ရှမ်းမြောက်တိုက်ပွဲတွေကို ကွပ်ကဲရတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချူပ်ရှိရာ လားရှိုးမြို့ မကျစေရေး စစ်ကောင်စီတပ်က မြို့ပတ်ပတ်လည်မှာ ခံစစ်ပြင်ဆင်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ တရုတ်ရဲ့ ဖိတ်အားပေးမှုကြောင့် စစ်ကောင်စီတပ်နဲ့ ဟိုင်ဂင်သဘောတူညီမှုအဖြစ် အပစ်အခတ်ရပ်စဲထားပေမယ့် လားရှိုးမြို့အနီး စစ်ရေးလှုပ်ရှားမှုတွေရှိနေဆဲ ဖြစ်ပါတယ်။
လက်ရှိမှာ လားရှိုး-နမ္မတူလမ်း မြို့နဲ့ ၅ မိုင်ခန့်အကွာသာရှိတဲ့ အီနိုင်းကျေးရွာ၊ လားရှိုး- သိန္နီလမ်း မြို့နဲ့ ၃ မိုင်ခန့်သာရှိတဲ့ ဟိုပိတ်ကျေးရွာနဲ့ လားရှိုး-သီပေါလမ်း ပန်မွန်ကျေးရွာတို့မှာ စစ်ကောင်စီတပ်က အင်အားရာနဲ့ချီ ဖြန့်ကျက်ထားပြီး လားရှိုးမြို့ ခုခံစစ်အတွက် ရှေ့တန်းခံစစ်အဖြစ် လနဲ့ချီပြင်ဆင်နေတယ်လို့ သိရပါတယ်။
အဆိုပါရှေ့တန်းခုခံစစ်အတွက် လောက်ကိုင်နဲ့ ကွတ်ခိုင် မြို့သိမ်းတိုက်ပွဲအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထံမှာ လက်နက်ချအလင်းဝင်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တပ်ရင်မှူး၊ ဗျူဟာမှူးအဆင့်ရှိသူတွေအထိ ရှေ့တန်းပို့ဆောင်ခံထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လားရှိုးမြို့နယ် အီနိုင်းကျေးရွာရှိ အီနိုင်းတံတား တဖက်တချက်မှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ အနီးကပ်နေရာယူထားပြီး ရှေ့တန်းစစ်မျက်နှာအဖြစ် ပြင်ဆင်ထားကြတယ်လို့လည်း နမ္မတူဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
၎င်းက “အီနိုင်းတံတား ဟိုဘက်ဒီဘက်မှာ နှစ်ဖွဲ့လုံးနေရာယူထားတာ။ ဘယ်အဖွဲ့ကပဲ ချောင်းကို ကူးလာကူးလာ တိုက်ပွဲကတော့ စဖြစ်လာမှာပဲ။ အဲဒီနေရာက လားရှိုးရဲ့ ရှေ့တန်းခံစစ် ချထားတဲ့နေရာပေါ့“ ဟု ဆိုသည်။
စစ်ကောင်စီတပ် ရှေ့တန်းခုခံစစ်တွေ ပြင်ဆင်ထားတဲ့နေရာနဲ့ မိုင်အနည်းငယ်ခန့်အကွာမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့တို့လည်း လှုပ်ရှားနေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားတဲ့ ရှမ်းမြောက်က မြို့နယ်တွေကို စစ်ကောင်စီတပ်ကလည်း ယခုရက်ပိုင်းအတွင်း တန်ပြန်ထိုးစစ်ဆင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး မတ် ၂၅ ရက် နံနက်အစောပိုင်းမှာ စစ်ကောင်စီဘက်က လားရှိုးမြို့အနီးကို လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေတယ်လို့ လားရှိုးမြို့ခံတဦးက ဆိုပါတယ်။
မြို့အနောက်ဘက်မှာ TNLA သိမ်းပိုက်ထားတဲ့ နမ္မတူမြို့တည်ရှိပြီး တောင်ဘက်မှာ MNDAA သိမ်းပိုက်ထားတဲ့ သိန္နီမြို့ တည်ရှိကာ အရှေ့ဘက်ရှိ မိုင်းယော်တိုက်နယ်ကို ထိန်းချုပ်ထားတဲ့ မိုင်းကျက်တပ်စခန်းကို TNLA သိမ်းပိုက်ထားသလို မြောက်ဘက်ရှိ သီပေါမြို့အသွား လမ်းမကြီးကိုလည်း TNLA က ထိန်းချုပ်ထားတာကြောင့် လားရှိုးမြို့ဟာ ပိတ်ဆို့ခံထားရပြီ ဖြစ်ပါတယ်။
TNLA က တပ်မဟာ-၆ စစ်ဒေသအဖြစ် သတ်မှတ်ထားတဲ့ လားရှိုးမြို့နယ်ဟာ MNDAA ဖွဲ့စည်းထားတဲ့ နိုင်ငံအနှံ့က စစ်အာဏာရှင်တော်လှန်သူတွေပါဝင်တဲ့ တိုင်းရင်းသားတပ်မဟာ-၆၁၁ လည်း အဓိက လှုပ်ရှားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ပူးတွဲလှုပ်ရှားနေပါတယ်။
လားရှိုးမြို့ဟာ မြို့လယ်ခေါင်မှာ တိုင်းစစ်ဌာနချူပ် အထိုင်ချထားသလို မြို့ပတ်ပတ်လည်မှာ အမြောက်တပ်၊ ခြေလျင်ခြေမြန် တပ်မ ၅ ခုအထက်ရှိနေပြီး ပြည်သူ့စစ်တပ်ဖွဲ့တွေကိုလည်း လက်နက်တပ်ဆင်ထားပေးပါတယ်။
ဒါ့ပြင် လားရှိုးမြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားပြီး မြို့တွင်း ဖမ်းဆီးစစ်ဆေးခံရတဲ့ ဒေသခံ ၁၀ ဦးကျော် သေဆုံးခဲ့သလို လူဦးရေ ထက်ဝက်ခန့်ဟာလည်း မြို့ကို စွန့်ခွာသွားတယ်လို့ သိရပါတယ်။
ဟိုင်ဂင်သဘောတူညီမှုအရ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို စစ်ကောင်စီ သို့မဟုတ် ညီနောင်မဟာမိတ် ၃ ဖွဲ့ ချိုးဖောက်ပါက စတင်ချိုးဖောက်တဲ့အဖွဲ့ကို တရုတ်အစိုးရက အပြင်းအထန် ဖိအားပေးလာနိုင်ကြောင်း စစ်ရေးအရင်းအမြစ်တွေက ဆိုပါတယ်။