အရပ်သားဝန်ထမ်းများ လုပ်ငန်းခွင်တွင် ပျော်ရွှင်အောင်ထားရန် ရည်ရွယ်သည့် လှုပ်ရှားမှုတခုကို စစ်ကောင်စီ လုပ်ဆောင်နေသည်။ အရေးပေါ်အခြေအနေသည် ၂ လမျှကာလအတွင်း ကုန်ဆုံးတော့မည် ဖြစ်သောကြောင့် စစ်ကောင်စီသည် အုပ်ချုပ်ရေးယန္တရား ချောမွေ့စွာ လည်ပတ်နေကြောင်းနှင့် အစိုးရဝန်ထမ်းများ ပျော်ရွှင်နေကြောင်း မြန်မာပြည်သူများ သို့မဟုတ် အစိုးရဝန်ထမ်းများကို ပြသရန် ကြိုးစားနေသည်။
နိုဝင်ဘာလ အစောပိုင်းမှစတင်ပြီး အစိုးရဝန်ကြီးဌာနများသည် ဝန်ထမ်းများအတွက် အုပ်စုလိုက် နေ့လယ်စာစားပွဲများ ကျင်းပပေးနေပြီး ပြန်ကြားရေးဝန်ကြီးဌာနသည် အစိုးရရုံးများကို တေးဂီတများ၊ အကများဖြင့် လိုက်လံဖျော်ဖြေနေသည်။
အာဏာသိမ်းပြီး ၂ နှစ်ကြာသည့်တိုင် တိုင်းပြည်ကို အုပ်ချုပ်နိုင်ရန် ရုန်းကန်နေရဆဲဖြစ်သော စစ်ကောင်စီက ထိုလှုပ်ရှားမှုများသည် ဝန်ထမ်းများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးရန်၊ မိသားစုသဖွယ် ဖြစ်စေရန်နှင့် တက်ကြွစေရန် ရည်ရွယ်ကြောင်း ပြောသည်။
“ဝန်ထမ်းတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတကွ အလုပ်လုပ်နေကြောင်း စစ်ကောင်စီက ပြသချင်တယ်။ ဒီလှုပ်ရှားမှုက ဝန်ထမ်းတွေရဲ့ ထောက်ခံမှုရအောင် လုပ်တာ” ဟု နေပြည်တော်မှ ဝန်ထမ်းတဦးက ပြောသည်။
လက်တွေ့တွင်မူ စစ်ကောင်စီသည် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်သပိတ်မှောက်သော ဝန်ထမ်းများနေရာတွင် အစားထိုးရန် ကြိုးစားနေရသည်။ စစ်ကောင်စီသည် အစိုးရဝန်ထမ်း ခေါ်ယူသည့် စည်းကမ်းများကို လျှော့ချပြင်ဆင်နေရပြီး မီးရထားဌာနသည် သပိတ်မှောက်မှုကြောင့် ရပ်ဆိုင်းသွားသောကြောင့် ဒုတိယ ရုံပိုင်ရာထူး ၆၀ ကို လူသစ်များဖြင့် အစားထိုးခန့်ထားခဲ့သည်။ ဆရာဝန်နှင့် သူနာပြုဆရာမများ သပိတ်မှောက်သောကြောင့် ပြည်သူ့ဆေရုံများတွင် စစ်တပ်မှ ဆေးဝန်ထမ်းများဖြင့် အစားထိုးနေရသည်။

အောက်တိုဘာလ နောက်ပိုင်းတွင် စစ်ကောင်စီသည် ဝန်ကြီးဌာန ပေါင်းစုံအတွက် အလုပ်အကိုင် ၄,၀၀၀ ကျော် ခေါ်ယူပြီး အချို့အလုပ်များအတွက် အခြေခံပညာတတ်သူများကိုပင် ခန့်ထားနေရသည်။ သပိတ်မှောက်သွားသော ဝန်ထမ်းများ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ရန် တံခါးဖွင့်ထားနေရကြောင်း နေပြည်တော်မှ ဝန်ထမ်းတဦးက ပြောသည်။
ထိုသို့သော အဖွဲ့လိုက် နေ့လယ်စာ စားပွဲများသို့ စစ်ကောင်စီခန့် ဝန်ကြီးများလည်း တက်ရောက်ပြီး စစ်တပ်လိုလားသည့် နိုင်ငံရေးသမား ဦးကျော်ဇေယျ၏သား မိုးယံဇွန် ကဲ့သို့သော အနုပညာရှင်များသည် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်သည့် ဖျော်ဖြေပွဲများတွင် ပါဝင်ကြသည်။ ဒုဗိုလ်မှူးကြီးဟောင်း ဦးကျော်ဇေယျသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဟောင်းတဦး ဖြစ်သော်လည်း ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီမှ ရွေးကောက်ပွဲဝင်သည်။
မိုးယံဇွန်သည် စစ်ကောင်စီဝါဒဖြန့် ရုပ်ရှင်များတွင် အမြဲတမ်းပါသည့် သရုပ်ဆောင်ဖြစ်ပြီး စစ်ကောင်စီ လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စုဝေးပွဲများတွင်လည်း မကြာခဏ ပါဝင်သည်။
နိုင်ငံခြားရေး၊ ကျန်းမာရေး၊ ဥပဒေရေးရာနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး အပါအဝင် ဝန်ကြီးဌာန အများအပြားတွင် ထိုသို့သော ဖျော်ဖြေပွဲများ ကျင်းပပြီးဖြစ်သည်။ အချို့ဝန်ကြီးဌာနများမှ ဝန်ထမ်းများသည် ထိုပွဲများသို့ မိသားစုများကိုပင် ခေါ်လာကြသည်။

“၂၀၂၃ ရွေးကောက်ပွဲကို ရည်ရွယ်ပြီး ဒီလှုပ်ရှားမှုကို လုပ်နေတာ။ စစ်ကောင်စီက အစိုးရဝန်ထမ်းတွေရဲ့ ထောက်ခံမှု ရအောင်လုပ်နေတယ်။ အရင်က ဒါမျိုးမလုပ်ဖူးဘူး” ဟု အငြိမ်းစားယူရန် နီးကပ်နေသည့် ဥပဒေဝန်ထမ်းတဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
အစိုးရဝန်ထမ်းများအတွက် လစဉ် အိမ်လခများပေးမည်ဖြစ်ကြောင်း ဇူလိုင်လတွင် စစ်ကောင်စီက ကြေညာသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အမျိုးသားနေ့ အထိမ်းအမှတ် ဘွဲ့တံဆိပ်များပေးသောအခါ ရာထူးကြီးသော ဝန်ထမ်းအများအပြား ဆုတံဆိပ်များ ရရှိကြသည်။
စစ်တပ်ကရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အရေးပေါ်အခြေအနေသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကုန်ဆုံးပြီး ၆ လအတွင်း ရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်သည်။
စစ်တပ်များတွင်လည်း စစ်သားများကို စည်းရုံးရန် အားထုတ်သည့်အနေဖြင့် ၎င်းတို့နှင့် မိသားစုများအတွက် ညစာစားပွဲများကျင်းပရန် လွန်ခဲ့သောနှစ်ကပင် အမိန့်ထုတ်ထားသည်။
လာမည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာ ကပွဲတခုကိုလည်း စစ်ကောင်စီအာဘော် မြဝတီ ရုပ်သံနှင့် အခြားရုပ်သံများတွင်လည်း ထုတ်လွှင့်နေသည်။
You may also like these stories:
CDM ဝန်ထမ်းများ ပြည်ပထွက်ခွာခွင့်မရရေး စစ်ကောင်စီ ပိတ်ပင်ထား
စစ်ကောင်စီကို ဒူးမထောက်တဲ့ CDM ကျန်းမာရေး ဝန်ထမ်းများ
မင်းတပ်မြို့ ရှိ ဌာန ၅ ခုမှ ဝန်ထမ်းများအား အမည်ပျက် စာရင်းသွင်း
အင်အားနည်းလာသော စစ်တပ် ရဲမှုထမ်းဟောင်းများဖြင့် အင်အားဖြည့်နေ