တရုတ်နှင့် အိန္ဒိယအကြားတွင် တည်ရှိသည့် ဗြိတိသျှကိုလိုနီဟောင်း မြန်မာသည် လွန်ခဲ့သော လေးနှစ်က အလားအလာ အလွန်ကောင်းသည်။
ရာစုနှစ်ဝက်ကြာ စစ်အုပ်ချုပ်ရေးသည် သန့်ရှင်းစွာ ရွေးကောက်ထားသည့် လူထုခေါင်းဆောင်နှင့် အစိုးရတရပ်ကို နေရာပေးရသည်။ အရှေ့တောင်အာရှ၏ အဆင်းရဲဆုံးနိုင်ငံကို ဒီမိုကရေစီအလေ့အထ နက်ရှိုင်းမှုနည်းသည့် နိုင်ငံများတွင်ပင် ဒီမိုကရေစီအောင်မြင်နိုင်သည့် စံနမူနာအဖြစ် ပြောင်းလဲရန် ထိုအစိုးရအား တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။
လာမည့်နှစ်တွင် အသက် ၈၀ ပြည့်မည့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ လွတ်မြောက်ရန် အလားအလာမရှိဘဲ ချောင်ကျသည့် ထောင်တခုတွင် ဖမ်းဆီးခံနေရပြီး ၂၀၁၆ ခုနှစ်က သူ အာဏာခွဲဝေယူခဲ့သည့် စစ်တပ်သည် စစ်မျက်နှာအများအပြားတွင် အသက်ထောင်ပေါင်းများစွာ သေဆုံးစေသည့် ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကို တိုက်နေသည်။ နိုင်ငံ၏ ၁၀ နှစ်ကြာ ဒီမိုကရေစီစမ်းသပ်မှုသည် မီးဟုန်းဟုန်းတောက်ကာ ဖျက်ဆီးခံရသည်။
လတ်တလော တရားခံသည် ရှင်းလင်းသည်။ မြန်မာစစ်တပ်သည် ရက်စက်ကြမ်းကြုတ်သည့် ပုံစံသို့ ပြန်သွားသည်။ စစ်တပ်သည် မြန်မာတွင် လွတ်လပ်ရေးရပြီး ကာလအများစုတွင် ၎င်းတို့လုပ်ခဲ့သည့်အတိုင်း ထပ်လုပ်သည်။ သူတို့ကိုယ်သူတို့ ချမ်းသာအောင်လုပ်ပြီး ပြည်သူလူထုကို ဆင်းရဲအောင် လုပ်ထားခြင်းဖြစ်သည်။
သို့သော် Independent သတင်းဌာန၏ မှတ်တမ်းရုပ်သံတွင် သံအမတ်ဟောင်း ဆာ ဂျွန်ဂျန်ကင်က အနောက်နိုင်ငံများသည် မိမိတို့ကိုယ် မိမိတို့ အပြစ်တင်ရမည်ဟု ပြောသည်။
အနောက်တိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှု ဆုံးရှုံးခြင်းသည် စစ်တပ်ကို နှစ်ပေါင်းများစွာ လုပ်ချင်ရာလုပ်ရန် အတင့်ရဲစေပြီး ဒေါ်အောင်ဆန်းစုကြည် ဖြုတ်ချခံရသည်။
အနောက်တိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှု ဆုံးရှုံးခြင်းသည် စစ်တပ်ကို နှစ်ပေါင်းများစွာ လုပ်ချင်ရာလုပ်ရန် အတင့်ရဲစေပြီး ဒေါ်အောင်ဆန်းစုကြည် ဖြုတ်ချခံရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် စစ်တပ်ကို ထူထောင်သူဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဘဝသည် အရပ်သားအာဏာကို စစ်တပ်က အလွဲသုံးခြင်းအပေါ် စိန်ခေါ်မှုတွင် ရပ်တည်ထားသည်။ သူ၏ ပထမဆုံးမိန့်ခွန်းတွင် ထိုစဉ်က စစ်တပ်ခေါင်းဆောင်ကို တိုက်ရိုက် ဝေဖန်တိုက်ခိုက်သည်။
စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ကာ နှစ်ပေါင်းများစွာ ပြန်လည် လက်တုံ့ပြန်ပြီး သူ့ကို မိသားစုနှင့်ခွဲထားကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ပိတ်ပင်ပြီး သူနှင့်ပတ်သက်သည့် ကိုးကားပြောဆိုသမျှသည် ရာဇဝတ်မှုဖြစ်သွားသည်။
၂၀၁၀ ပြည့်နှစ်သို့ ရောက်သောအခါ နှစ်ပေါင်း ၂၀ နီးပါး ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး သူ့တွင် အနောက်တိုင်းမှ အင်အားကြီးမားသော မိတ်ဆွေများ ရှိသောကြောင့် နိုင်ငံရေးနယ်ပယ်တွင် ပြန်ဝင်ခွင့်ပြုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စိတ်ထက်သန်သည့် ပြဿနာပေးနိုင်သူထက် များစွာပိုမိုသည်ကို စစ်တပ်က အစောပိုင်းကတည်းက သိသည်။ ၁၉၉၁ ခုနှစ် နိုဘယ်ဆုမှ ၂၀၁၁ ခုနှစ် အောက်စဖို့ဒ်တက္ကသိုလ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့အထိရပြီး သူသည် ‘အနောက်တိုင်း၏ နောက်လိုက်’ ဖြစ်သည်ဟု စစ်တပ်ဝါဒဖြန့်ချိရေးက သတ်မှတ်သည်။
မြန်မာ့စီးပွားရေးအပေါ် ချမှတ်သည့် အရေးယူပိတ်ဆို့မှုများနှင့် နိုင်ငံကို ကမ္ဘာ့အမြင်တွင် သိက္ခာကျဆင်းစေခြင်းအတွက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်သည်။ သို့သော် အနောက်နိုင်ငံများတွင် သူ့ကို ထောက်ခံမှုကြောင့် စစ်တပ်က လျစ်လျူရှုမထားနိုင်ပေ။
မြန်မာ့စီးပွားရေးအပေါ် ချမှတ်သည့် အရေးယူပိတ်ဆို့မှုများနှင့် နိုင်ငံကို ကမ္ဘာ့အမြင်တွင် သိက္ခာကျဆင်းစေခြင်းအတွက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်သည်။ သို့သော် အနောက်နိုင်ငံများတွင် သူ့ကို ထောက်ခံမှုကြောင့် စစ်တပ်က လျစ်လျူရှုမထားနိုင်ပေ။
နောက်ဆုံးတွင် မြန်မာဗိုလ်ချုပ်များအနက် အပါးနပ်ဆုံးသော ဦးသိန်းစိန်က သူ့အကျိုးအတွက် အနောက်တိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သတင်းကို အသုံးချနိုင်ကြောင်း သဘောပေါက်သည်။ တင်းကျပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်တွင် စစ်တပ်၏ မိတ်ဖက်အဖြစ် နိုင်ငံရေးလောကသို့ ဝင်ရောက်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာကို ကမ္ဘာ့အသိုင်းအဝိုင်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

သမ္မတ အိုဘားမား၏ ခိုင်မာသောအားပေးမှုနှင့်အတူ ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် မြန်မာ၏ ပထမဆုံး ရိုးသားစွာ ရွေးကောက်ခံရသည့် ခေါင်းဆောင်ဖြစ်လာသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ အောင်မြင်မှုသည် သေလောက်သည့် အားနည်းချက်ကို ဖုံးကွယ်နေသည်။ အနောက်တိုင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို အထက်ပါ အခြေအနေရောက်အောင် လုပ်ပေးခဲ့သည်။ ထို့ကြောင့် မိမိတို့အမြင်တွင် သူက မှားယွင်းသည့် ခြေလှမ်းလှမ်းသောအခါ လက်သပ်မွေးထားသူမှ အန္တရာယ်ပေးနိုင်သူကဲ့သို့ မြင်လာခဲ့ကြတော့သည်။
၂၀၁၇ ခုနှစ်တွင် စစ်တပ်က ရခိုင်ပြည်နယ်မှ ဖိနှိပ်ခံ ရိုဟင်ဂျာမွတ်ဆလင်များကို ထိုးစစ်ဆင်သောအခါ သူသည် မိမိတို့လုပ်သင့်သည်ဟု ခံစားရသည့်ကိစ္စကို မလုပ်ဘဲ ပြစ်တင်ရှုတ်ချခြင်းလည်း မလုပ်ပေ။
ထို့နောက် ၂၀၁၉ ခုနှစ်တွင် စစ်တပ်ကို ဂမ်ဘီယာက လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲသောအခါ သည်ဟိဂ်မှ နိုင်ငံတကာတရားရုံးသို့ သွားရောက်ပြီး ခုခံကာကွယ်သည်။
စစ်တပ်ကိုယ်စား မည်သည့်အတွက် ထိုသို့လုပ်ရသနည်း။
ရှင်းလင်းသောအဖြေမှာ စစ်တပ်ထိပ်ပိုင်းနှင့် သူ့အကြား အပေးအယူလုပ်ရန်ဖြစ်ပြီး ထိုကိစ္စသည် ကျိုးကြောင်းဆီလျော်ခြင်း မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်ကို သူ့ဘက်ပါအောင် မည်သည့်အရာမှ မလုပ်ခဲ့ပေ။
ရှင်းလင်းသောအဖြေမှာ စစ်တပ်ထိပ်ပိုင်းနှင့် သူ့အကြား အပေးအယူလုပ်ရန်ဖြစ်ပြီး ထိုကိစ္စသည် ကျိုးကြောင်းဆီလျော်ခြင်း မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်ကို သူ့ဘက်ပါအောင် မည်သည့်အရာမှ မလုပ်ခဲ့ပေ။

တရားရုံးတွင် သူပြောသည့်အတိုင်းဆိုလျှင် ထိုစွဲချက်များသည် မမျှတဘဲ ခေါင်းဆောင်တဦးအနေဖြင့် နိုင်ငံကို ကာကွယ်ရန် တာဝန်ရှိသည်ဟု သူခံစားရသည်။ ပြင်းထန်သော အမျိုးသားရေးဝါဒသည် သူ့ဘဝတလျှောက်တွင် စေ့ဆော်မှုဖြစ်သည်။ ထိုအမျိုးသားရေးဝါဒက အရာရာကို လွှမ်းမိုးသည်။
သို့သော် ဗိုလ်ချုပ်များ ကျေနပ်အောင်လုပ်ပေးရန် မရည်ရွယ်ခဲ့လျှင်သော်ငြား သူ၏ သည်ဟိဂ်ခရီးစဉ်က အနောက်တိုင်းအပေါ် သက်ရောက်မှုကို စဉ်းစားရန် လိုအပ်ခြင်းကိုလည်း သူ ထည့်မတွက်ပေ။
ဖြစ်နိုင်ခြေရှိသော အကျိုးဆက်များကို စဉ်းစားခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ အလေ့အထ မဟုတ်ဘဲ ထို့ကြောင့်ပင် သူ၏ အောင်မြင်မှုသည် ပိုမိုများစွာ ထူးခြားသည်။ သူသည် နိုင်ငံရေးမဆန်ဆုံးသော ပုံစံတမျိုးဖြင့် နိုင်ငံရေးသမား ဖြစ်သည်။
နောက်ဆုံးရလဒ်မှာ ၂၀၁၇ ခုနှစ်ကတည်း ကျနေသော သူ၏အနောက်တိုင်း ဂုဏ်သတင်း ထိုးစိုက်ကျဆင်းသည်။ ဒေါ်အောင်ဆန်းစုကြည်တွင် ပြောဆိုနိုင်မည့် သြဇာကြီးမားသည့် မိတ်ဆွေများ မရှိတော့သည်ကို ဗိုလ်ချုပ်များ စောင့်ကြည့်မှတ်သားထားသည်။ တနှစ်ပင်မပြည့်မီ သူ့ကို ဘေးဖယ်လိုက်ပြီး ပိတ်လှောင်ထားကာ လွတ်လမ်းမရှိအောင် လုပ်လိုက်သည်။
ထိုဇာတ်လမ်းသည် အနောက်တိုင်းက အလျင်စလို ဆုံးဖြတ်ခြင်းကြောင့် ကြောက်စရာ အကျိုးဆက်များဖြစ်လာသည့် ကြေကွဲစရာဇာတ်လမ်း ဖြစ်သည်။ သို့သော် ထိုအကျိုးဆက်များသည် မိမိတို့အတွက် မဟုတ်။ မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ဝေးကွာသောနိုင်ငံကို မေ့လျော့ခြင်း ကျင်းထဲသို့ ပစ်ချလိုက်ကြသည်။ တခါက အနာဂတ်ရှိသော နိုင်ငံတခုအတွက် အကျိုးဆက်များ ဖြစ်သည်။
(The Independent ပါ Peter Popham ၏ Aung San Suu Kyi: Who is to blame for Myanmar”s collapse into military tyranny? ကို ဘာသာပြန်သည်။)
You may also like these stories:
ဗမာအမျိုးသားရေးဝါဒ၊ စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်
ကျနော်ကြုံခဲ့သည့် တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ဈေးထပ်လျှော့ပြီး လေလံတင်မည်
ဒေါ်အောင်ဆန်းစုကြည် အကြောင်းတွေးရင် စိတ်မကောင်းဖြစ်ရတယ် (ရုပ်/သံ)
ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်
ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ပြီးစဉ်းစားလို့မရဘူး (ရုပ်/သံ)
ဒေါ်အောင်ဆန်းစုကြည်၏ ကျင့်ဝတ် သတ္တိနှင့် မြန်မာ့လွတ်လပ်မှု ခရီးရှည်














