ပြီးခဲ့သည့် ဇန်နဝါရီလတွင် ဓားထိုးသတ်ခံရမည့်အန္တရာယ်မှ ပွတ်ကာသီကာ လွတ်မြောက်ခဲ့သည့် တောင်ကိုရီးယား နိုင်ငံရေးသမားတဦးသည် ၂၀၂၄ နှစ်ကုန်တွင် နိုင်ငံ၏ခေါင်းဆောင်သစ်အဖြစ် ရွေးကောက်ခံရမည့် လူကြိုက်အများဆုံးသူ ဖြစ်နေသည်။
နှစ်ပတ်ကြာ နိုင်ငံရေး ကမောက်ကမဖြစ်ပြီးနောက် သမ္မတ ယွန်းဆွတ်ယိုကို စွဲချက်တင်သည်အထိ အရှိန်မြင့်ပြီးနောက် ယခုကဲ့သို့ ဖြစ်လာခြင်းဖြစ်သည်။
သူသမ္မတဖြစ်ခြင်းကို တားဆီးရန် ဆုံးဖြတ်ထားသည့် တိုက်ခိုက်သူတဦးက လည်ပင်းကို ဓားဖြင့် တိုက်ခိုက်ခံရသော အတိုက်အခံခေါင်းဆောင် မစ္စတာ လီဂျေမြောင်သည် မစ္စတာ ယွန်းကို ဖယ်ရှားပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပါက ရှေ့ဆုံးမှပြေးနေသူ ဖြစ်လာသည်။
သူသမ္မတဖြစ်ခြင်းကို တားဆီးရန် ဆုံးဖြတ်ထားသည့် တိုက်ခိုက်သူတဦးက လည်ပင်းကို ဓားဖြင့် တိုက်ခိုက်ခံရသော အတိုက်အခံခေါင်းဆောင် မစ္စတာ လီဂျေမြောင်သည် မစ္စတာ ယွန်းကို ဖယ်ရှားပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပါက ရှေ့ဆုံးမှပြေးနေသူ ဖြစ်လာသည်။
မစ္စတာ ယွန်းကို ရာထူးဆိုင်းငံ့ပြီး အိမ်စောင့်အစိုးရအောက် အမျိုးသားလွှတ်တော်တွင် အင်အားအများဆုံးဖြစ်သော သူ၏ ကိုရီးယားဒီမိုကရက်တစ်ပါတီ (DPK) ကို အစိုးရတွင် တိုက်ရိုက်ပြောရေးဆိုခွင့်ပေးရန် မစ္စတာ လီက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တောင်းဆိုသည်။
“လွန်ခဲ့တဲ့ နှစ်ပတ်က ကျနော်တို့နိုင်ငံကို ဝါးမြိုခဲ့တဲ့ အကျပ်အတည်းကို ကျော်လွှားဖို့အတွက် အမျိုးသားလွှတ်တော်နဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်” ဟု မစ္စတာ လီက သတင်းထောက်များကို ပြောသည်။
သို့သော် မကြာသေးမီ ရက်သတ္တပတ်များအတွင်း သူ့ကို ပြည်သူလူထုထောက်ခံမှုနှုန်း ခုန်တက်နေသော်လည်း စက်ရုံလုပ်သားဟောင်းဖြစ်သော မစ္စတာ လီသည် တောင်ကိုရီးယား၏ ဆယ်စုနှစ် များစွာကြာသည့် နိုင်ငံရေး “လက်စားချေမှု သံသရာ” ကို သက်ဆိုးရှည်စေမည့် လွန်စွာ သဘောထားကွဲလွဲစရာ ခေါင်းဆောင်ဖြစ်နိုင်ကြောင်း သုတေသီများက ပြောသည်။
“စစ်အုပ်ချုပ်ရေးကြေညာဖို့ ယွန်းရဲ့ အကြောင်းပြချက်က အဓိပ္ပာယ်မရှိဘူး” ဟု ဆိုးလ်မှ မြောင်ဂျီ တက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခ ရှင်ယူးလ်က ယွန်း ကျဆုံးခြင်းကို ပိုမိုဆိုးရွားစေသည့် ဖြစ်ရပ်အား ရည်ညွှန်း၍ ပြောသည်။ “ဒါပေမယ့် လီက ပြင်းထန်တဲ့ နိုင်ငံရေးပဋိပက္ခကို ဒီအခြေအနေအထိရောက်အောင် တွန်းပို့ခဲ့တယ်။ ယွန်းကို စွဲချက်တင်ဖို့ ထောက်ခံသူအများအပြားက လီကို သမ္မတ မဖြစ်စေချင်ကြဘူး” ဟုလည်း ၎င်းကပြောသည်။

ရှေ့နေဟန်ဆောင်ခဲ့ပြီး မဲဆွယ်ပွဲအတွင်း လိမ်လည်ပြောဆိုမှုများလုပ်ခဲ့ကာ မူးပြီး ကားမောင်းသည့် ရာဇဝတ်မှတ်တမ်းရှိသော မစ္စတာ လီသည် သူ၏နိုင်ငံရေးဘဝ တလျှောက်လုံး အငြင်းပွားမှုများ ဖြစ်စေခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ယွန်းက သူ့ကို ၁ ရာခိုင်နှုန်းအောက် အသာဖြင့် အနိုင်ရပြီး နောက်တနှစ်တွင် သူသည် ယွန်း၏ “အာဏာရှင်စနစ်” ဟု သူခေါ်သောကိစ္စအတွက် အစာငတ်ခံဆန္ဒပြသည်။ သူ့ကို ရာဇဝတ်မှု အများအပြားဖြင့် စွဲချက်တင်ခြင်းကို အပြစ်တင်သည်။ မစ္စတာ လီက ထိုစွဲချက်များ အားလုံးကို ငြင်းဆန်ထားသည်။
“လီကို ထောက်ခံသူတွေက အခက်အခဲတွေကို စာနာတယ်” ဟု ကိုရီးယားရွေးကောက်ပွဲ လေ့လာရေးအသင်း ဒုဥက္ကဋ္ဌ ဆုဘော့ကျန်းက ပြောသည်။
“သူက ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားလာပြီး ပညာကောင်းကောင်း မတတ်ဘူး။ ဒါပေမယ့် ထိပ်ဆုံးအထိ ရောက်လာနိုင်ခဲ့တယ်။ သူဟာ သူတို့ဘဝ အခက်အခဲတွေကို နားလည်ပြီး သူတို့ အသက်မွေးဝမ်းကြောင်းတွေ တိုးတက်အောင် တစုံတရာ လုပ်နိုင်မယ်လို့ သူတို့ထင်ကြတယ်”
“သူက ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားလာပြီး ပညာကောင်းကောင်း မတတ်ဘူး။ ဒါပေမယ့် ထိပ်ဆုံးအထိ ရောက်လာနိုင်ခဲ့တယ်။ သူဟာ သူတို့ဘဝ အခက်အခဲတွေကို နားလည်ပြီး သူတို့ အသက်မွေးဝမ်းကြောင်းတွေ တိုးတက်အောင် တစုံတရာ လုပ်နိုင်မယ်လို့ သူတို့ထင်ကြတယ်” ဟု ၎င်းကပြောသည်။
မစ္စတာ ယွန်းကို စွဲချက်တင်ခြင်းသည် ကိုရီးယားဒီမိုကရက်တစ်ပါတီက နိုင်ငံမှ ကွန်ဆာဗေးတစ်အစိုးရကို စွဲချက်တင်ရန် အဆိုအများအပြား တင်ခြင်းနှင့် အရှုပ်တော်ပုံများကို စုံစမ်းစစ်ဆေးရေး အထူးတရားသူကြီးများ ခန့်အပ်ရန် တောင်းဆိုခြင်းအတွက် ထိုးနှက်သည့် နိုင်ငံရေးသေနင်္ဂဗျူဟာ ဖြစ်သောကြောင့် မှန်ကန်ကြောင်း လီကို ထောက်ခံသူများအား သက်သေပြလိုက်သည်။
မစ္စတာ ယွန်း ရွေးကောက်ခံရပြီးနောက် နှစ်နှစ်ခွဲအတွင်း အတိုက်အခံများသည် အဆင့်မြင့်အရာရှိများကို စွဲချက်တင်ရန် အဆိုပြုချက် ၂၂ ခု တင်သွင်းပြီး ထိုသို့ စွဲချက်တင်ရာတွင် စစ်အုပ်ချုပ်ရေး ကြေညာသောကြောင့် မစ္စတာ ယွန်းကို စွဲချက်တင်ခြင်း မပါဝင်သေးပေ။
ထိုသို့စွဲချက်တင်ရာတွင် တောင်ကိုရီးယား အတွင်းခံအဝတ်အထည် ထုတ်လုပ်သည့် ကုမ္ပဏီတခုမှတဆင့် မြောက်ကိုရီးယားသို့ ရန်ပုံငွေပေးပို့မှု သံသယအတွက် မစ္စတာ လီကို တရားစွဲသည့် ရှေ့နေများနှင့် ယွန်း၏ဇနီး သမ္မတကတော် ကင်မ် ကီယွန် ဟီးကို လာဘ်ပေးလာဘ်ယူမှု၊ စတော့ဈေးကစားခြင်းအတွက် တရားမစွဲရန် ဆုံးဖြတ်သည့် တရားစွဲရှေ့နေများကို စွဲချက်တင်ရန် အဆိုပြုချက်လည်း ပါဝင်သည်။
“သူဟာ ရန်သူကို အမြစ်ဖြတ် သုတ်သင်တာရပ်မယ့်လူ မဟုတ်ဘူးလို့ ကွန်ဆာဗေးတစ်တွေက မြင်ကြတယ်” ဟု ယွန်းအစိုးရ အရာရှိဟောင်းတဦးက ပြောသည်။ ယခင်က တောင်ကိုရီးယား သမ္မတတဦး၏ ရာထူးသက်တမ်းအတွင်း စွဲချက်တင်မှုသည် ယွန်းမတိုင်မီ လက်ဝဲသမ္မတ မွန်းဂျေအင်း ရာထူးသက်တမ်းအတွင်း အများဆုံး ခြောက်ခုသာရှိကြောင်း ၎င်းကပြောသည်။
၂၀၂၂ ခုနှစ် ဟောလိုဝင်း လူအုပ်ပြိုမှုတွင် လူ ၁၅၉ ဦး သေဆုံးခြင်း အပါအဝင် စုံစမ်းစစ်ဆေးမှုများကို ယွန်းအစိုးရက တလျှောက်လုံး ပိတ်ပင်သောကြောင့် ကိုရီးယား ဒီမိုကရက်တစ်ပါတီသည် အဆိုအများအပြား တင်သွင်းသည်ဟု လီကို ထောက်ခံသူများက ပြောသည်။
မစ္စတာ ယွန်းသည် ဧပြီလက ပါလီမန်ရွေးကောက်ပွဲတွင် သူ၏ ပြည်သူ့အာဏာပါတီ (PPP) က အတိုက်အခံတို့ကို အကြီးအကျယ် ရှုံးနိမ့်ပြီးနောက် သူ့သမ္မတရာထူး သက်တမ်းရက်ပေါင်း ၇၂၀ ကြာမှသာ အတိုက်အခံခေါင်းဆောင်ကို တွေ့ဆုံရန် သဘောတူကြောင်း ၎င်းတို့က ပြောသည်။
“လီက ကွန်ဆာဗေးတစ်တွေရဲ့ နှစ်ပေါင်းများစွာ ချိုးနှိမ်ဆက်ဆံခံရပြီး အမှုကြီးတဲ့ ရာဇဝတ်ကောင်အဖြစ် ပုံဖော်ခံရတယ်။ သူ့ကို လုပ်ထားတဲ့ လုပ်ရပ်တွေကြောင့် သမ္မတဖြစ်လာမှာကို ကွန်ဆာဗေးတစ်တွေ စိုးရိမ်ကြတယ်”
“လီက ကွန်ဆာဗေးတစ်တွေရဲ့ နှစ်ပေါင်းများစွာ ချိုးနှိမ်ဆက်ဆံခံရပြီး အမှုကြီးတဲ့ ရာဇဝတ်ကောင်အဖြစ် ပုံဖော်ခံရတယ်။ သူ့ကို လုပ်ထားတဲ့ လုပ်ရပ်တွေကြောင့် သမ္မတဖြစ်လာမှာကို ကွန်ဆာဗေးတစ်တွေ စိုးရိမ်ကြတယ်” ဟု ဆုဘော့ကျန်းက ပြောသည်။
ယခုအခါ မစ္စတာ လီသည် တောင်ကိုရီးယား အိမ်စောင့်အစိုးရကို စွဲချက်တင်မည်ဆိုသည့် ခြိမ်းခြောက်မှုကို ထိန်းချုပ်ထားပြီး မစ္စတာ ယွန်း ခန့်ထားသည့် ပညာရှင် ခေတ္တသမ္မတ ဟန်ဒတ်ဆိုးသည် “နိုင်ငံရေးကြားနေမှု” စိတ်ဓာတ်ဖြင့် အုပ်ချုပ်နေသမျှ မစ္စတာ ယွန်းကို ဖယ်ရှားမည် မဟုတ်ကြောင်း ကတိပြုသည်။
နိုင်ငံ၏ “ဖရိုဖရဲအခြေအနေများကို အနည်းဆုံးဖြစ်စေရန်” အတွက် “အလျင်အမြန်” ဆုံးဖြတ်ချက်ချရန် မစ္စတာ ယွန်းကို ရာထူးမှ အပြီးတိုင်ဖယ်ရှားခြင်းအား အတည်ပြုရေး ဆုံးဖြတ်ရန် အချိန် ခြောက်လရသည့် တောင်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးသို့ မစ္စတာ လီ တောင်းဆိုထားသည်။
မြောက်ကိုရီးယား ရန်ပုံငွေ အရှုပ်တော်ပုံအတွက် မစ္စတာ လီကို စွပ်စွဲထားသည့် အမှုသည် လာမည့်နှစ် အစောပိုင်းတွင် စတင်မည်ဖြစ်သည်ဟု နိုင်ငံရေးသိပ္ပံပါမောက္ခ ရှင်ယူးလ်က ပြောသောကြောင့် သူသည် ပြစ်ဒဏ်ချခံရပါက သမ္မတရာထူးမှ ပိတ်ပင်မခံရရေး အချိန်လုနေရသည့်သဘော ဖြစ်သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက မေလမတိုင်မီ ဆုံးဖြတ်ချက်ချရင် သူ နောက်သမ္မတဖြစ်မယ့် အလားအလာ မြင့်မားလာမယ်” ဟု နိုင်ငံရေးသိပ္ပံပါမောက္ခ ရှင်ယူးလ်က ပြောသည်။ သူ၏ ဥပဒေဆိုင်ရာ ပြဿနာများတွင် သူအနိုင်ရပါက ယွန်းကို ဖယ်ရှားပြီးနောက် ကွန်ဆာဗေးတစ် သမ္မတလောင်းဖြစ်စေ၊ အခြားလက်ဝဲ သမ္မတလောင်းဖြစ်စေ မစ္စတာ လီကို ချေမှုန်းနိုင်မည့်အလားအလာ နည်းကြောင်း သုတေသီများက ပြောသည်။ ထို့ကြောင့် တောင်ကိုရီးယား၏ ပြဿနာများသော နိုင်ငံရေးသည် လာမည့်နှစ်များတွင် အနည်ထိုင်မည် မဟုတ်ကြောင်း ဆုဘော့ကျန်းက ပြောသည်။
“ဒီလက်စားချေတဲ့ သံသရာက နောက်အစိုးရအထိ ဆက်လက်ရှိနေမယ်” ဟု ၎င်းက ပြောသည်။
(Financial Times ပါ The leftwing firebrand who could be South Korea’s next leader ကို ဘာသာပြန်သည်။)
You may also like these stories:
K-pop၊ စာပေနိုဘယ်ဆုနှင့် တောင်ကိုရီးယား အာဏာရှင်များ
၆ နာရီကြာ စစ်အုပ်ချုပ်ရေး၊ သမ္မတ နုတ်ထွက်ရေးနဲ့ တောင်ကိုရီးယား နိုင်ငံရေးဒရာမာ
တောင်ကိုရီးယား ၆ နာရီကြာ စစ်အုပ်ချုပ်ရေးနှင့် နောက်ဆက်တွဲ ဂယက်
မြန်မာ့နွေဦး တော်လှန်ရေး အကြောင်း သင်ကြားဖို့ တောင်ကိုရီးယားတွင် တိုက်တွန်းမှုများ ရှိ
တောင်ကိုရီးယားမှာ NUG က နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေး (ရုပ်/သံ)














