၂၀၂၁ ခုနှစ်မှာ စစ်တပ်က ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဖြုတ်ချပြီး အသက်အရွယ်ကြီးရင့်တဲ့ ခေါင်းဆောင်တွေကို ထောင်ချထားပြီးနောက် ဝါရင့် NLD ခေါင်းဆောင် အနည်းဆုံး နှစ်ဦး ထောင်ထဲမှာ ကွယ်လွန်ခဲ့ပါတယ်။ ရှည်လျားတဲ့ ထောင်ဒဏ်တွေနဲ့ စနစ်တကျ ဆေးဝါးကုသမှု မရခြင်းတွေဟာ ဒီမိုကရေစီခေါင်းဆောင်တွေ ထောင်က အသက်ရှင်လျက် ထွက်မသွားစေဖို့ စစ်ကောင်စီရဲ့ စနစ်တကျ အားထုတ်မှု တစိတ်တပိုင်း ဖြစ်ပါတယ်။
အသက် ၇၀၊ ၈၀ ဝန်းကျင် အများစုပါဝင်တဲ့ NLD ခေါင်းဆောင်တွေဟာ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရပြီး ဆေးရုံတက်ကုသမှု လိုအပ်တယ်ဆိုတဲ့သတင်းတွေ လွန်ခဲ့တဲ့နှစ်အတွင်း မကြာခဏ ထွက်ပေါ်ခဲ့ပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့မှာတော့ NLD ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်ဟာ လုံလောက်တဲ့ ဆေးဝါးကုသမှု မရဘဲ အသက် ၇၃ နှစ်အရွယ်မှာ သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့မှာတော့ NLD ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်ဟာ လုံလောက်တဲ့ ဆေးဝါးကုသမှု မရဘဲ အသက် ၇၃ နှစ်အရွယ်မှာ သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
သူဟာ ၂၀၁၉ ခုနှစ်က စတင်ပြီး သွေးကင်ဆာရောဂါ ခံစားနေရပါတယ်။ ဒါပေမယ့် စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းကတည်းက သူ့ကို ဖမ်းဆီးပြီး ထောင် ၂၉ နှစ်ချကာ မန္တလေးက အိုးဘိုထောင်ထဲမှာ ချုပ်နှောင်ထားပါတယ်။ သူ့ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတဲ့အခါ လွန်ခဲ့တဲ့ နှစ်ပတ်ကမှ သူ့ကို မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
သူ မကွယ်လွန်မီ နာရီပိုင်းအလိုမှာတော့ စစ်ကောင်စီအရာရှိတွေဟာ သတိလစ်နေတဲ့ သူ့ကို လွတ်ငြိမ်းသက်သာခွင့်ပေးဖို့ အဲဒီဆေးရုံကို အပြေးအလွှား သွားရောက်ခဲ့ပါတယ်။ ဒါဟာ အများပြည်သူ ကြည်ညိုလေးစားတဲ့ နိုင်ငံရေးခေါင်းဆောင်တဦးရဲ့ အသက်ကို ကယ်ဆယ်နိုင်မယ့် ဆေးဝါးကုသမှုပေးဖို့ သူတို့ရဲ့ပျက်ကွက်မှုကို ဖုံးကွယ်ဖို့ မျှော်လင့်ချက်ကင်းမဲ့စွာ ကြိုးစားတာ ဖြစ်ပုံရပါတယ်။
အဲဒီ လွတ်ငြိမ်းသက်သာခွင့်ကို ပြစ်တင်ရှုတ်ချသူတွေထဲမှာ ဥရောပသမဂ္ဂလည်း ပါဝင်ပြီး “ဒါဟာစစ်မှန်တဲ့ လွတ်ငြိမ်းခွင့်ပေးတာ မဟုတ်ဘူး” လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီဟာ NLD ခေါင်းဆောင်တွေနဲ့ အစိုးရနိုင်ငံရေးသမားတွေကို အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲ မသမာမှု အပါအဝင် လုပ်ကြံစွပ်စွဲချက်တွေနဲ့ ထောင်နှစ်ရှည်ချခဲ့ပါတယ်။
အဲဒီလို ထောင်ချခံရသူတွေထဲမှာ နေပြည်တော်ထောင်က အသက် ၇၉ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တောင်ငူထောင်က အသက် ၇၁ နှစ်အရွယ် သမ္မတ ဦးဝင်းမြင့်နဲ့ အိုးဘိုထောင်က အသက် ၈၃ နှစ်အရွယ် NLD နာယက ဦးဝင်းထိန်တို့လည်း ပါဝင်ပါတယ်။
ဒီနိုင်ငံရေးသမား သုံးဦးလုံးရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အချက်ပေးခေါင်းလောင်းသံ မြည်နေပါပြီ။
“သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဒေသဆိုင်ရာ ဝန်ကြီးချုပ်တွေဟာ သံတိုင်နောက် ရောက်မနေသင့်ဘူး။ သူတို့ဟာ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်တွေဖြစ်တယ်။ သူတို့ကို မတရားဖမ်းဆီးထားပြီး စနစ်တကျ အချိန်မီ ဆေးဝါကုသမှု မပေးဘူး” လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုဘိုကြည်က ပြောပါတယ်။
“သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဒေသဆိုင်ရာ ဝန်ကြီးချုပ်တွေဟာ သံတိုင်နောက် ရောက်မနေသင့်ဘူး။ သူတို့ဟာ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်တွေဖြစ်တယ်။ သူတို့ကို မတရားဖမ်းဆီးထားပြီး စနစ်တကျ အချိန်မီ ဆေးဝါကုသမှု မပေးဘူး” လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုဘိုကြည်က ပြောပါတယ်။
“ဒါဟာ သူတို့ကို သေအောင် အငြိုးနဲ့ တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်နေတာနဲ့ အတူတူပဲ” လို့ သူက ပြောပါတယ်။
အဖမ်းခံထားရတဲ့ NLD ခေါင်းဆောင်တွေထဲမှာ အသက်အကြီးဆုံးဖြစ်တဲ့ ဦးဝင်းထိန်ဟာ စစ်ကောင်စီက မဖမ်းဆီးမီကတည်းက ဆီးချို၊ သွေးတိုး၊ နှလုံး၊ လည်ပင်းအကျိတ်နဲ့ ဆီးကျိတ်ရောဂါတွေ ခံစားနေရပါတယ်။ ဘီးတပ်ကုလားထိုင်နဲ့သာ သွားလာရပေမယ့် သူ့ကို ထောင် နှစ် ၂၀ ချခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင် ၂၇ နှစ်ကျနေတဲ့ နေပြည်တော်ထောင်မှာ ခံတွင်းနဲ့ သွားဖုံးရောဂါတွေ၊ သွေးပေါင်ကျတာတွေနဲ့ အော့အန်တဲ့ဝေဒနာတွေ ခံစားနေရပါတယ်။
ထောင် ၁၀ နှစ် ချခံထားရတဲ့ ဦးဝင်းမြင့်ဟာ လွန်ခဲ့တဲ့နှစ် ဇွန်လက ဆီးပြွန်တပ်ရမယ့် ဆီးအိမ်ရောဂါ ခံစားနေရပါတယ်။
ဖမ်းဆီးခံထားရတဲ့ အသက် ၇၀ အရွယ် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ကနဦးမှာ ထောင်နှစ်ပေါင်း ၈၀ ချပြီး ၂၀၂၂ ခုနှစ်မှာတော့ စစ်ကောင်စီက အဲဒီထောင်သက်တမ်းကို ထက်ဝက် ပြန်လည် လျှော့ချပေးပါတယ်။
နှစ်ပေါင်း ၂၈ နှစ် ထောင်ချခံရတဲ့ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ဟာ နှလုံးရောဂါခံစားရပြီး လွန်ခဲ့တဲ့နှစ် ဇွန်လမှာတော့ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးကို ပို့ဆောင်ခံရပါတယ်။
ဧပြီလတုန်းက မြန်မာနိုင်ငံမှာ အပူလှိုင်းဖြတ်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အပါအဝင် အသက်အရွယ်ကြီးရင့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြင်းထန်တဲ့အပူဒဏ်က ကာကွယ်ဖို့ လိုအပ်တာတွေကို စစ်ကောင်စီက လုပ်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ စစ်တပ်က NLD အပေါ် မလိုမုန်းထားစိတ်ကို ထောက်ပြပြီး အဲဒီလို ပြောဆိုချက်ဟာ အနှစ်သာရ ကင်းမဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အိုးဘိုထောင်က ပူအိုက်တဲ့ အခြေအနေတွေကြောင့် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေ ပိုဆိုးလာခဲ့တယ်လို့ သိရတာကြောင့် သူ့ကို ဆေးရုံမှာ ကုသခွင့်ပေးခဲ့ရင် ပိုမို အသက်ရှည်မယ့်သဘော ဖြစ်ပါတယ်။
မလုံလောက်တဲ့ သွေးကင်ဆာကုသမှုနဲ့ နေရာထိုင်ခင်းကြောင့် ဒေါက်တာ ဇော်မြင့်မောင်ဟာ ထောင်ထဲမှာ ကိုဗစ်နိုင်တင်း ကူးစက်ခံရပြီး ကွယ်လွန်ချိန် မြန်သွားတယ်လို့ NLD က ကြေညာချက်တစောင်မှာ ပြောပါတယ်။
စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထားစဉ်မှာ ကိုဗစ်နိုင်တင်း ကူးစက်ခံရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေနဲ့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ၂၀၂၁ ခုနှစ်မှာ ကွယ်လွန်ပါတယ်။ အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ဦးဉာဏ်ဝင်းကို ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းတဲ့ နံနက်မှာ ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်မှာ ကိုဗစ်ကူးစက်ခံရတာ ဖြစ်ပါတယ်။ သူဟာ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးက အထူး ကြပ်မတ်ကုသဆောင်မှာ ကွယ်လွန်ပါတယ်။
NLD ပြောခွင့်ရသူ မုံရွာအောင်ရှင်ဟာ အာဏာသိမ်းပြီးနောက် ရှစ်လကြာ ဖမ်းဆီးခံရပြီးနောက် ပြန်လွှတ်ပေးပြီး တလအကြာမှာ နှလုံးရောဂါနဲ့ ကွယ်လွန်ပါတယ်။
NLD ပြောခွင့်ရသူ မုံရွာအောင်ရှင်ဟာ အာဏာသိမ်းပြီးနောက် ရှစ်လကြာ ဖမ်းဆီးခံရပြီးနောက် ပြန်လွှတ်ပေးပြီး တလအကြာမှာ နှလုံးရောဂါနဲ့ ကွယ်လွန်ပါတယ်။
ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်ခြင်းကြောင့် စစ်ကောင်စီဗိုလ်ချုပ်တွေဟာ အဓိကကျတဲ့ NLD ခေါင်းဆောင်တွေကို ရည်ရွယ်ချက်ရှိရှိ သုတ်သင်ဖယ်ရှားနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်မားလာစေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံစိတ်ချရမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း မြန်မာပြည်သူတွေက အခု ပြောဆိုလာနေပြီ ဖြစ်ပါတယ်။
“စစ်ကောင်စီဟာ NLD ထိပ်တန်းခေါင်းဆောင်တွေကို တယောက်ပြီးတယောက် စနစ်တကျ သုတ်သင်နေတယ်ဆိုတာကို အားလုံးက ရှင်းရှင်းလင်းလင်းမြင်ဖို့ လိုတယ်” လို့ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီကို တိုက်နေတဲ့ အင်အားကြီး တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ နိုင်ငံရေးမဟာမိတ် မိုင်အမ်းလငဲန်းက ပြောပါတယ်။
“ကျနော်တို့ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေ အဆိုအရ စစ်ကောင်စီက NLD ဟာ စစ်အာဏာရှင်စနစ်ကို လုံးဝဖျက်ဆီးမယ့် အဆိပ်လို့ မြင်တယ်လို့ သိရတယ်” လို့ ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်ခြင်းကို တုံ့ပြန်တဲ့ သူ့ရဲ့ Facebook ပို့စ်မှာ ရေးခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ထောင်ထဲမှာ စစ်ကောင်စီဆန့်ကျင်သူ ၆၃ ဦး ဆေးဝါးကုသမှု လုံလုံလောက်လောက် မရလို့ သေဆုံးတယ်လို့ AAPP က ဖော်ပြပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့မှာ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ပြီးနောက် မြန်မာစစ်တပ်က အငြင်းပွားဖွယ် ဖမ်းဆီးထားသူတွေ အားလုံးကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုခဲ့ပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Fears Grow for Myanmar’s Aung San Suu Kyi After Another Jailed NLD Leader Dies ကို ဘာသာပြန်သည်။)
You may also like these stories:
ဖိနှိပ်မှုကြားက NLD ပါတီ အလဲအကွဲတွေ ကြုံနေရ
ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာနဲ့ စစ်ကောင်စီ ဘယ်လို အဆက်အသွယ် ဖြတ်ထားလဲ
မန္တလေးမြို့ ဝမ်းနည်းကြေကွဲရတဲ့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ဈာပန
NLD ပါတီဝင် ၄၁၈ ဦးအဖမ်းခံရပြီး ၈ ဦးသေဆုံး၊ ၅ ဦးမှာ စစ်ကြောရေးတွင် သေဆုံးခြင်းဖြစ်
စစ်ကောင်စီ ဖမ်းဆီး စွပ်စွဲ ထောင်ချထားသည့် NLD အစိုးရ အဖွဲ့ဝင်များ














