ကယားပြည်နယ် (ကရင်နီပြည်)၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးနေတဲ့ Save The Children ဝန်ထမ်းနှစ်ဦးအပါအဝင် ဒေသခံပြည်သူ ၃၀ ကျော်ဟာ ဒီဇင်ဘာ ၂၄ ရက်နေ့က အာဏာသိမ်း စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီး ခြင်းခံရပြီး အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီတို့က အပြင်းအထန်ရှုတ်ချကန့်ကွက်ခဲ့ကြသလို ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးကြဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူဖို့ တိုက်တွန်းခဲ့ကြပါတယ်။
ဒါနဲ့ပတ်သက်လို့ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့စုစည်းကာ ဖွဲ့စည်းထားတဲ့ ကရင်နီပြည် နယ်ရဲဌာန(KSP) ကလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီလိုစုံစမ်းစစ်ဆေးရာမှာ သေဆုံးသူတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေ၊ စစ်ဆေးတွေ့ရှိထားချက်တွေကို CDM ရဲတပ်ဖွဲ့ဝင်တဦးဖြစ် တဲ့ ကရင်နီပြည်နယ်ရဲဌာန၊ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုအား ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ပထမဆုံးအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေအရ မိုဆိုရွာအနီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ ဘယ်လိုဖြစ်ပွားခဲ့ တယ်လို့ သိရှိရပါသလဲ။
ဖြေ ။ ။ ဖြစ်တာက ဒီဇင်ဘာ ၂၄ ရက်နေ့ စဖြစ်တာပေါ့နော်၊ အဲဒီနေ့ မနက်အစောပိုင်းကတည်းက ခြေမြန်တပ်ရင်း (ခမရ-၅၃၁) တပ်က လူတွေက အခင်းဖြစ်ပွားတဲ့ မိုဆိုရွာရဲ့ အနီးမှာရှိတဲ့ မယ်တော်ဂူပေါ့၊ အဲဒီမှာ အစောပိုင်းကတည်းက ရောက်နေတာလို့ ကျနော်တို့သိရတယ်။ မနက်ပိုင်းကတည်းက ဖြတ်လာသမျှ ပြည်သူတွေကို သူတို့ဖမ်းတယ်။ အရင်ဆို အဲဒီလမ်းက လူသိပ်မရှိပေမယ့် ခရစ်စမတ်အကြို နေ့ဆိုတော့ အသွားအလာများသွားတယ်။ အဲဒီမှာ သူတို့က အသွားရော၊ အလာရော သွားလာတဲ့သူတွေကို ဖမ်းထားတာ။ အဲဒီအချိန်မှာပဲ မျက်မြင်သက်သေပြည်သူတယောက်က တောင်ပေါ်ကနေ မြင်လိုက်တာက ဖမ်းထားတဲ့သူတွေမှာပါတဲ့ ရိက္ခာတို့ ဘာတို့ကိုဆိုရင် သူတို့ တပ်ကို သွားပို့ခိုင်းပြီးတော့မှ ဖမ်းထားတဲ့နေရာကိုပဲ ပြန်ခေါ်လာတယ်ဆိုတာ မျက်မြင်သက်သေတယောက်ရဲ့ ပြောကြားချက်အရ သိရတယ်။
မနက် ၁၀ နာရီလောက်ကျတော့ မူဆို ရွာသားတယောက်က လွှတ်ထားတဲ့ သူ့ကျွဲတွေကို သွားပြန်ခေါ်ဖို့ အဲဒီဘက်ကိုသွားတယ်။ အဲဒီ မယ်တော်ဂူနားရောက်တော့ စစ်သားနှစ်ယောက်က သူ့ကိုလှမ်းခေါ်တယ်ပြောတယ်၊ တယောက်ကထိုင်နေတယ် သေနတ်နဲ့သူ့ကိုချိန်ထားတယ်၊ တယောက်က သေနတ်ကိုကိုင်ထားပြီး သူ့ကိုလှမ်းခေါ်တယ်ပေါ့။ သူမသွားဖို့ဆုံးဖြတ်ပြီး ပြေးတဲ့အချိန်မှာ သေနတ်တွေနဲ့လိုက်ပစ်တယ်။ ကံကောင်းထောက်မစွာနဲ့ သူ့ကိုမထိဘဲ လွတ်သွားပြီး တောင်ပေါ်ရောက်တဲ့အချိန်မှာ လှမ်းကြည့်လိုက်တော့ အရပ်သားကားတွေ ရပ်ထားတာကို တွေ့လိုက်တယ်။ အဲဒါနဲ့ရွာကိုပြန်ပြီး အသိပေးတယ်၊ ရွာကလူတွေကလည်း သေနတ်သံတွေကြားကတည်းက စစ်ကောင် စီတပ်တွေလာပြီဆိုပြီး စစ်ဘေးရှောင်ဖို့လုပ်နေကြတာ၊ သွားတဲ့သူတွေလည်းသွားနေပြီပေါ့။ အဲဒီမှာပဲ ရွာအနီးမှာရှိတဲ့ နယ်ခြားစောင့်တပ် (BGF) အမှတ် ၁၀၀၄ ပေါ့၊ အဲဒီက တပ်ဖွဲ့ဝင်လေးယောက်က ပြည်သူတွေကို ဖမ်းထားလို့ရှိရင်လည်း ပြန်လွှတ်ပေးဖို့ ညှိနှိုင်းဖို့ဆိုပြီး သွား တယ်။ အဲဒီနောက် သူတို့သတင်းက ဘာမှမကြားတော့ဘူး။
ပြီးတော့ သေနတ်သံတွေကြားရတဲ့အတွက် အနီးအနားက ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တွေက အဲဒီအနီးအနားကို နေ့လည်ပိုင်းလောက်မှာ ရောက်လာကြတယ်။ ရောက်တဲ့အချိန်မှာပဲ မီးခိုးလုံးတွေကို တွေ့နေရပြီ၊ အဲဒါနဲ့သူတို့က မီးရှို့တဲ့အနားထိမသွား တော့ဘဲ ပတ်ပတ်လည်ကို လိုက်ကြည်တဲ့အခါမှာ ခုနက BGF လေးယောက်ရဲ့ အလောင်းကိုတွေ့တာပေါ့၊ သူတို့ကလည်း ကားတွေကို တော့ မီးရှို့ပြီးပြည်သူတွေကို ဖမ်းခေါ်သွားတယ်လို့ပဲထင်ထားတာ။ BGF အလောင်းတွေကို တွေ့တာက မီးရှို့တဲ့နေရာရဲ့ အနောက်ဘက် ပေတရာခန့်လောက်က တောင်ခြေသဲကျင်းထဲမှာတွေ့တာ။ လက်ပြန်ကြိုး တုပ်ထားခံရတယ်၊ ခြေလက်တွေလည်း ရိုက်ချိုးထားခံရတယ်။ မျက်နှာတွေလည်း ဖူးယောင်နေတယ်၊ ဦးခေါင်းမှာလည်း ကျည်ဆံရာတွေနဲ့ပေါ့။ KNDF တွေက မီးရှို့တဲ့နေရာကို အနီးကပ်သွားမကြည့် သေးတော့ အဲဒီ ၂၄ ရက်နေ့မှာ ပြည်သူတွေပါတယ်ဆိုတာ မသိသေးဘူး။ အဝေးကနေပဲ ဓာတ်ပုံနည်းနည်းရိုက်ခဲ့တယ်၊ သတင်းတွေတင်ခဲ့ တယ်။
နောက်တနေ့ကျတော့မှ စစ်ကောင်စီက ပြောထားတာက အဲဒီနေ့မနက်က KA/KNDF တို့နဲ့ တိုက်ပွဲဖြစ်လို့ ဒီလူတွေက သူတို့ ကိုပစ်လို့ ပြန် ပစ်သတ်လိုက်ရတာပါဆိုပြီး သတင်းစာမှာဖော်ပြတယ်။ ဒါပေမယ့် အဲဒီနေ့မနက်မှာ ဘာစစ်ပွဲမှမရှိဘူးခင်ဗျ။ စစ်ပွဲမရှိလို့လဲ ပြည်သူတွေ က အဲဒီနေရာကို ဒီအတိုင်းသွားတယ်။ ဆီပို့တဲ့ကားတွေလည်း အဲဒီလမ်းကိုသွားခဲ့ကြတာ။ ၂၅ ရက်နေ့မနက်ကျမှ မီးနည်းသွားမှ အနားကို သွားကြည့်တဲ့အချိန်ကြမှ လူတွေပါ မီးရှို့ခံထားရတာကိုတွေ့ပြီး သူတို့လည်း အံ့ဩသွားကြတာ။ အဲဒါကို ဓာတ်ပုံ တပုံနှစ်ပုံရိုက်ပြီး သယ်ဖို့ လုပ်နေတုန်းပဲရှိသေးတယ် စစ်ကောင်စီတပ်က လက်နက်ကြီး၊ မော်တာတွေနဲ့ထုတယ်။ အဲဒါနဲ့ ပြန်ဆုတ်လာရတယ်။
မေး ။ ။ မီးရှို့ထားတဲ့နေရာကို သွားပြီးစစ်ဆေးတော့ ဘယ်လိုအနေအထားတွေ တွေ့ရသလဲ။
ဖြေ ။ ။ နောက်တနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာလည်း ထပ်သွားပြီးသယ်ဖို့လုပ်တယ်၊ ကျနော်တို့ အရိပ်အယောင် တွေ့တာနဲ့ လက်နက် ကြီးတွေနဲ့ တရစပ်ထုတယ်။ နောက်တနေ့ ၂၇ ရက်နေ့ ညနေ ၃ နာရီလောက်မှာမှ ဒီအလောင်းတွေကို သယ်နိုင်ခဲ့တာပေါ့။ အဲဒါတောင်မှ ဆီသယ်ကား ၃ စီးကြားမှာ လောင်နေတဲ့အလောင်းတွေဆို သယ်ယူနိုင်ခြင်းမရှိဘူး၊ ကျနော်တို့လက်နဲ့မလိုက်တာနဲ့ မတဲ့နေရာပဲ ကြွေပြီးပါ လာမျိုးတွေ ဖြစ်နေပြီ။ မီးလောင်ပျက်စီပြီး မြေပေါ်မှာပြာကျနေတဲ့အလောင်းတွေကိုတော့ မသယ်နိုင်ခဲ့ဘူး။ Light Truck ကားတို့ Canter ကားတို့အပေါ်မှာ အပုံလိုက် မီးရှို့ခံထားရတဲ့သူတွေထဲက အောက်ကလူတွေကတော့ အကောင်းတိုင်းကျန်သေးတယ်၊ အပေါ်က လူတွေကတော့ တော်တော်လေး မီးလောင်ကျွမ်းပြီးတော့မှ ဦးခေါင်းခွံ၊ ကျောရိုးမတို့ပဲကျန်တာရှိတယ်။ တချို့နည်းနည်း အကောင်းတိုင်း ကျန်တဲ့သူတွေကို လက်နောက်ပြန်ကြိုးတုပ်ထားတာ၊ ပါးစပ်နဲ့မျက်စိ အဝတ်နဲ့စည်းထားတာတွေ ပေါ်လွင်နေသေးတယ်။
မေး ။ ။ စစ်ဆေးတဲ့အခါမှာရော သေဆုံးသူအရေအတွက် ဘယ်လောက်အတည်ပြုနိုင်သလဲ။ သေဆုံးသူတွေက ဘယ်သူတွေလဲ။
ဖြေ ။ ။ ဒီဇင်ဘာ ၂၈ ရက်နေ့ကျတော့ ရထားတဲ့အလောင်းတွေကို အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင် တဲ့ ဆရာဝန်တွေနဲ့ ခွဲစိတ်စစ်ဆေးမှုလုပ်တယ်။ အားလုံးပေါင်း ၃၁ လောင်းကို အတည်ပြုနိုင်တယ်။ ကျား ၂၆ ဦးနဲ့ မ ၅ ဦးပေါ့။ နောက်ထပ် အကြေသုံးထုပ်ကတော့ ကျား/မ၊ ဦးရေ ခွဲခြားနိုင်ခြင်းမရှိဘူး။ နောက်တနေ့ ၂၉ ရက်နေမှာကျတော့ အလောင်းတွေကို သင်္ဂြိုလ်တာတော့ မဟုတ်သေးဘူး၊ အလောင်းတွေအကုန်လုံးကို ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားနိုင်ခြင်းမရှိသေးဘူး။ ဘယ်လိုအသတ်ခံရတယ်ဆိုတာ မသိ သေးတဲ့အတွက် အကုန်လုံးကို DNA စစ်ဖို့လုပ်နေတယ်၊ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) တို့ရဲ့ အကူအညီတွေနဲ့ လုပ်နေတယ်။ အဲဒါတွေ စစ်ဆေးဖော်ထုတ်ပြီးတဲ့အခါကျမှ ဒီအလောင်းတွေကို မိသားစုတွေထံ ပြန်အပ်ပြီး တော့ သင်္ဂြိုလ်မယ်ပေါ့၊ လောလောဆယ်တော့ ကျနော်တို့ လုံခြုံတဲ့နေရာမှာ အစောင့်အရှောက်တွေနဲ့ ကွန်ကရစ်နဲ့ ထည့်သွင်းပြီး သေချာ ထိန်းသိမ်းထားပါတယ်။
လတ်တလော အတည်ပြုနိုင်တာကတော့ သေဆုံးသူတွေထဲ ဒေသခံလည်းပါတယ်၊ လွိုင်ကော်ဘက်က ဆီဆိုင်ဖွင့်ထားတဲ့ထဲက အဖွဲ့ လည်းပါတယ်၊ ဖရုဆိုမြို့ပေါ်က မြို့ခံတွေနဲ့ မိုဆိုကျေးရွာကလည်းပါတယ်။ တချို့က ခရစ်စမတ်လုပ်ဖို့ ပစ္စည်းသွားဝယ်တာတို့၊ တချို့စစ် ဘေးရှောင်တွေလည်း ကိုယ့်အိမ်ပြန်လာရင် အဖမ်းခံရတာလည်းပါတယ်။ Save The Children က နှစ်ယောက်လဲပါတယ်။ အကုန်လုံး တိတိကျကျတော့ ပြောလို့မရသေးဘူး။ ဒီက မိသားစုတွေတချို့လည်း အတည်ပြုပေးတာရှိတယ်။ နောက်ပြီး သစ်တောဦးစီးဌာနက တော ခေါင်း (မသန်စွမ်း) တဦးဆိုလဲ သူ့ရဲ့ဆိုင်ကယ်ကို အဲဒီမှာတွေ့တဲ့အတွက် အတည်ပြုပြီးသွားပြီ။ ဝါးခုတ်သွားရင်းနဲ့ အဖမ်းခံရတဲ့ မူဆိုရွာသား လေးဦးလည်း အတည်ပြုလို့ရတယ်၊ သူတို့စီးသွားတဲ့ ထော်လာဂျီလဲတွေ့တယ်ပေါ့။ တခြားလည်းအများကြီးပါပဲ၊ အခုအတည်ပြုဖို့ လိုက်လုပ်နေပါတယ်။
မေး ။ ။ သေဆုံးသူတွေရဲ့ DNA စစ်ဆေးချက်က ဘယ်တော့လောက်သိရနိုင်မလဲ။
ဖြေ ။ ။ အဲဒါကတော့ ကျနော်ကျွမ်းကျင်တဲ့ အပိုင်းမဟုတ်တဲ့အတွက် အခြေအနေတွေပေါ် အများကြီးမူတည်ပါတယ်။ ခန့်မှန်းမယ် ဆိုရင်တောင် အဆင်မပြေပါဘူး။ ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ အတတ်နိုင်ဆုံး၊ အမြန်ဆုံးလုပ်နေတယ်၊ NUG အစိုးရ၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC တို့နဲ့လည်း ဆက်လက်ပြီးပူးပေါင်းဆောင်ရွက်နေပါတယ်။
မေး ။ ။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ KSP ထံပျောက်ဆုံးကြောင်းကြားသူတွေထဲက အတည်ပြုမရဘဲ ပျောက်ဆုံးသူတွေရှိနေသေးလား။
ဖြေ ။ ။ ပျောက်ဆုံးစာရင်အရဆိုရင် ၂၄ ရက်နေ့ကတည်းက KSP က မီဒီယာကနေကြေညာတယ်၊ မိုဆိုရွာတဝိုက်မှာ သွားလာရင်းနဲ့မှ ပျောက်သွားတဲ့သူရှိရင် အကြောင်းကြားဖို့ပေါ့။ ဒီနေ့အထိ ရရှိတဲ့စာရင်းက ၄၂ ဦးရှိတယ်၊ ကျား ၄၀ ဦးနဲ့ မ ၂ ဦးပေါ့။ ဒါပေမယ့် မီးလောင် ပြီးရတဲ့ အလောင်တွေကို ခွဲခြမ်းစိတ်ဖြာတဲ့အခါမှာ မ ၅ ဦးဖြစ်တဲ့အတွက် မ ၃ ဦး တိုးလာနိုင်သေးတယ်။
မေး ။ ။ သေဆုံးသူတွေထဲ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါဝင်တယ်ဆိုတာရော အတည်ပြုလို့ရလား။
ဖြေ ။ ။ ကျနော်တို့ဆီ လူပျောက်တိုင်တန်မှုအရဆို အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦးပါတယ်။ ၁၆ နှစ်အရွယ်ကျားတဦး၊ ၁၇ နှစ်အ ရွယ်ကျားတဦးပါတယ်။ အခင်းဖြစ်နေရာကနေ ကျနော်တို့သယ်ယူနိုင်ခဲ့တဲ့ ၅၀ ရာခိုင်နှုန်းလောက် ကျန်တဲ့အလောင်းတွေထဲက ၁၂ နှစ်နဲ့ ၁၅ နှစ်ကြားအရွယ်ရှိတဲ့ မိန်းကလေးတဦးပါတယ်ဆိုတာ ဆရာဝန်တွေရဲ့ သုံးသပ်ချက်အရသိရတယ်။ အဲဒီအတွက် လက်ရှိသက်သေအရ ကလေးငယ်တွေပါနေတာ ကြိမ်းသေယူဆလို့ရပါတယ်။
မေး ။ ။ စစ်ဆေးချက်တွေအရ သေဆုံးသူတွေဟာ မသေခင် မီးရှို့သတ်ခံရတာလား၊ သတ်ပြီးမှ မီးရှို့တာလား၊ ဆရာဝန်ကရော ဘယ် လိုမှတ်ချက်ပြုတာရှိပါသလဲ။
ဖြေ ။ ။ မှတ်ချက်ပြုတာကတော့ အလောင်းတွေအကုန်လုံးက ဆီကားလည်း သုံးစီးတောင်ရှိနေတာဆိုတော့ ခြေလက်တွေ အကောင်း တိုင်းမပါတော့တာများတယ်။ အဲဒီအတွက် ဆေးပညာအရ တိတိကျကျတော့ မပြောနိုင်သေးဘူးလို့ ပြောတယ်။
မေး ။ ။ ကြိုးတုပ်ထားတာ၊ အပစ်သတ်ခံရတဲ့ လက္ခဏာမျိုးတွေရော တွေ့ရလား။
ဖြေ ။ ။ များသေအားဖြင့် လက်တွေမှာ ကြိုးစတွေကျန်တာရှိတယ်၊ လူအပုံလိုက်ကြီးအောက်က သူတွေမှာပေါ့၊ အဲဒါတွေ့တာက Light Truck ကားပေါ်က အပုံအောက်ထဲက တယောက်နှစ်ယောက်လောက်မှာ တွေ့တာပေါ့၊ လက်နောက်ပြန်ကြိုးတုပ်ထားတာ။
မေး ။ ။ ဒီဖြစ်ရပ်မှာ စစ်ဆေးဖို့ရပ်ခိုင်းတာကို မရပ်ဘဲ ကားပေါ်ကနေ ပစ်ခတ်လို့ ပစ်ခတ်မှုဖြစ်ပြီး ကားမီးလောင်ရတာဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတယ်။ နောက်ပြီး ဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြစ်တဲ့ RPG နဲ့ပစ်တာ ထိမှန် ပြီး အမျိုးသမီးတဦးအပါအဝင် PDF ၂၅ ဦးသေဆုံးတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရှိသူက BBC သတင်းဌာနကိုပြောထားပါတယ်၊ ဒါနဲ့ပတ်သက်လို့ရော ဘယ်လိုအထောက်အထားတွေတွေ့ရပါသလဲ။
ဖြေ ။ ။ ကားတွေက RPG မပြောနဲ့ ကျည်ဆံရာတောင် မတွေ့ရပါဘူး။ အကောင်းတိုင်းတွေပါပဲ။ ကားတစီးမှာပဲ အပေါ်ဘောင်လေး နည်းနည်းကွေးနေတာတွေ့တယ်၊ ဒါက အာပီဂျီထိမှန်တာလဲမဟုတ်ဘူး၊ မီးအပူရှိန်ကြောင့် ကွေးသွားတာမျိုးပဲ။ ကားနံရံတွေမှာလည်း ကျည်ဆံရာတွေရှိလား လိုက်ရှာတယ်။ အဲဒီနေ့က ဆီးကားသုံးစီးက ရပ်ခိုင်းတဲ့အချိန်မှာ မရပ်ပေးလို့ ပစ်ဖမ်းရတယ်သူတို့ပြောတယ်။ ကျနော်တို့စစ်တဲ့အခါ ကားအရှေ့၊ ဘေးတွေမှာ ကျည်ဆံရာတွေ မတွေ့ဘူး။ သူတို့ပစ်ဖမ်းလို့သေတယ်ဆိုရင် ကားခေါင်းခန်းမှာ ကျည်ဆံရာ ရှိရမယ်။ သူတို့ပစ်တဲ့အခါ ဆီးကားတွေက မီးလောင်ပြီး ကျန်တဲ့သူတွေကိုပါ လောင်တဲ့ဆိုတဲ့ပုံစံမျိုး သူတို့က လိမ်လည်ပြီးမှ ချပြထား တာပေါ့။ အဲဒီလိုမဟုတ်ဘဲ ကားခေါင်းခန်းတွေမှာ လူလောင်ကျွမ်းထားတာမရှိဘူး၊ အကုန်လုံးကကားနောက်ဘက်ခန်းထဲမှာ၊ ကားဘေး မြေကြီးပေါ်မှာ လောင်ကျွမ်းနေတာပဲ တွေ့ခဲ့တယ်ပေါ့။
မေး ။ ။ လက်ရှိမှာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေရော ဘယ်လိုအခြေအနေရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့စုံစမ်းတော့ အတော်များများက စစ်ဘေးရှောင်နေရတာများပါတယ်၊ မူဆိုရွာက သေဆုံးသူတွေဆို သူတို့ရဲ့ ကလေး ငယ်လေးတွေကျန်ခဲ့တယ်။ သူတို့ကို သွားမေးတဲ့အချိန်တုန်းကလည်း တငိုငိုတရီရီနဲ့၊ တယောက်ဆိုရင် ကလေးငယ်လေး ၄ ယောက်နဲ့ ကျန်ခဲ့တာ။ ကလေး ၄ ယောက်လုံးက ဆယ်နှစ်အောက်တွေချည်းပဲ။ လတ်တလောတော့ မိသားစုဝင်တွေရဲ့ လုံခြုံရေးအရ အကုန်လုံး ထုတ်ဖော်ပြောကြားလို့ မရပါဘူး။
မေး ။ ။ ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ဘယ်သူတွေကျူးလွန်တယ်ဆိုတာ အတည်ပြုနိုင်သလား။
ဖြေ ။ ။ အတည်ပြုတာတော့ ဖရူဆိုဘက်ကို အမြဲတမ်းစစ်ကြောင်းထိုးနေတာက ခမရ ၅၃၁ နဲ့ တပ်မ ၆၆ လက်အောက်ခံ တပ်တွေပေါ့၊ ဒီဒေသမှာ သူတို့ပဲ စစ်ကြောင်းထိုးလှုပ်ရှားနေတာဖြစ်တဲ့အတွက် ကျူးလွန်သူတွေက သူတို့ပဲဖြစ်တယ်ဆိုတာ လုံးဝအသေအချာ ပြောနိုင်ပါတယ်။ BGF အဖွဲ့က အလောင်း ၄ လောင်းတွေ့တဲ့ နေရာအနီးမှာဆိုရင် သွေးကွက်ထဲကနေ ကျည်ဆံအခွံတွေတွေ့တယ်။ ကျည်ခွံဖင်မှာ ဆိုရင် ၅.၅၆ ဆိုပြီး မြန်မာလိုရေးထားတယ်၊ မြန်မာစစ်တပ် ကပစ ကထုတ်တဲ့ကျည်တွေဆိုတာ သက်သေတွေလည်းရထားတယ်။
မေး ။ ။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ KSP အနေနဲ့ ဘာမှမှတ်ချက်ပြုချင်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ ဒီကိစ္စကိုကြားကြားခြင်း ဒီလောက်အထိ လုပ်လိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး။ အားလုံးက အရပ် သားပြည်သူတွေပဲဖြစ်တယ်။ လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ Save The Children က ဝန်ထမ်းတွေတောင်ပါသွားတယ်ပေါ့။ အဲဒါကိုမှ ဒီလိုမျိုး မီးရှို့သတ်လိမ့်မယ် မထင်ထားဘူး၊ ကြားတဲ့အချိန်မှာတော်တော်လေး အံ့ဩမိတယ်။ ဒီလောက်အထိတောင် လုပ်ရက်သလားပေါ့။ ကျနော်ပြည်နယ်ကလည်း ခရစ်ယာန်ဘာသာဝင်တွေများတယ်၊ ဒီလိုခရစ်စမတ်အချိန်မျိုးမှာမှ အခုလိုလုပ်တဲ့အတွက် ပိုပြီးတော့ အံ့ဩမှင်သက်ရတယ်။ အဲဒီအတွက် ပြည်သူတွေကိုယ်စား ဒီကိစ္စကို ကျနော်တို့ တတ်စွမ်းသမျှ လိုက်မယ်။ သက်သေရ အောင်ရှာမယ်။ ပြီးရင် စစ်ကောင်စီကို နိုင်ငံတကာခုံရုံးမှာ တရားစွဲနိုင်ဖို့အထိ လုပ်သွားမှာပါ။
မေး ။ ။ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ စစ်အုပ်စုက အရပ်သားပြည်သူတွေကို အခုလို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာတွေ တွေ့လာရတယ်ပေါ့နော်၊ ဒါနဲ့ပတ်သက်လို့ နိုင်ငံတကာကို ပြောချင်တာ၊ တိုက်တွန်းချင်တာ များရှိပါသလား။
ဖြေ ။ ။ စစ်ကောင်စီကို ဒီအတိုင်းလွတ်ထားလို့ မရတော့ဘူး၊ ဒီနိုင်ငံမှာ ဘယ်လောက်အထိ လူတွေသေမှ သူတို့အရေးတယူလုပ်မှာလဲ။ ကျနော်တို့ကတော့ ဒီစစ်ကောင်စီကို တတ်နိုင်သမျှ စောစောနဲ့မြန်မြန် ဖိအားပေး၊ အရေးယူပေးဖို့၊ ကျနော်တို့အဖွဲ့တွေကိုလည်း ကူညီပေးဖို့ တိုက်တွန်းလိုပါတယ်။
You may also like these stories:
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပေါ် လုံခြုံရေးကောင်စီအရေးယူရန် NUG တိုက်တွန်း
ဖရူဆိုတွင် အစုလိုက်အပြုံလိုက် မီးရှို့အသတ်ခံရမှု ၄၉ ဦးခန့်ထိ ရှိလာနိုင်
ဖမ်းဆီးနှိပ်စက်ခံရသည့် တန့်ဆည်မှ ကျောင်းသား ၂ ဦး မိသားစုနှင့် အဆက်သွယ်ပြတ်နေ