ကမ္ဘာ့ဘဏ်၏ အထောက်အပံ့ရ ရိုးမဘဏ်သည် မြန်မာစစ်တပ်၏ Mytel ဖုန်းကွန်ရက်လုပ်ငန်း ဖြစ်သည့် တယ်လီကွန်း အင်တာနေရှင်နယ် မြန်မာ ကုမ္ပဏီ လီမိတက် အတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပေးနေကြောင်း Justice for Myanmar (JFM) က ထုတ်ပြန်ကြေညာသည်။
ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) နှင့်ဆက်စပ်နေသည့် ရိုးမဘဏ်သည် ၂၀၂၂ ခုနှစ်၊ မတ်လမှ စတင်ပြီး တယ်လီကွန်း အင်တာနေရှင်နယ် မြန်မာ၏ ဒေါ်လာ ၁၀ သန်းကျော်သည့် ငွေစာရင်းကို လက်ခံထားကြောင်း အထက်ပါ တက်ကြွလှုပ်ရှားသူအဖွဲ့က ပြောသည်။ တယ်လီကွန်း အင်တာနေရှင်နယ်သည် စစ်တပ်၏ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် ဖက်စပ်လုပ်ငန်းဖြစ်သည်။
Mytel ၏ အခြားရှယ်ယာပိုင်ရှင်များတွင် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment နှင့် မြန်မာခရိုနီကြီးများ၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သော မြန်မာနေရှင်နယ် တယ်လီကွန်း ဟိုးလ်ဒင်း တို့ ပါဝင်သည်။
ရန်ကုန်စတော့အိတ်ချိန်းဝင် ကုမ္ပဏီတခုဖြစ်ပြီး ဦးသိမ်းဝေခေါ် မစ္စတာ ဆာ့ဂျ်ပန်းက ဦးဆောင်ကာ နိုင်ငံတကာ ရင်နှီးမြှုပ်နှံသူများက ကျောထောက်နောက်ခံ ပေးထားသည့် FMI က ရိုးမဘဏ်ကို ပိုင်ဆိုင်သည်။
ရိုးမဘဏ်ကို စင်ကာပူအစိုးရ ရင်နှီးမြှုပ်နှံမှုလုပ်ငန်း GIC ၏ လက်အောက်ခံ Greenwood Capital က ၁၉ ဒသမ ၇ ရာခိုင်နှုန်း၊ နော်ဝေး ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာရေးအဖွဲ့အစည်းဖြစ်သည့် Norfund က ၁၀ ဒသမ ၆ ရာခိုင်နှုန်းနှင့် IFC က ၄ ဒသမ ၅ ရာခိုင်နှုန်းပိုင်သည်။
“Mytel က တရားမဝင် မြန်မာစစ်ကောင်စီအတွက် သေနင်္ဂဗျူဟာကျတဲ့ ရင်းမြစ်ဖြစ်ပြီး စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ထောက်ခံအားပေးနေတယ်” ဟု JFM ပြောခွင့်ရသူ မရတနာမောင်က ပြောသည်။
ရိုးမဘဏ်သည် မြန်မာစစ်ကောင်စီ၏ တယ်လီကွန်းလုပ်ငန်းကို ဘဏ်လုပ်ငန်း ဝန်ဆောင်မှုပေးပြီး မြန်မာစစ်ကောင်စီကို ထောက်ခံနေကြောင်း JFM က ထောက်ပြလိုက်သည်။
ရိုးမဘဏ်၊ မြန်မာစစ်တပ်၊ ၎င်းတို့နှင့် ပတ်သက်သူများအကြား စီးပွားရေးဆက်ဆံရေးနှင့် ပတ်သက်ပြီး Norfund, IFC နှင့် GIC တို့ကို သတိပေးထားပြီးသော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း မရတနာမောင်က ပြောသည်။
တယ်လီကွန်း အင်တာနေရှင်နယ် မြန်မာနှင့် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် စွပ်စွဲခံထားရသည့် မြန်မာစစ်တပ်နှင့် ပတ်သက်သည့် အခြားလုပ်ငန်းများ စီးပွားရေးဆက်ဆံမှု ချက်ချင်းရပ်ဆိုင်းရန် ရိုးမဘဏ်နှင့် ၎င်း၏ ရင်းနှီးမြှုပ်နှံသူများကို JFM က တောင်းဆိုထားသည်။
“မြန်မာဗိုလ်ချုပ်များသည် ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့် အနာဂတ် အမြတ်အစွန်းမှ အကျိုးကျေးဇူးများ ခံစားနေကြသည်။ Mytel ကို မြန်မာစစ်တပ်မှ ပိုင်ဆိုင်သူများသည် ထိုလုပ်ငန်းစတင်သည့် ၅ နှစ်မြောက်ကာလမှ ဆယ်စုနှစ်တခုအတွင်း အမေရိကန် ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိရန် မျှော်မှန်းထားကြောင်း JFM က ခန့်မှန်းသည်” ဟု JFM ၏ နိုဝင်ဘာလ ၂၅ ရက်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။
Mytel သည် စစ်ကောင်စီ ခေါင်းဆောင်ပိုင်းအနေဖြင့် သာမန်ပြည်သူများကို ထောက်လှမ်းနိုင်စေသည့် စွမ်းရည်လည်း ပံ့ပိုးပေးနေသည်။ စစ်တပ်၏ ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံးသည် Mytel နှင့် လုပ်ငန်းများ ဆက်စပ်နေပြီး ထိုမိုဘိုင်းဆက်သွယ်ရေး ကွန်ရက်သည် စစ်တပ်၏ ဖိုက်ဘာအလင်း ကေဘယ်ကြိုးများ ကွန်ရက်ကို အသုံးပြု ထိန်းသိမ်းထားသည်။ Mytel သည် စစ်တပ်များအတွင်းတွင် ဆက်သွယ်ရေးတာဝါများ ထားရှိပြီး စစ်ဘက်ဆက်သွယ်ရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖွယ်လည်း ရှိနေသည်။
Distributed Denial of Secrets အင်တာနက်စာမျက်နှာက မကြာသေးမီက ထုတ်ပြန်သည့် ငွေပေးငွေယူ မှတ်တမ်းများအရ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင် (MEC) ပိုင် အင်းဝဘဏ်နှင့် ရိုးမဘဏ်အကြား ငွေပေးငွေယူ အကြိမ် ၂၀၀ ကျော်ရှိကြောင်း သိရသည်။ MEC ကို အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့် ကနေဒါတို့က ပိတ်ဆို့အရေးယူထားသည်။
အင်းဝဘဏ်နှင့် ငွေးပေးငွေယူရပ်ဆိုင်းရန် JFM က နိုင်ငံတကာဘဏ်များကို နိုဝင်ဘာလ အစောပိုင်းတွင် တောင်းဆိုပြီးနောက် သြစတြေးလျမှ ANZ ဘဏ်က ၎င်းတို့သည် မြန်မာမှ ၂၀၂၃ ခုနှစ် အစောပိုင်းတွင် လုပ်ငန်းများ ရုတ်သိမ်းမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကြေညာသည်။
ရိုးမဘဏ်သည် စစ်ကောင်စီခေါင်းဆောင် စစ်ရာဇဝတ်ကောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သမီး ခင်သီရိသက်မွန် ပူးတွဲပိုင်ဆိုင်သည့် မိုဘိုင်းဖုန်းတာဝါ ကုမ္ပဏီဖြစ်သည့် Pinnacle Asia သို့ ၂၀၂၀ ပြည့်နှစ်တွင် ချေးငွေထုတ်ပေးကြောင်း JFM က လွန်ခဲ့သောနှစ် ဧပြီလက ကြေညာသည်။ ထိုချေးငွေကို Mytel အတွက် ဖုန်းတာဝါတိုင်များ တည်ဆောက်ရန် Pinnacle Asia သို့ ထုတ်ပေးခြင်းဖြစ်သည်။
တယ်လီကွန်း အင်တာနေရှင်နယ် မြန်မာသည် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်ကြောင်း ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က သတ်မှတ်ထားသော်လည်း ရိုးမဘဏ်၏ ဝန်ဆောင်မှုယူသူအဖြစ် ဆက်လက် ရှိနေသည်။
“Norfund, IFC နှင့် GIC တို့ အနေဖြင့် ရိုးမဘဏ်ကို Mytel အတွက် ဝန်ဆောင်မှုပေးခြင်းနှင့် အင်းဝဘဏ်နှင့် ဆက်ဆံခြင်းကို ရပ်တန့်အောင် မလုပ်နိုင်ပါက နိုင်ငံတကာလူ့အခွင့်အရေး တာဝန်ဝတ္တရားနှင့်အညီ အခြားနေရာများသို့ ရင်းနှီးမြှုပ်နှံမှု ပြောင်းသင့်သည်” ဟု JFM မှ မရတနာမောင်က ပြောသည်။
You may also like these stories:
ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားသား ဝန်ထမ်း ခန့်အပ်မှု ဗဟိုဘဏ် ကန့်သတ်
ရိုးမဘဏ် ငွေလွှဲဝန်ဆောင်ခ ကောက်ခံမှု ရပ်ဆိုင်း
FMI ရှယ်ယာ အမြတ်ဝေစု ယခုနှစ်တွင် ခွဲပေးမည် မဟုတ်
လားရှိုး ရိုးမဘဏ် အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမျိုးသမီး ၂ ဦး သေဆုံး