မြန်မာနိုင်ငံအလယ်ပိုင်းမှ ပြည်တွင်းနေရပ်စွန့်ခွာရသူ (IDP) များသည် ပြည်တွင်းပြည်ပ အလှူရှင်များထံမှ အကူအညီများ လျော့နည်းလာသောကြောင့် အာဟာရချို့တဲ့ခြင်းနှင့် အခြား ကျန်းမာရေး ပြဿနာများကို ရင်ဆိုင်နေရကြောင်း IDP ကူညီရေးအဖွဲ့များက ပြောသည်။
မကွေးနှင့် စစ်ကိုင်းတိုင်းများတွင် များပြားလှသော ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။ စစ်ကောင်စီဆန့်ကျင်မှု တော်လှန်ရေး အမာခံဒေသများဖြစ်သည့် ထိုဒေသများမှ ကျေးရွာများကို စစ်တပ်နှင့် ပျူစောထီးက မီးရှို့တိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်သော ၂၀၂၂ ခုနှစ်တွင် အခြေအနေ အလွန်ဆိုးလာသည်။
စစ်ကောင်စီတပ်များနှင့် ပျူစောထီးများသည် ထိုဒေသများအတွင်း စီးနင်းတိုက်ခိုက်မှုများ မကြာခဏလုပ်ကာ ကျေးရွာများကို မီးရှို့ပြီး အရပ်သားများကို သတ်ဖြတ်သည်။ ထို့ပြင် စစ်သားများသည် အစားအစာ မလုံမလောက်ဖြစ်တိုင်း အရပ်သားများ၏ ပိုင်ဆိုင်မှုများကို လုယက်ကြသည်။ ထို့ကြောင့် အရပ်သားများသည် အိမ်မပြန်ရဲဘဲ တောများနှင့် မြစ်ကမ်းများတလျှောက်တွင် ခိုလှုံနေရ၊ ပိုမိုဘေးကင်းသော ဒေသများမှ မြို့များသို့ ထွက်ပြေးနေရကြောင်း စေတနာ့ဝန်ထမ်းများက ပြောသည်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှ IDP များ အစားအစာနှင့် ဆေးဝါးလိုသည်ဟု ရွေဘိုမြို့နယ် အထောက်အကူပြုအဖွဲ့မှ ကိုယ်စားလှယ်တဦးဖြစ်သူ ကိုနေမင်းခန့်က ပြောသည်။ ထိုအဖွဲ့သည် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းမှ မြို့နယ်အချို့တွင် IDP များကို ထောက်ပံ့နေသည့် ပရဟိတအဖွဲ့ ဖြစ်သည်။
ထိုအဖွဲ့သည် ဝက်လက်မြို့နယ်မှ ကျေးရွာ လေးရွာဖြစ်သည့် အင်ဒေါင်း၊ သဲဘုတ်ကြီး၊ ရွာသစ်နှင့် ရှိမ်းမကား ကျေးရွာများတွင် မတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့များက ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့သည်။ အရပ်သား ၄၀၀ ခန့်ကို လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှ ကျန်းမာရေးလုပ်သားများက ကုသပေးခဲ့သော်လည်း ဆေးဝါး မလုံလောက်သောကြောင့် ထိုလုပ်ငန်းကို ရပ်ဆိုင်းခဲ့ရကြောင်း ကိုနေမင်းခန့်က ပြောသည်။
“တခြားရွာတွေမှာလည်း ကွင်းဆင်းကုသဖို့ ကျနော်တို့ သဘောတူခဲ့ပေမယ့် ကျနော်တို့မှာ ဆေးကုန်သွားပြီ” ဟု ကိုနေမင်းခန့်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ယခုအခါ မြန်မာနိုင်ငံတွင် နွေရာသီရောက်လာပြီး ထိုဒေသသည် အပူပိုင်းဇုန်အတွင်း တည်ရှိကာ လူနေမှုအခြေအနေများ နိမ့်ကျသောကြောင့် ကျေးရွားသားများသည် ပြင်းထန်သော အပူချိန်ကြောင့်ဖြစ်သည့် ဖျားနာမှုများ ခံစားနေရသည်။ ၎င်းတို့သည် တာပေါ်လင်နှင့် ကောက်ရိုးများဖြင့် မိုးကာထားသည် တဲများတွင် နေထိုင်ကြရသည်။ လွန်ခဲ့သောနှစ်မှစတင်၍ ဝက်လက်မြို့နယ်မှ ကလေးများနှင့် သက်ကြီးရွယ်အို IDP များ၏ ကျန်းမာရေး အခြေအနေသည် ချို့တဲ့ယိုယွင်းလာနေကြောင်း ၎င်းကပြောသည်။
“အာဟာရချို့တဲ့သူ အရေအတွက် တိုးလာနေတယ်” ဟု ကိုနေမင်းခန့်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ဝက်လက်မြို့နယ်တွင် လွန်ခဲ့သော ၇ လအတွင်း လူ ၂,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးရသည်။ လွန်ခဲ့သောနှစ်တွင် အထက်ပါအဖွဲ့သည် IDP များအတွက် အစားအသောက်များ၊ ဝါး၊ တာပေါ်လင်နှင့် အဝတ်အစားများကဲ့သို့ အခြားလိုအပ်သည်များ ထောက်ပံ့သော်လည်း ယခုနှစ်တွင် အလှူငွေ မရှိသောကြောင့် မလှူဒါန်းနိုင်သေးပေ။
“ကွင်းဆင်းကုသဖို့ သွားတဲ့အခါ တချို့သက်ကြီးရွယ်အိုတွေက အစားအစာ တောင်းကြတယ်။ သူတို့ဟာ အစားအစာ မလုံလောက်တဲ့ အခြေအနေနဲ့ ပူလောင်တဲ့ရာသီအောက်မှာ တဲအိမ်ငယ်လေးတွေနဲ့ နေထိုင်ကြရတယ်” ဟု ကိုနေမင်းခန့်က ဝက်လက်မြို့နယ်မှ IDP များအကြောင်း ပြောပြသည်။
နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး၊ လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့တိုက်ခိုက်မှုနှင့် ခြုံခိုတိုက်ခိုက်မှုစသည့် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများနှင့် တိုက်ပွဲများကြောင့် စစ်ကိုင်းတိုင်းတွင် ပြည်သူ ၁ ဒသမ ၁ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး မြို့နယ်အများအပြားသည် လပေါင်းများစွာ တိုက်ခိုက်ခံရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လတွင် ထုတ်ပြန်သည့် အစီရင်ခံစာ တစောင်အရ သိရသည်။
စစ်ကိုင်းတိုင်းတွင် အင်းတော်၊ ကသာ၊ မော်လိုက်၊ မြောင်၊ တမူး၊ ထီးချိုင့်၊ ရေဦး၊ ယင်းမာပင် အပါအဝင် များပြားလှသော မြို့နယ်များမှ စစ်ဘေးရှောင် ၅၅,၀၀၀ ကျော်အတွက် အစားအစာနှင့် အခြားအရေးပါသော ကယ်ဆယ်ရေး ပစ္စည်းများ လိုအပ်နေသည်ဟု UNOCHA က ဖော်ပြသည်။
သို့သော် အခြားမြို့နယ်များမှ စစ်ဘေးရှောင် ထောင်ပေါင်းများစွာ အတွက်လည်း အကူအညီများ လိုအပ်နေကြောင်း စေတနာ့ဝန်ထမ်းများက ပြောကြားပြီး ထိုသူများသည် ပြည်တွင်းပြည်ပမှ အလှူရှင်များ၏ လှူဒါန်းမှုများကို လုံးဝမှီခိုနေရကြောင်း ၎င်းတို့က ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက စစ်ဘေးရှောင်များကို ထောက်ပံ့သော်လည်း ၎င်းတို့၏ လိုအပ်ချက်အားလုံးကို မဖြည့်ဆည်းပေးနိုင်ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကိုယ်စားလှယ်တဦးက ပြောသည်။
“စစ်ဘေးရှောင်တွေဟာ အစားအစာ မလုံလောက်ဘဲ တောထဲမှာ အကြာကြီး နေရတော့ သူတို့ရဲ့ ကျန်းမာရေးက ယိုယွင်းနေတယ်” ဟု ထိုကိုယ်စားလှယ်က ဧရာဝတီသို့ ပြောသည်။
စေတနာ့ဝန်ထမ်းများသည် စစ်ဘေးရှောင် အရေအတွက် တိုးလာပြီး အလှူရှင် နည်းလာသည့် အခြေအနေကို ရင်ဆိုင်နေရသည်ဟု မကွေးတိုင်းမှ We Love Myaing စေတနာ့ဝန်ထမ်းအဖွဲ့ ကိုယ်စားလှယ်တဦးက ပြောသည်။ စစ်တပ်နှင့် ပျူစောထီးများသည် မြိုင်မြို့နယ်မှ ကျေးရွာများကို မကြာခဏ စီးနင်းတိုက်ခိုက်သည်။
စစ်ကောင်စီ၏ စီးနင်းတိုက်ခိုက်မှုမှ ထွက်ပြေးလာသည့် အရပ်သား အလွန်များသောကြောင့် ၎င်းတို့အဖွဲ့သည် မကြာခဏ မနိုင်မနင်းဖြစ်ကြောင်း We Love Myaing မှ ကိုယ်စားလှယ်တဦးက ဧရာဝတီသို့ ပြောသည်။
“သူတို့ကို ကူညီနိုင်ဖို့ တခါတခါကျရင် မိတ်ဆွေတွေဆီက ငွေချေးယူရတယ်” ဟု ထိုစေတနာ့ဝန်ထမ်းက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s War-Displaced Face Health Crisis as Donor Funds Dry Up ကို ဘာသာပြန်သည်။)
You may also like these stories:
အပူချိန်လွန်ကဲမှုကြောင့် အညာစစ်ဘေးရှောင်များ ကျန်းမာရေး စိုးရိမ်ရ
ကယားတွင် ကျန်းမာရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်းဖြစ်
ကရင်နီစစ်ရှောင်များ ရေရှားမှုကြောင့် ကျန်းမာရေးပြဿနာများ ကြုံနေရ
တိုက်ပွဲကြားမှ အိုးအိမ်မဲ့ဦးရေ၏ ၃၀ ရာခိုင်နှုန်း စိတ်ကျန်းမာရေး ချို့ယွင်းမှုဒဏ် ခံစားနေရဟုဆို
စစ်ကောင်စီကို ဒူးမထောက်တဲ့ CDM ကျန်းမာရေး ဝန်ထမ်းများ
ပျက်စီးသွားတဲ့ ကျန်းမာရေးစနစ် NUG လည်ပတ်ပေးနိုင်မလား