ကယားပြည်နယ်၊ ဖရူဆိုမြို့အတွင်း စစ်ကောင်စီတပ် ထောင်ထားသော မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် မြို့တွင်း ဝင်ထွက် သွားလာခွင့်ကို ရက်အကန့်အသတ် မရှိ ပိတ်ပင်ထားကြောင်း တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များထံမှ သိရသည်။
နိုဝင်ဘာလ၂၈ ရက်ကစပြီး ဖရူဆိုမြို့အတွင်းသို့ ဝင်ထွက်သွားလာခွင့်ကို ပိတ်လိုက်ကြောင်း ကရင်နီ ပြည်နယ် အစိုးရ အဖွဲ့က ထုတ်ပြန် ကြေညာထားခြင်း ဖြစ်သည်။
စစ်ရှောင်ပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်များသို့ ပြန်လာချိန်တွင် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းများ နင်းမိခြင်း၊ တပ်ရိက္ခာလမ်းကြောင်းအတွက် ဒေသခံများကို ဖမ်းဆီးပြီး အဓမ္မစေခိုင်းခြင်းတို့ လုပ်ဆောင်နေသည့် အတွက် ယခုလို ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) နှင့် PDF Hpruso အဖွဲ့တို့က ဆိုသည်။
KNDF ပြန်ကြားရေး တာဝန်ခံက “စစ်ရှောင်တွေက စားနပ်ရိက္ခာ မရှိတဲ့ အခါမှာ ကျေးရွာထဲမှာ ကျန်ရှိနေတဲ့ ရိက္ခာ တွေကို ဝင်ယူကြတော့ စစ်ကောင်စီ ထောင်ထားတဲ့ မိုင်တွေ နင်းမိတဲ့ အန္တရာယ်ကြောင့်လည်း ပါတယ်။ နောက် တချက်က ပွင့်လင်းရာသီ ရောက်လုပြီ။ စစ်ကောင်စီဘက်က ရိက္ခာပို့နိုင်တယ်။ စစ်ကြောင်းထွက်နိုင်တဲ့ အပေါ်မှာ မှီတည်ပြီးတော့ ကျနော်တို့ စာထုတ်ပြန်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထိုသို့ မြို့ဝင်/ထွက် ပိတ်ထားသည့် ကာလအတွင်း ဝင်ထွက်သွားလာခြင်းကို လုံးဝ ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် သွား လာနိုင်မည့်ရက်ကို ပြန်လည် ထုတ်ပြန်ပေးသွားမည်ဟုလည်း ကရင်နီပြည်နယ် အစိုးရအဖွဲ့က ကြေညာချက်တွင် ပါဝင်သည်။
စစ်ရှောင်နေရာမှ နေရပ်ဖရူဆိုမြို့သို့ ပြန်လာချိန်တွင် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်း နင်းမိသူ ၄ ဦးခန့် ရှိခဲ့ကြောင်း KNPP ပြန်ကြားရေး တာဝန်ခံက ပြောသည်။
နေအိမ်များတွင် ကျန်ရှိခဲ့သည့် ရိက္ခာတချို့နှင့် ပစ္စည်းများကို ပြန်လည် သယ်ဆောင်ရန် အရဲစွန့် မြို့ကို ခဏတာ ပြန် ဝင်ချင်သော်လည်း နင်းမိုင်းအန္တရာယ်ကို စိုးရိမ်နေရကြောင်း စစ်ရှောင် တဦးကလည်း ဆိုသည်။
“စားနပ်ရိက္ခာ နည်းနည်း ပြတ်တောက်လာတဲ့ အခြေအနေ ရှိတယ်။ အိုးအိမ်နဲ့ တအား ဝေးကွာလို့ တချက် ပြန် ကြည့်ချင်တာ။ ပြန်ကြည့်တဲ့အခါ ဒါမျိုးတွေ ကြုံရတော့ မပြန်ရဲတော့ဘူးပေါ့။ အပြင်မှာ ထွက်နေတာပဲ ကောင်းပါ တယ်” ဟု ၎င်းက ပြောသည်။
ဖရူဆိုမြို့ခံ အများစုသည် ပြီးခဲ့သည့်နှစ် ၂၀၂၁ ဒီဇင်ဘာလကတည်းက နေရပ်ကို စွန့်ကာ စစ်ရှောင်နေရပြီးသည့် နောက်တွင် လတ်တလော၌ နေအိမ်များသို့ ပြန်လည် ကြည့်ရှုလိုသူ များပြားလာကြောင်း ဒေသတွင်း သတင်းရင်း မြစ်များ၏ ပြေပြချက်အရ သိရသည်။
PDF Hpruso ပြန်ကြားရေ တာဝန်ခံက “ဖရူဆိုမြို့မှာ ပြည်သူတွေ မနေတာ နှစ်ပေါက်တော့မယ်။ တချို့က ပစ္စည်းပြန် သယ် အိမ်ပြန်ကြည့်ချင်တာတွေ ဖြစ်နေတော့ ဒါမျိုး ပိတ်ပင်လိုက်တာပေါ့။ ပြီးခဲ့တဲ့ ၂ ပတ်လောက်က ၁ ယောက်ထိ သွားတယ်။ မြေမြှုပ်မိုင်းတွေက နေရာစုံမှာ ရှိတော့ သွားလာလို့ အဆင်မပြေတော့ဘူး ဖြစ်နေတာ။ စစ်တပ်စခန်း တွေက ဖရူဆိုမြို့ကို ဝိုင်းနေတဲ့ အနေအထားမှာ ရှိတယ်။ သူတို့ လုံခြုံရေးကလည်း ဘယ်လိုမှ အာမခံလို့ မရဘူး” ဟု ပြောသည်။
ဖရူဆိုမြို့နယ်တွင် ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ ၄၂၈ ၊ ခမရ ၅၃၁၊ ဖရူဆို မြို့မရဲစခန်း၊ အမှတ် (၁၄) တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်း အစရှိသည့် နေရာများတွင် စစ်ကောင်စီတပ်များ ရှိနေပြီး တော်လှန်ရေး တပ်ဖွဲ့များကလည်း တိုက်ခိုက်မှုများ လုပ် ဆောင်လျက်ရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ နှင့် ၂၆ ရက်နေ့တို့တွင် အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းနှင့် မာခရော့ရှေ့ ခြေကုပ်စခန်းတို့အား KNDF B (15)နှင့် ကရင်နီတပ်မတော် (KA) တို့ပူးပေါင်း၍ နှစ်ရက်ဆက်တိုက် အလစ်ငိုက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး စစ်ကောင်စီဘက်မှ လက်နက်ငယ်၊ လက်နက်ကြီး ပစ်ကူ အများအပြား အသုံးပြုခဲ့သော်လည်း အထိခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း KNDF B (15) က ဆို ထားသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ကရင်နီဒေသတွင် အရပ်သားပြည်သူ သေဆုံးမှု ၂၈၂ ဦးရှိပြီး လေကြောင်း တိုက်ခိုက် ခံရမှု ၁၇၃ ကြိမ် ရှိကာ နေအိမ် ၁၂၄၇ လုံးအထိ ပျက်စီးမှုရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF) က နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ထားသည်။
You may also like these stories:
ဖရူဆိုတွင် အစုလိုက်အပြုံလိုက် မီးရှို့အသတ်ခံရမှု ၄၉ ဦးခန့်ထိ ရှိလာနိုင်
ဖရူဆို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု စစ်ဆေးတွေ့ရှိချက် ဖော်ထုတ်မှု
ဖရူဆိုဒေသခံ တထောင်ခန့် တောထဲ ထွက်ပြေးနေရ