းတော်ကြီးကျောင်းတခုတွင် ခိုလှုံပြီး ဆိုက်ကားနင်းနေသည့် အသက်ငါးဆယ်ကျော်အရွယ် အမျိုးသားတဦးက ပြောသည်။
“အလုပ်လုပ်လို့ ဆန်က နှစ်ဗူးစာ သုံးဗူးစာ ရတယ်၊ လိုတာက ငါးဗူး၊ ဖြစ်သလို စားကြရတာပဲ၊ သိပ်အခက်အခဲရှိတယ်၊ ဆန်မရှိလို့ ထမင်းမချက်ရသေး၊ ကလေးတွေ ငိုနေကြပြီ၊ နှစ်နပ်ကို တစ်နပ်လုပ်စားပြီး နေကြရတယ်၊ ကျနော်တို့ပဲ မဟုတ် ဘူး၊ ပတ်ဝန်းကျင်မှာ အဲဒီလိုမိသားစုတွေ အများကြီးပါ” ဟု ၎င်းက ဆိုသည်။
နိုင်ငံခြားတွင် အလုပ်လုပ်နေသာ ဆွေမျိုးသားချင်း ညီငယ်၊ ညီမတို့၏ ထောက်ပံ့မှုဖြင့် ဝမ်းရေးဖြေရှင်းနေရသော ကိုမောင်ဝင်းကမူ စစ်ဘေးထက် ငတ်မွတ်မှုဘေးကို ပိုကြောက်နေရသည်ဟု ပြောသည်။
“စစ်ဖြစ်မယ့်ဟာကို မစိုးရိမ်ရဘူး၊ အငတ်ငတ်အမွတ်မွတ်နဲ့ သေရမယ့်ဟာကိုပဲ ကြောက်နေရတာ၊ ငတ်ရင် ကိုယ့်ဟာ ကိုယ် သေပစ်လိုက်မှာ၊ နိုင်ငံခြား ဖုန်းဆက်ဖို့ လိုင်းမရတော့ရင် ဘယ်ဟာနဲ့ စားမလဲ စဉ်းစားကြည့်လေ၊ အဲဒါတွေကို တွေးကြည့် လိုက်ရင် အမြဲတမ်း မွန်းကြပ်ပြီးနေရတယ်၊ တောင်းရတာလည်း ရှက်လာတယ်၊ ပေးလာမယ့် သူတွေကိုပဲ မျှော်နေရတယ်၊ ဘာအလုပ်မှလည်း မရှိတာ”ဟု ကိုမောင်ဝင်းက ဆိုသည်။
စစ်တွေမြို့တွင် အချို့ရပ်ကွက်များ၌သာ ဖုန်းလိုင်းရပြီး တခါတရံ ဖုန်းလိုင်းပြတ်တောက်မှုများ ရှိနေကြောင်း မြို့တွင်းနေ ထိုင်သူများက ပြောကြသည်။
ရခိုင်ပြည်နယ် အခြားမြို့နယ်များ၌ အာဏာသိမ်းပြီးနောက်ပိုင်း ငတ်မွတ်မှုအပါအဝင် အခြားအကျပ်အတည်းများကြောင့် မိမိကိုယ်ကိုယ်သတ်သေသည့်ဖြစ်စဉ်များရှိခဲ့ရာ ၂၀၂၄ ခုနှစ်က မြေပုံမြို့နယ်မှ အမျိုးသမီးတဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ရှောင်အမျိုးသားတဦး၊ ၂၀၂၃ ခုနှစ်က ပေါက်တော၊ စစ်တွေ၊ မောင်တော၊ တောင်ကုတ်မြို့နယ်တို့အတွင်းမှ ဒေသခံ လေးဦးသည်လည်း အကြောင်းအမျိုးမျိုးကြောင့် မိမိကိုယ်ကို သတ်သေခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်ဆိုသူ ဦးထိန်လင်းနှင့် စစ်တပ်သည် စစ်တွေမြို့ကို အလုံပိတ်ကာ ၎င်းတို့အတွက်မူ စားနပ်ရိက္ခာကို သင်္ဘောဖြင့် တင်သွင်းစုဆောင်းထားကြောင်း၊ ကြွင်းကျန်နေသည့် မြို့လူထုနှင့် မြို့တွင်း ဘုန်းကြီးကျောင်းများတွင် ခိုလှုံ နေရသူများ၊ မြို့ပြင်နေ ရိုဟင်ဂျာဒုက္ခသည်များမှာ နိုင်ငံတကာ အကူအညီအထောက်အပံ့များ မရတော့သည်မှာ ခြောက်လ ခန့်ရှိပြီဖြစ်ကြောင်း စစ်တပ်က အကူအညီပေးခြင်း လုံးဝနီးပါး မရှိကြောင်း၊ တခါတရံမှ ပုဂ္ဂလိကအလှူရှင်များ၏ အကူအညီ ရကြောင်း သိရသည်။
ယမန်နေ့ကမူ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် မိုက်ကယ် ဒန်းဖို့ဒ်နှင့် စစ်ကော်မရှင်၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်တို့ တွေ့ဆုံကာ လူသားချင်းစာနာမှု အထောက်အကူများ အဆင်ပြေပြော ဆောင်ရွက်နိုင်ရန်၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန် ဆွေးနွေးကြောင်း စစ်ကော်မရှင်သတင်းစာများက ထုတ်ပြန်သည်။
ရခိုင်စစ်ပွဲစချိန် စစ်တွေမြို့ပေါ်နှင့် အနီးကျေးရွာများရှိ ငွေကြေးတတ်နိုင်သည့် ရခိုင်တိုင်းရင်းသားတချို့ ဘေးလွတ်ရာ ရှောင်နိုင်ခဲ့သော်လည်း အခြေခံလက်လုပ်လက်စားများမှာမူ တိုက်ပွဲသံကြားသော်လည်း တိမ်းရှောင်နိုင်ခြင်းမရှိ၊ အလားတူ ရိုဟင်ဂျာလူမျိုး ၁ သိန်းကျော်လည်း စစ်တပ်၏ စောင့်ကြပ်မှုအောက်တွင်သာ နေရသဖြင့် တိမ်းရှောင်ခွင့် မရသည့်အတွက် လက်ရှိတိုင် ဒုက္ခသည်စခန်းနှင့် ရွာပေါင်း ၁၀ရွာခန့်တွင်သာ နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။
“ပြေးရမယ်ဆိုတာသိတယ်၊ အသက်နဲ့ပဲ ကြောက်တာပေါ့၊ ပြေးလည်းပြေးချင်တယ်၊ ဒါပေမယ့် လူတစ်ယောက်ကို ဆယ်သိန်း၊ ဆယ့်ငါးသိန်း ပေးရတယ်လေ။ စစ်တွေမြို့က ထွက်ပြေးဖို့ဆိုတာ မလွယ်ဘူး၊ ဘယ်ကရမလဲ အဲဒီပိုက်ဆံတွေ၊ တရက်လုပ်မှ တရက်စားကြရတဲ့သူတွေမှာ” ဟု စစ်တွေမြို့တွင်း ပိတ်မိကျန်ခဲ့သည့် စစ်တွေမြို့နယ် ချောင်းနွယ်ရွာမှ ရခိုင် အမျိုးသမီးတဦးက ပြောသည်။
စစ်တွေလူထုသည် ရခိုင်တိုက်ပွဲဖြစ်ပြီး လပိုင်းအကြာ ၂၀၂၄ နှစ်ဆန်းပိုင်းက စ၍ ရန်ကုန်၊ ပြည် စသည့်မြို့များ အပြင် အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသော လွတ်မြောက်နယ်မြေများဆီ တိမ်းရှောင်နေခဲ့ကြခြင်းဖြစ်ပြီး ထိုအချိန်က လူတဦးလျှင် ကျပ် ငါးသိန်းမှ သိန်းနှစ်ဆယ်ထိ ပွဲစားခပေးခဲ့ကြရသည်။
၂၀၂၄ နှစ်လယ်ပိုင်း တိုက်ပွဲများ ပြင်းထန်လာသည့်အခါ ပွဲစားများနှင့်ပင် တိမ်းရှောင်ချိန် မရတော့ဘဲ လုံးဝ ပိတ်မိ သွားခဲ့ကြသည်။
ထိုအခြေအနေတွင် စစ်ကောင်စီသည် စစ်တွေအနီးဝန်းကျင်ရှိ ရွာ ၂၀ခန့်ကို ဝင်ရောက်စီးနင်းပြီး အရပ်သားများအား သတ်ဖြတ်ကာ ကျန်သူများကို မြို့တွင်းသို့ အဓမ္မဖမ်းဆီး ပိတ်လှောင်ထားပြီး ၎င်းတို့၏ အိမ်များကိုလည်း ဖြိုဖျက် ရောင်းချကာ စစ်စခန်းချထားကြောင်း ဒေသခံများက ပြောသည်။
စစ်တွေမြို့တွင် စစ်ကော်မရှင် ပြည်နယ်အစိုးရရုံးစိုက်ထားပြီး ဒေသစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (ဒကစ) အထိုင်ချထား သလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဆိုကာ အမ်းမှဆုတ်လာသည့် တပ်ပြေးများနှင့် စုဖ္ပွဲ့ထိုင်ချထားပြီး ရေတပ်ဌာနချုပ်၊ လက်ရုံးတပ်များအပါအဝင် အခြေစိုက်တပ်ရင်း ၁၀ရင်းကျော် ရှိနေသည်။
အာရက္ခတပ်တော်(AA)သည် စစ်တွေမြို့နယ်အတွင်းရှိ အခြေစိုက်တပ်ရင်းများကို ဝင်ရောက်တိုက်ခိုက်ခြင်း မရှိသေးသော် လည်း မြို့နီးပတ်လည် ကျေးရွာများရှိ စစ်စခန်းငယ်များ၊ စစ်ရေယာဉ်များကို မကြာခဏ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၁၄ ခု၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသော AA သည် ရခိုင် ဒေသတခုလုံးကို အပြီးသတ်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များတွင် မကြာခဏ ထည့်သွင်း အသိပေးထား ပြီး ဩဂုတ်လ ၁၁ ရက် သတင်းစာရှင်းလင်းပွဲတွင်လည်း ရခိုင်ပြည်တခုလုံးကို သိမ်းပိုက်ပြီး ပြည်သူ့လက်ထဲ ထည့်ပေးသွားမည် ဟု ထပ်မံအသိပေးခဲ့သည်။
You may also like these stories:
စစ်တွေနဲ့ ကျောက်ဖြူမြို့တွေကို AA သိမ်းတော့မလား
မြောက်ပိုင်းတခွင် စစ်ရေးက စစ်တွေကို ဦးတည်လာပြီ
AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်
ရိုဟင်ဂျာများကို စစ်ကောင်စီ စစ်သားစုဆောင်းနေ
လူမျိုးတုံးသတ်သည့် စစ်တပ်က ရိုဟင်ဂျာများထံမှ အကူအညီလိုချင်














