သေခြင်းတရား၊ ဖမ်းဆီးခံရခြင်းနှင့် ဖျက်သိမ်းခံရခြင်းတို့သည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီကို အကြီးအကျယ် ချေမှုန်းနေပြီး စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် အုပ်စုများသည် လာမည့်နှစ်တွင် ကျင်းပမည်ဟု မျှော်လင့်ရသည့် ရွေးကောက်ပွဲတွင် အနိုင်ရရန် လမ်းကြောင်းချောမွေ့စေကြောင်း သုတေသီများက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လူယုံ ဒေါက်တာ ဇော်မြင့်မောင် ယခုအပတ်အတွင်း ကွယ်လွန်ခြင်းသည် စစ်ကောင်စီ၏ ဖြိုခွဲမှုကြောင့် အင်အားချိနဲ့နေသော ပါတီအတွက် နောက်ဆုံး ထိုးနှက်ချက်ဖြစ်သည်။
NLD ပါတီကို ပူးတွဲတည်ထောင်သူ ဗိုလ်ချုပ်ကြီးမှ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ဖြစ်လာသည့် ဦးတင်ဦး ဇွန်လတွင် ကွယ်လွန်ပြီးနောက် ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်ခြင်းဖြစ်သည်။
နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာတွင် ကြာမြင့်စွာ လူထုထောက်ခံမှုရနေဆဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်သော ရွေးကောက်ပွဲတွင် NLD ကို ဦးဆောင်နိုင်ပါက တတိယအကြိမ် တောင်ပြိုကမ်းပြို နိုင်မည်ဖြစ်ကြောင်း သုတေသီများက ပြောသည်။
သို့သော် စစ်တပ်ကရေးဆွဲပြီး တင်းကျပ်သည့် ရွေးကောက်ပွဲဥပဒေအောက်တွင် ပြန်လည် မှတ်ပုံတင်ရန် ပျက်ကွက်သောကြောင့် NLD ပါတီကို စစ်ကောင်စီက လွန်ခဲ့သောနှစ်တွင် ဖျက်သိမ်းခဲ့ပြီး မည်သည့် ရွေးကောက်ပွဲသစ်မဆိုအတွက် ပိတ်ပင်ထားခံရသည်။
လာမည်နှစ်တွင် ရွေးကောက်ပွဲကျင်းပမည့် စစ်တပ်၏အစီအစဉ်ကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံ အတိအလင်း အတည်ပြုကြောင်း စစ်ကောင်စီထိန်းချုပ်မီဒီယာက အောက်တိုဘာလ ၉ ရက်နေ့တွင် ဖော်ပြသည်။
ထိုရွေးကောက်ပွဲသည် အပေါ်ယံ တရားဝင်မှုရရေး စစ်ကောင်စီက လိမ်လည်ရန် ကြိုးစားမှုအဖြစ် အများကမြင်ကြောင်း သြစတြေးလျနိုင်ငံ၊ ကာတင်တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါက်တာ ထွေးထွေးသိန်းက ပြောသည်။

ခွပ်ဒေါင်း
ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာကျော်စေသော်လည်း မအောင်မြင်သည့် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ သွေးချောင်းစီးမှု နောက်ပိုင်းတွင် NLD ပါတီကို ဖွဲ့စည်းခဲ့သည်။
NLD ပါတီသည် မြန်မာအပေါ် စစ်တပ်က တင်းကျပ်စွာချုပ်ကိုင်မှုကို အဓိက အတိုက်အခံအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီး ပါတီဝင်များသည် ပြင်းထန်သောဖိနှိပ်မှု ခံရသည်။
ထိုပါတီသည် ခွပ်ဒေါင်းအမှတ်တံဆိပ်ကို အသုံးပြုပြီး ဗိုလ်ချုပ်များက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ပြီးနောက် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် အပြတ်အသတ် အနိုင်ရသည်။
သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက လွှတ်တော်သစ် ကျမ်းသစ္စာမကျိန်ဆိုမီ နာရီပိုင်းအလိုတွင် စစ်တပ်က အာဏာသိမ်းပြီး NLD ထိပ်တန်းခေါင်းဆောင်များကို ဖမ်းဆီးလိုက်သည်။
အာဏာသိမ်းပြီး ရက်သတ္တပတ် အတန်ကြာသောအခါ NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းသည် ကိုဗစ်နိုင်တင်းကြောင့် ထောင်အတွင်းတွင် ကွယ်လွန်သည်။
ဒေါက်တာ ဇော်မြင့်မောင်သည် ကွယ်လွန်ခါနီး နာရီပိုင်းအလိုတွင် စစ်တပ်က ဖမ်းဆီးမှုမှ လွှတ်ပေးခံရပြီး အောက်တိုဘာလ ၇ နေ့က အသက် ၇၂ နှစ်အရွယ်တွင် သွေးကင်ဆာရောဂါဖြင့် ကွယ်လွန်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဟောင်း ဦးဝင်းမြင့်ကဲ့သို့ပင် ၎င်းတို့ကို နိုင်ငံရေးလောကမှ ဖယ်ရှားရန် ရည်ရွယ်သည်ဟု ဝေဖန်ကြသည့် တရားရုံးများမှ နှစ်ရှည်လများ ထောင်ဒဏ်ချခံထားရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရိုဟင်ဂျာလူနည်းစုကို စစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်သည်ကို တားဆီးရန် ပျက်ကွက်ပြီးနောက် နိုင်ငံတကာတွင် ရေပန်းမစားတော့သော်လည်း မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် လူထုထောက်ခံမှု ရနေဆဲဖြစ်သည်။ ရိုဟင်ဂျာများကို ထိုသို့စစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှုသည် ယခုအခါ ကုလသမဂ္ဂ၏ ထိပ်တန်းတရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် စစ်ဆေးနေသည်။
လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် စစ်တပ်လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (USDP) အပါအဝင် နိုင်ငံရေးပါတီ တဒါဇင်ခန့် ပြန်လည် မှတ်ပုံတင်ကြသည်။
အဓိက မဟာမိတ် တရုတ်အစိုးရသည် စစ်ကောင်စီ၏ ရွေးကောက်ပွဲလုပ်မည့် အစီအစဉ်ကို ထောက်ခံပြီး ယခုနှစ်တွင် USDP နှင့် အခြားပါတီ သုံးခုကို ဆွေးနွေးရန် တရုတ်သို့ ဖိတ်ခေါ်သည်။
ဖိနှိပ် ချေမှုန်းရေး
အာဏာသိမ်းမှုနောက်ပိုင်းတွင် NLD ၏ လူငယ်အဖွဲ့ဝင်အချို့သည် လက်နက်ကိုင်တော်လှန်ရေး လုပ်ကြပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် စစ်တပ်ကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ NLD ၏ အကြမ်းမဖက်ရေး အဓိကမူကို ချိုးဖောက်ကြသည်။
အာဏာသိမ်းမှုကို တွန်းလှန်ရန် တည်ထောင်ထားသည့် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည်လည်း NLD အဖွဲ့ဝင်များကို ဆွဲဆောင်ပြီး မြန်မာမှ မြေအောက်တွင် ကျန်ရစ်သူများနှင့် ပြည်ပတွင် လုပ်ကိုင်နေသူများအကြား အကွဲအပြဲ ဖြစ်စေသည်ဟု ပါတီသတင်းရင်းမြစ်များက ပြောသည်။

နိုင်ငံတွင်းတွင် ကျန်ရစ်ခဲ့သည့် ပါတီဝင်များသည် စစ်ကောင်စီဖြိုခွဲမှုတွင် ပြင်းထန်သော အကျိုးဆက်များကို ရင်ဆိုင်ရသည်။
ဟစ်ပ်ဟော့ အဆိုတော်မှ NLD လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသူ ဦးဖြိုးဇေယျာသော်ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်တွင် ကွပ်မျက်ခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း မြန်မာတွင် ပထမဆုံးအကြိမ် သေဒဏ်စီရင်ခြင်း ဖြစ်လာသည်။
အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်တွင် သူသည် ရဲ ငါးဦး သေဆုံးစေသည့် ရန်ကုန်ရထားပေါ်မှ ပစ်ခတ်မှုအပါအဝင် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု အများအပြားကို စီစဉ်သည်ဟု စစ်ကောင်စီက စွပ်စွဲသည်။
သူ့ကို တံခါးပိတ်တရားရုံးတွင် သေဒဏ်ချပြီး ကွပ်မျက်လိုက်ရာ လူ့အခွင့်အရေးအဖွဲ့များက အကြီးအကျယ် ဝေဖန်ကြသည်။
“ကျနော်တို့ဟာ ဒီမိုကရေစီအတွက် စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်နေမယ်” ဟု ပြည်တွင်းမှ အမည်မဖော်လိုသည့် ဝါရင့် NLD ခေါင်းဆောင်တဦးက ပြောသည်။
“ကျနော်တို့ပြန်လာမယ်” ဟု ၎င်းကပြောသည်။
NLD သည် ချေမှုန်းဖိနှိပ်မှုခံနေရသည်မှာ ဆယ်စုနှစ် သုံးခုကြာပြီဖြစ်သော်လည်း ဆက်လက် ရပ်တည်နိုင်သည်ဟု လွတ်လပ်သော မြန်မာ့အရေးသုတေသီ ဒေးဗစ် မက်သီဆန်က ပြောသည်။
အခြေအနေသည် ဒေါ်ဆောင်ဆန်းစုကြည်အပေါ် မူတည်သည်ဟု ၎င်းကပြောသည်။ အသက် ၇၉ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် စစ်တပ်က တည်ဆောက်ထားသည့် မြို့တော်နေပြည်တော်မှ ထောင်အတွင်း အားအင်ချိနဲ့နေပြီး အများပြည်သူမြင်ကွင်းတွင် မတွေ့ရသည်မှာ နှစ်အတန်ကြာပြီ ဖြစ်သည်။ သို့သော် သူသည် ဆက်ခံမည့်သူကို သတ်မှတ်ထားခြင်း မရှိသေးကြောင်းလည်း မက်သီဆန်က ပြောသည်။
“နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် မရှိတော့ရင် ဒီပါတီဘာဖြစ်မလဲ၊ ပြန်လည်စုစည်းပြီး အလားအလာရှိတဲ့ အမျိုးသားအင်အားစု ဖြစ်နိုင်မလားဆိုတာ အဓိကမေးခွန်းပဲ” ဟု ၎င်းကပြောသည်။
ကိုးကား ။ ။ AFP သတင်း Deaths and repression sideline Suu Kyi’s party ahead of Myanmar vote
You may also like these stories:
NLD ကို ဖျက်သိမ်းခြင်းကြောင့် စစ်ကောင်စီ ရွေးကောက်ပွဲကို ပိုအယုံအကြည်မဲ့
မန္တလေးမြို့ ဝမ်းနည်းကြေကွဲရတဲ့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ဈာပန
မရိုးသားသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ လှည့်စားမှု
ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာနဲ့ စစ်ကောင်စီ ဘယ်လို အဆက်အသွယ် ဖြတ်ထားလဲ
၂၀၂၀ ရွေးကောက်ပွဲ မဲမသမာကြောင်း စစ်ကောင်စီ ထပ်လိမ်နေပြန်













