စစ်တပ်ရေးဆွဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးချယ်ခန့်အပ်ရတဲ့ ရွေးကောက်ပွဲကော်မရှင် (UEC) သက်တမ်းဟာ မတ်လ ၁၁ ရက်နေ့မှာ ၁၄ နှစ် ရှိလာပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၄ နှစ်အတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အားလုံးမှာ UEC မှာ ခန့်အပ်ခံရတဲ့ စစ်ဗိုလ်ချုပ်ဟောင်းများကိုသာ ယုံကြည်လက်ခံနိုင်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေက ရေးသားဖော်ပြကြပါတယ်။
မတ်လ ၁၂ ရက်နေ့ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်းက ရွေးကောက်ပွဲကော်မရှင် လေးခုအကြောင်း ဆောင်းပါးပါဝင်ပြီး ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုး ကြီးကြပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ကြီးကြပ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲကို အထူးအသားပေး ရေးသားထားတယ်။
အဲဒီဆောင်းပါက ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ကြီးကြပ်ဖို့ ဖွဲ့စည်းခဲ့တဲ့ ဦးလှသိန်း ဦးဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဝေဖန်ရှုတ်ချပါတယ်။ အဲဒီဆောင်းပါးက စစ်ကောင်စီအာဏာသိမ်းတဲ့ အကြောင်းပြချက်ကို ထပ်မံ ဖော်ပြပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွင်းက ရွေးကောက်ပွဲ မသမာမှုတွေကြောင့် အာဏာသိမ်းဖို့ လိုတယ်လို့ ဖော်ပြပါတယ်။
နှစ် ၅၀ မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က အဲဒီစွပ်စွဲချက်ကို ထပ်ပြောပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတယ်လို့ ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ UEC ဟာ ရွေးကောက်ပွဲတွေကို ကြီးကြပ် ကျင်းပရပြီး မဲဆန္ဒနယ်တွေ သတ်မှတ်၊ နိုင်ငံရေးပါတီတွေကို စည်းကမ်းထိန်းကြောင်း၊ မဲစာရင်းပြုစု၊ သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် ဒေသလုံခြုံရေး အခြေအနေရ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းပြီး ရွေးကောက်ပွဲ အငြင်းပွားမှုတွေကို ဖြေရှင်းရတာဖြစ်ပါတယ်။
၂၀၁၀ နဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ UEC ဟာ အထွေထွေ ရွေးကောက်ပွဲ သုံးခုနဲ့ ကြားဖြတ် ရွေးကောက်ပွဲ သုံးခုကို ကြီးကြပ်ခဲ့တယ်။
ဦးသိန်းစိုး ကော်မရှင်
အဲဒီဆောင်းပါးမှာ ပထမဆုံး ရွေးကောက်ကော်မရှင် ဥက္ကဋ္ဌ စစ်ဥပဒေချုပ်ဟောင်း ဦးသိန်းစိုးကို ၁၉၉၀ နောက်ပိုင်း ပထမဆုံး ရွေးကောက်ပွဲဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်လို့ ချီးကျူးထားတယ်။
စစ်တက္ကသိုလ် အပတ်စဉ် ၁၆ ဆင်း ဦးသိန်းစိုးဟာ စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရွေးကောက်ပွဲ အနိုင်ရအောင်လို့ ကြိုတင်မဲတွေကို စီစဉ်တယ်။ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေကို တားမြစ်ပိတ်ပင်ထားတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ USDP အနိုင်ရတာဟာ NLD က အဲဒီရွေးကောက်ပွဲကို သပိတ်မှောက်တာကြောင့်လည်း တစိတ်တပိုင်း ပါဝင်ပါတယ်။
အဲဒီဆောင်းပါးမှာ ပထမဆုံး ရွေးကောက်ကော်မရှင် ဥက္ကဋ္ဌ စစ်ဥပဒေချုပ်ဟောင်း ဦးသိန်းစိုးကို ၁၉၉၀ နောက်ပိုင်း ပထမဆုံး ရွေးကောက်ပွဲဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်လို့ ချီးကျူးထားတယ်။
အမျိုးသားဒီမိုကရေစီ အင်အားစု ဥက္ကဋ္ဌ၊ အခု စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့မှာ ပါဝင်တဲ့ ဦးခင်မောင်ဆွေက ၂၀၁၀ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတယ်လို့ ပြောခဲ့တယ်။
စစ်ကောင်စီ သတင်းစာ ဆောင်းပါးက အဲဒီအချက်တွေကို တခုမှ မဖော်ပြဘဲ ဦးသိန်းစိုးကို ချီးကျူးတယ်။ အဲဒီရွေးကောက်ပွဲမှာ ပါတီပေါင်း ၃၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ပြီး သူတို့ထဲက ၂၂ ပါတီက လွှတ်တော် နေရာရလို့ အောင်မြင်တယ်လို့ အဲဒီဆောင်းပါးမှာ ရေးထားပါတယ်။
ဦးတင်အေး ကော်မရှင်
ဒုတိယ UEC ကို ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက ဦးဆောင်တယ်။ ဦးတင်အေးခေတ်မှာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပါတယ်။ ယှဉ်ပြိုင်တဲ့ နေရာ ၅၄ နေရာအနက် ၄၃ နေရာကို NLD က အနိုင်ရတယ်။
အဲဒီကော်မရှင်ဟာ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကိုလည်း ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေ လေ့လာဖို့ ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုခဲ့ပြီး ကော်မရှင်ဟာ နိုင်ငံတကာ အေဂျင်စီတွေ၊ လူမှုအခြေပြု အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
ဒါပေမယ့် အဲဒီကော်မရှင်ဟာ မဲဆွယ်ပွဲကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်လှုပ်ရှားမှုကို ကန့်သတ် သတိပေးတဲ့ကြေညာချက်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဦးတင်အေးဟာ အဲဒီတုန်းက သမ္မတ ဦးသိန်းစိန်နဲ့အတူ သူ့ရဲ့ နိုင်ငံတဝန်း ခရီးစဉ်တွေမှာလည်း လိုက်ပါခဲ့ပါတယ်။
သူဟာ ရွေးကောက်ပွဲ ဆပ်ကော်မတီတွေမှာ စစ်အရာရှိဟောင်းတွေကိုလည်း ခန့်အပ်ခဲ့ပြီး မတည်ငြိမ်မှုဟာ အာဏာသိမ်းမှုကို ဦးတည်သွားစေနိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါကြောင့် အဲဒီကော်မရှင်ရဲ့ သမာသမတ်ရှိမှုကို ပြည်သူတွေ သံသယရှိခဲ့ကြပါတယ်။
ဦးတင်အေး ဦးဆောင်တဲ့ ကော်မရှင်ဟာ ပိုမိုကြီးမားလာတဲ့ ပွင့်လင်းမြင်သာမှု၊ မီဒီယာနဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေ ကြီးထွားလာခြင်းနဲ့ NLD အပေါ် လူထုထောက်ခံမှုကြောင့် ရွေးကောက်ပွဲကို လိုသလို အသုံးချဖို့ အခွင့်အလမ်း နည်းပါးခဲ့ပါတယ်။
ဒါပေမယ့် ဦးတင်အေးက စစ်တပ်ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အဓိကအခန်းက ပါဝင်တယ်ဆိုတဲ့ အချက်ကို အလေးထားပြောပြီး နိုင်ငံမှာ တည်ငြိမ်မှုမရှိရင် စစ်တပ်က အာဏာသိမ်းဖို့ လိုကောင်းလိုမယ်လို့ သတိပေးပါတယ်။
အဲဒီအချိန်တုန်းက စစ်တပ်က USDP ဟာ လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၆ ရာခိုင်နှုန်းလောက်တော့ အနည်းဆုံးရပြီး လွှတ်တော်တွင်းက စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ပေါင်းရင် အစိုးရ ဖွဲ့နိုင်မယ်လို့ တွက်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် NLD က တောင်ပြိုကမ်းပြိုနိုင်ပြီး မဲအားလုံးရဲ့ ၇၇ ရာခိုင်နှုန်းကို အနိုင်ရပါတယ်။
ဒါပေမယ့် ဦးတင်အေးက စစ်တပ်ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အဓိကအခန်းက ပါဝင်တယ်ဆိုတဲ့ အချက်ကို အလေးထားပြောပြီး နိုင်ငံမှာ တည်ငြိမ်မှုမရှိရင် စစ်တပ်က အာဏာသိမ်းဖို့ လိုကောင်းလိုမယ်လို့ သတိပေးပါတယ်။
ဦးတင်အေး ကော်မရှင်အနေနဲ့ NLD အနိုင်ရကြောင်း ကြေညာရုံကလွဲလို့ တခြားရွေးစရာ မရှိတော့ပါဘူး။ ဒါဟာ ၁၉၆၂ ခုနှစ်မှာ နိုင်ငံရဲ့ပထမဆုံး စစ်အာဏာသိမ်းမှုနောက်ပိုင်း ဆယ်စုနှစ် ငါးခုကျော်အတွင်း ပထမဆုံး အရပ်သားအစိုးရ ဖြစ်ပါတယ်။
ဦးလှသိန်း ကော်မရှင်
NLD အစိုးရဟာ မိတ္ထီလာ တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးလှသိန်း ဦးဆောင်ပြီး အရပ်သားတွေချည်းပဲပါတဲ့ ပထမဆုံး ရွေးကောက်ပွဲ ကော်မရှင်ကို ထူထောင်ပါတယ်။ အခြား အဖွဲ့ဝင်တွေဟာ ဥပဒေနဲ့ ပညာရေး အသိုက်အဝန်းက ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရတဲ့ ဦးလှသိန်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီသတင်းစာရဲ့ ဆောင်းပါးက အများအပြား စွပ်စွဲပါတယ်။ သူရဲ့ကော်မရှင်ဟာ NLD အလိုကျ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်တယ်၊ ပြိုင်ဘက် ပါတီတွေရဲ့ နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်တဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းတွေကို ဆင်ဆာဖြတ်တောက်တယ် စသည်ဖြင့် အဲဒီ ဆောင်းပါးက စွပ်စွဲပါတယ်။ ဖွဲ့စည်းပုံက မမျှတဘဲ စစ်အာဏာသိမ်းမှုဟာ ဥပဒေနဲ့ညီတယ်လို့ အထက်ပါ ဆောင်းပါးက ဖော်ပြပါတယ်။
NLD ဟာ လူ ၂၇ သန်း မဲပေးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲအားလုံးရဲ့ ၈၃ ရာခိုင်နှုန်း အနိုင်ရပါတယ်။ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံဟာ အဲဒီရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုတဲ့ ပြည်ပနိုင်ငံတွေမှာ ပါဝင်ပါတယ်။ အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်မျှတတယ်လို့လည်း ပြည်တွင်းနဲ့ နိုင်ငံတကာ လေ့လာသူတွေက ပြောပါတယ်။
NLD ဟာ လူ ၂၇ သန်းမဲပေးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲအားလုံးရဲ့ ၈၃ ရာခိုင်နှုန်း အနိုင်ရပါတယ်။ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံဟာ အဲဒီရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုတဲ့ ပြည်ပနိုင်ငံတွေမှာ ပါဝင် ပါတယ်။
စစ်တပ်ဟာ အရင်ကလိုပဲ USDP ဟာ လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၆ ရာခိုင်နှုန်းရအောင် လုပ်နိုင်မယ်လို့ပဲ တွက်ထားပါတယ်။ ဒါပေမယ့် အဲဒီပါတီဟာ လွှတ်တော်ကိုယ်စားလှယ်နေရာ ၆ ဒသမ ၄ ရာခိုင်နှုန်းပဲရပြီး နောက်ဆုံးမှာတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။
အဲဒီတုန်းက USDP ဒုဥက္ကဋ္ဌ အခုလက်ရှိ ဥက္ကဋ္ဌ ဦးခင်ရီက စစ်အာဏာသိမ်းမှုကို ထောက်ခံပြီး စစ်တပ်လိုလားတဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ပါတယ်။
လူဟောင်းများ ပြန်ပေါ်လာ
အာဏာသိမ်းပြီးနောက်မှာ ပထမဆုံးရွေးကောက်ပွဲ ကော်မရှင်ကို ဦးဆောင်ခဲ့တဲ့ ဦးသိန်းစိုးဟာ UEC ဥက္ကဋ္ဌ ဖြစ်လာပါတယ်။
နောက်တော့ သူဟာ ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု မရှိဘူးဆိုပြီး ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ပါတယ်။ သူ့ရဲ့ ရွေးကောက်ပွဲကော်မရှင်ဟာလည်း ပါတီငယ်တွေ ရွေးကောက်ပွဲ မဝင်နိုင်အောင်နဲ့ NLD လို အဓိကကျပြီး ဒီမိုကရေစီလိုလားတဲ့ ပါတီကြီးတွေကို ထိထိရောက်ရောက် ဖျက်သိမ်းဖို့လုပ်တဲ့ ရွေးကောက်ပွဲဥပဒေသစ်ကို ချမှတ်ပါတယ်။ USDP ကို မျက်နှာသာပေးတဲ့ အချိုးကျ ကိုယ်စားပြုစနစ်ကိုလည်း အဲဒီကော်မရှင်က စတင်ကျင့်သုံးပါတယ်။
ကျန်းမာရေးကြောင့် ဦးသိန်းစိုး အနားယူတဲ့အခါ သူ့နေရာကို စစ်တက္ကသိုလ် အပတ်စဉ် ၁၀ ဆင်း စစ်ကောင်စီ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးကိုကို အစားထိုးဝင်ရောက်လာပါတယ်။
စစ်ကောင်စီသတင်းစာ ဆောင်းပါးက လက်ရှိ UEC ဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်လုပ်ဖို့ ကတိပြုတယ်လို့ ဖော်ပြပါတယ်။ အဲဒီဆောင်းပါးဟာ ဘယ်သူ့ကိုမှ အရူးလုပ်လို့ရမှာ မဟုတ်ပါဘူး။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Myanmar Junta Repeats Lie That 2020 Election Was Rigged ကို ဘာသာပြန်သည်။)
You may also like these stories:
ရွေးကောက်ပွဲကို တနိုင်ငံလုံး၌ ကျင်းပနိုင်မည်မဟုတ်ဟု စစ်ခေါင်းဆောင်ပြော
ပါတီများအား စစ်ကောင်စီခန့် UEC ခွဲခြားကန့်သတ်လာနေ
UEC ဥက္ကဌ ဦးလှသိန်းနှင့် အဖွဲ့ဝင် ဦးမြင့်နိုင်တို့ ထောင်မှပြန်လွှတ်
စစ်ကောင်စီခန့် UEC ကို NLD နှင့် SNLD အာခံ