စစ်ကောင်စီ အာဏာသိမ်းခြင်းကြောင့် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ၏ အမာခံ ဒေသများမှ အရပ်သားများအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) နှင့် စစ်ကောင်စီတပ်များအကြား ပြင်းထန်သော တိုက်ပွဲများနှင့် စစ်ကောင်စီ၏ မီးရှို့တိုက်ခိုက်မှုများကြောင့် ချင်း၊ ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ ရခိုင်ပြည်နယ်များနှင့် မကွေး၊ စစ်ကိုင်းနှင့် တနင်္သာရီတိုင်းများတွင် လူပေါင်း ၁ ဒသမ ၆ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရကြောင်း ကုလသမဂ္ဂက ဖော်ပြသည်။
၎င်းတို့အနက် အများစုသည် ဒုက္ခသည်စခန်းများနှင့် ကျေးရွာများတွင် ခိုလှုံနေပြီး လူပေါင်းများစွာမှာ စစ်ကောင်စီက ချမှတ်ထားသည့် ကန့်သတ်ချက်များကြောင့် ကျန်းမာရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်း ကျရောက်နေသည်။ မြန်မာတွင် အသေးငယ်ဆုံးသော ပြည်နယ်ဖြစ်ပြီး စစ်ကောင်စီဆန့်ကျင်ရေး အခိုင်အမာဒေသဖြစ်သော ကယားပြည်နယ်တွင် ပြည်သူများ၏ ရုန်းကန်နေရခြင်းသည် သိသာထင်ရှားသည်။
ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း ကယားပြည်နယ်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များ၊ အိမ်နီးချင်း ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တို့တွင် အနည်ဆုံး ကလေး ၄ ဦးသည် မွေးဖွားစဉ်ကပင် အသက်ပါမလာခဲ့ဘဲ မိခင်တဦးသည် ကလေး မီးဖွားပြီးနောက် ဆုံးပါးသွာသည်။
ထိုသို့ ကြေကွဲဖွယ် သေဆုံးရခြင်းများသည် စစ်အာဏာသိမ်းမှုနှင့် ပဋိပက္ခဒေသသို့ အစားအစာနှင့် ဆေးဝါးများကို ပိတ်ပင်သည့် စစ်ကောင်စီ၏ လူမဆန်သော ကန့်သတ်ချက်များကြောင့် ဖြစ်ကြောင်း ပြည်နယ်အတွင်း စစ်ဘေးရှောင် (IDPs) များကို ကူညီနေသည့် ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KNHRG) က ပြောသည်။
“ကျနော်သိသလောက်ကတော့ ဆေးဝါးသယ်ယူပို့ဆောင်ခွင့်ကို ကျနော်တို့ ကယားပြည်နယ်မှာ ပိတ်ပင်ထားတယ်။ စစ်ကောင်စီက အစိုးရဆီမှာ မှတ်ပုံတင်ထားတဲ့ ဆေးရုံဆေးခန်းတွေအတွက် ဆေးဝါးပို့ဆောင်တာကိုပဲ ခွင့်ပြုထားတယ်။ ခွင့်ပြုချက်မရှိဘဲ ဆေးဝါးသယ်ယူ ပို့ဆောင်တာတွေ့ရင် ဖမ်းတယ်” ဟု KNHRG ပြောခွင့်ရသူ ကိုဗညားက ပြောသည်။
ကျနော်သိသလောက်ကတော့ ဆေးဝါးသယ်ယူပို့ဆောင်ခွင့်ကို ကျနော်တို့ ကယားပြည်နယ်မှာ ပိတ်ပင်ထားတယ်။ စစ်ကောင်စီက အစိုးရဆီမှာ မှတ်ပုံတင်ထားတဲ့ ဆေးရုံဆေးခန်းတွေအတွက် ဆေးဝါးပို့ဆောင်တာကိုပဲ ခွင့်ပြုထားတယ်။
PDFs များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) သည် ၂၀၂၁ ခုနှစ်၊ မေလမှ စတင်ကာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကယားပြည်နယ်တွင် စစ်ကောင်စီကို တိုက်ခိုက်နေပြီး လူသိန်းချီ နေရပ်စွန့်ခွာရသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ကယားပြည်နယ်တွင် ပြည်တွင်းနေရပ်စွန့်ခွာသူ အနည်းဆုံး ၈၆,၆၀၀ ရှိကြောင်း ပြောသည်။
၂၀၂၁ ခုနှစ်၊ မေလနောက်ပိုင်း ကယားပြည်နယ်တွင် နေအိမ်များကို စွန့်ခွာထွက်ပြေးရသည့် ဒုက္ခသည် အရေအတွက် အမှန်သည် UNHCR က ခန့်မှန်းသည့် ၂ သိန်းကျော်ထက် များစွာပိုမို များပြားကြောင်း KNHRG က ပြောသည်။ ဒီးမော့ဆိုမြို့နယ် တခုတည်းတွင်ပင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁ သိန်းနီးပါးနှင့် စစ်ဘေးရှောင်စခန်း ၂၂၅ ခု ရှိသည်။ အခြားအရပ်သားများသည် ရှမ်းပြည်တောင်ပိုင်း၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့သို့ ထွက်ပြေးရသည်။
ကျန်းမာရေး အကျပ်အတည်း
ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာ မရှိခြင်းသည် ၎င်းတို့၏လုပ်ငန်းများကို ထိခိုက်စေကြောင်း ကယားပြည်နယ်မှ ဒေသခံ နိုင်ငံရေးအင်အားစုများနှင့် EAOs များဖြင့် ဖွဲ့စည်းထားသည့် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) အဖွဲ့ဝင် ဒေါက်တာ ရဲဇော်က ပြောသည်။
“လမစေ့မီမွေးတဲ့ ကလေးတယောက်ဟာ ဆေးပစ္စည်း ကိရိယာပြည့်စုံတဲ့ အခြေအနေမျိုးမှာပဲ ရှင်သန်နိုင်တယ်။ ဒါပေမယ့် ကယားပြည်နယ်မှာက ကျန်းမာရေးဝန်ထမ်း လုံလုံလောက်ရှိပေမယ့် ဆေးပစ္စည်းကိရိယာ မလုံလောက်လို့ လမစေ့မီမွေးလာတဲ့ ကလေးတွေကို ကျနော်တို့ မကယ်နိုင်ဘူး” ဟု ဒေါက်တာ ရဲဇော်က ပြောသည်။
သပိတ်မှောက် ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုအခြေပြု အဖွဲ့အစည်းများဖြင့် ထူထောင်ထားသော စေတနာ့ဝန်ထမ်းအဖွဲ့ဖြစ်သည့် KSCC ကျန်းမာရေး ကော်မတီသည် ကယားပြည်နယ် ကျန်းမာရေး စောင့်ရှောက်မှု လစ်ဟာချက်များကို ဖြည့်ဆည်းရန် ကြိုးစားနေသည်။ သို့သော် ၎င်းတို့သည် စစ်အာဏာ မသိမ်းမီက အခြေအနေမျိုး ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခြင်း မရှိကြောင်း ဒေါက်တာ ရဲဇော်က ပြောသည်။

“ကျနော်တို့ဆီ ရောက်လာတဲ့သူ၊ ကျနော်တို့ လက်လှမ်းမီသလောက်လူကိုပဲ ဝန်ဆောင်မှုပေးနိုင်တယ်။ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေနဲ့ ဆေးဝါးမလုံလောက်မှုကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်က အရမ်းကြီးမားတယ်” ဟုလည်း သူပြောသည်။
“ကျနော်တို့ဆီ ရောက်လာတဲ့သူ၊ ကျနော်တို့ လက်လှမ်းမီသလောက်လူကိုပဲ ဝန်ဆောင်မှုပေးနိုင်တယ်။ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေနဲ့ ဆေးဝါးမလုံလောက်မှုကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်က အရမ်းကြီးမားတယ်”
အာဟာရ ချို့တဲ့ခြင်းနှင့် ဆေးဝါးပစ္စည်း မလုံလောက်ခြင်းသည် စစ်ဘေးရှောင်များအတွက် ကျန်းမာရေး အန္တရာယ် ကျရောက်စေကြောင်း ဒီးမော့ဆိုမြို့နယ် စစ်ဘေးရှောင်စခန်းမှ စေတနာ့ဝန်ထမ်း မစောစောက ပြောသည်။
“ကျမရဲ့စခန်းမှာ လူကြီး လူငယ်တွေ မကြာခဏ ဖျားကြတယ်။ ကျမရဲ့ စခန်းက အရမ်းဝေးတဲ့နေရာမှာရှိလို့ စနစ်တကျ ကျန်းမာရေး စောင့်ရှောက်မှုရဖို့ ခက်ခဲတယ်။ ဆေးဝါးက အမြဲတမ်း ပြတ်လပ်နေတယ်။ အခုလောလောဆယ် စခန်းမှာ ကိုယ်ဝန်ဆောင်မိခင် ၁၅ ဦး ရှိတယ်။ ဘယ်သူမှ စနစ်ကျတဲ့ ကိုယ်ဝန်ဆောင် ကျန်းမာရေးစောင့်ရှောက်မှု မရဘူး။ စခန်းမှာရှိတဲ့ ကလေး ၃၀ ရာခိုင်နှုန်းက အာဟာရချို့တဲ့နေတယ်” ဟု မစောစောက ပြောသည်။
သားဖွားဆရာမ မပါဘဲ ကလေးတဦးကို ကူညီမွေးဖွားပေးရသည့် အကြောင်းကိုလည်း သူပြောပြသည်။
“ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက စခန်းမှာ သားဖွားဆရာမနဲ့ ဆေးဝါးမပါဘဲ ကလေးတယောက် မွေးဖွားပေးရတယ်။ ချက်ကြိုးဖြတ်တဲ့အခါ ကိရိယာတွေကို ပိုးသတ်မပေးနိုင်ဘူး။ ဒါကြောင့် ကလေးကို ပိုးဝင်တယ်။ ကံကောင်းချင်တော့ ကလေးက ဆက်လက်ရှင်သန်နိုင်ခဲ့တယ်” ဟု မစောစောက ပြောသည်။
လူသားချင်းစာနာမှု အကူအညီ မလုံလောက်မှု
စစ်ဘေးရှောင်စခန်းများသည် ပြည်တွင်းပြည်ပမှ မြန်မာပြည်သူများ၏ လှူဒါန်းမှုများကို မှီခိုအားထားရသော်လည်း တနိုင်ငံလုံးတွင် တိုးပွားနေသည့် စစ်ဘေးရှောင်အရေအတွက်၊ ဈေးနှုန်းများ မြင့်တက်ခြင်း၊ စစ်ဘေးရှောင်များနှင့် ဆက်သွယ်မှုကို တင်းကျပ်စွာ ကန့်သတ် ထိန်းချုပ်ထားခြင်းတို့ကြောင့် ရေရှည်အတွက် ထိရောက်မှု မရှိပေ။
လွန်ခဲ့သော နှစ်အတွင်းတွင် ကုလသမဂ္ဂ အေဂျင်စီ အနည်းငယ်သာ ဒေသခံ လူမှုအခြေပြုအဖွဲ့အစည်းများနှင့်လျှို့ဝှက်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့သော် ထိရောက်မှု မရှိကြောင်း ဒီးမော့ဆိုမြို့နယ်မှ အမျိုးသမီး စစ်ဘေးရှောင်တဦးက ပြောသည်။
မနှစ်ကတုန်းက လူတဦးကို ဆန် ၁၃ ကီလိုနီးပါးစီ သုံးကြိမ်လောက် ရတယ်။ သူတို့ရဲ့အကူအညီကို အရမ်းကျေးဇူးတင်တယ်၊ ဒါပေမယ့် တကယ်တော့ မလုံလောက်ဘူး” ဟု သူကပြောသည်။
အချို့သော အကူအညီပေးရေးအဖွဲ့များသည် စစ်ကောင်စီလက်အောက်တွင် လုပ်ကိုင်နေရသည်။ ထို့ကြောင့် မြေပြင်အခြေအနေသိသော ဒေသခံပြည်သူများက ထူထောင်ထားသည့် ယုံကြည်ရသော လူမှုအခြေပြု အဖွဲ့အစည်းများနှင့် ဆက်သွယ်ရန် နည်းလမ်းသစ်များကို နိုင်ငံတကာ အလှူရှင်များ ရှာဖွေရန် လိုအပ်ကြောင်း ကိုဗညားက ပြောသည်။
အကူအညီပေးရေး အဖွဲ့များသည် စစ်ကောင်စီလက်အောက်တွင် လုပ်ကိုင်နေရပါက ပဋိပက္ခဒေသများမှ အကူအညီလိုနေသည့် အရပ်သားများထံသို့ အကူအညီ မည်သည့်အခါမှ ရောက်မည် မဟုတ်ကြောင်း ၎င်းကပြောသည်။
အကူအညီပေးရေး အဖွဲ့များသည် စစ်ကောင်စီလက်အောက်တွင် လုပ်ကိုင်နေရပါက ပဋိပက္ခဒေသများမှ အကူအညီလိုနေသည့် အရပ်သားများထံသို့ အကူအညီ မည်သည့်အခါမှ ရောက်မည် မဟုတ်ကြောင်း ၎င်းကပြောသည်။
“မလုပ်နိုင်ဘူးဆိုရင် အန္တရာယ်တွေကြောင့် ကျနော်တို့ဒေသမှာ မလုပ်နိုင်ဘူးလို့ သူတို့ကြေညာသင့်တယ်။ ယောင်လည်ယောင်လည် လုပ်နေရင်တော့ ပြည်သူတွေကို မှားယွင်းတဲ့ မျှော်လင့်ချက်ပေးတာပဲ ဖြစ်နေမယ်” ဟု ကိုဗညားက ပြောသည်။
၂၀၂၂ ခုနှစ်အတွင်း အသက်ကယ် လူသားချင်းစာနာမှု အကူအညီများကို မြန်မာမှ လူ ၃ ဒသမ ၉ သန်းထံ ပေးအပ်ခဲ့ကြောင်း ကုလသမဂ္ဂက ပြောသည်။ ရန်ပုံငွေမလုံလောက်ခြင်းနှင့် ပဋိပက္ခဒေသသို့ သွားရောက်ရန် ကန့်သတ်ချက် လွန်စွာများခြင်းတို့ကြောင့် မြန်မာတွင် လူသားချင်းစာနာမှုလုပ်ငန်းများ အဟန့်အတား ဖြစ်နေကြောင်းလည်း ကုလသမဂ္ဂက ပြောသည်။
ကယားပြည်နယ်မှ စပါးခင်းများ၏ ၆၅ ရာခိုင်နှုန်းတွင် စိုက်ပျိုးနိုင်ခြင်း မရှိသောကြောင့် အစားအစာ မလုံလောက်ခြင်းသည် စစ်ဘေးရှောင်များအတွက် အဓိက အခက်အခဲဖြစ်ကြောင်း ကိုဗညားက ပြောသည်။ ထို့ပြင် စစ်ကောင်စီက ဆန်ကို ကန့်သတ်ပိတ်ပင်ထားသောကြောင့် ကယားပြည်နယ်တွင် လူသားချင်းစာနာမှု အကျပ်အတည်း ပိုမိုဆိုးရွားစေကြောင်းလည်း ၎င်းကပြောသည်။
လက်ရှိအခြေအနေတွင် စစ်ကောင်စီသည် ကယားပြည်နယ်သို့ စားနပ်ရိက္ခာ ပေးပို့ခြင်းကို ကန့်သတ်ထားပြီး ကယားပြည်နယ်မြို့တော် လွိုင်ကော်မှ အခြားမြို့နယ်များသို့ အစားအသောက် ပေးပို့ခြင်းကိုလည်း ကန့်သတ်ထားသည်။ စစ်ကောင်စီက တကြိမ်လျှင် ဆန် ၅ အိတ်မှ ၇ အိတ်အထိသာ တင်ပို့ခွင့်ပြုကြောင်း KNHRG က ပြောသည်။
“အစားအသောက် ပို့ဆောင်တာကို စစ်ကောင်စီက အနီးကပ်စောင့်ကြည့်တယ်။ ဒါကြောင့် စစ်ဘေးရှောင်တွေဆီကို ဆန်ပို့လို့ မဖြစ်နိုင်သလောက် ဖြစ်နေတယ်” ဟု ကိုဗညားက ပြောသည်။
၂၀၂၃ ခုနှစ်တွင် မြန်မာပြည်သူ ၁၇ ဒသမ ၆ သန်းသည် လူသားချင်းစာနာမှု အကူအညီ လိုအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Nora ၏ Myanmar Regime Restrictions Spark Health and Humanitarian Crises in Kayah ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
ကရင်နီစစ်ရှောင်များ ရေရှားမှုကြောင့် ကျန်းမာရေးပြဿနာများ ကြုံနေရ
စစ်တပ်ကြောင့် ကယားပြည်နယ်တွင် ရပ်ကွက်နှင့် ကျေးရွာ ၈၀ ကျော် ပျက်စီး
ဒီးမော့ဆိုက အသိမ်းခံ တပ်နေရာများ ပြန်ရရေး စစ်ကောင်စီကြိုးပမ်း
မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဖရူဆိုမြို့တွင်း ဝင်ထွက်သွားလာခွင့် ပိတ်
“အာဏာရှင်စနစ်ကို အနိုင်ယူချင်တယ်” ဆိုတဲ့ လက်ဝှေ့မယ် ဘရော်နီကာ