သတင်း

မင်းတပ်မြို့ ရှိ ဌာန ၅ ခုမှ ဝန်ထမ်းများအား အမည်ပျက် စာရင်းသွင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံဌာန ၅ ခုတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို အမည်ပျက် စာရင်းသွင်းလိုက်ကြောင်း အောက်တိုဘာ ၂၉ ရက်နေ့က ရက်စွဲဖြင့် မင်းတပ်ဒေသ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ အမည်ပျက်စာရင်း သွင်းခံရသည့်ဌာနများမှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ပညာရေး၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတို့ ဖြစ်ကာ ယင်းဌာနများမှ ညွှန်ကြားရေးမှူးအဆင့် အပါ အဝင် ဝန်ထမ်း ၉၀ ကျော်အား စစ်ကောင်စီယန္တရားတွင် ပါဝင်နေဆဲဖြစ်သည့်အတွက် အမည်ပျက်စာရင်းသွင်းကာ ထုတ်ပြန် ကြေညာခြင်းဖြစ်ကြောင်း CDF မင်းတပ်မှ ပြောရေးဆိုခွင့်ရှိသူ ကိုဆလိုင်းဟာအွမ်က ပြောသည်။

၎င်းက “ဒီလို အမည်ပျက်စာရင်းကို ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်က တော်လှန်ရေးကာလမှာ ခြံစည်းရိုး နှစ်ဖက် ခွထိုင် တဲ့လူတွေကို လက်မခံနိုင်ဘူး။ အရေးတော်ပုံ ပြီးသွားရင် ဘယ်သူက တော်လှန်ရေးမှာ ပါဝင်ခဲ့တယ်။ ဘယ်သူက မပါဘူးဆိုတာ အခုကတည်းက ရှင်းရှင်းလင်းလင်း ဖြစ်အောင် မှတ်တမ်းတင်ထားတဲ့ သဘောပါ။ နောက်ပိုင်းမှာ ဥပဒေ တရပ် ထွက်ပေါ်လာရင်တော့ သူတို့ကို အရေးယူမှုအပိုင်းကို ဆက်လုပ်သွားမယ်။ အခု အခြေအနေမှာတော့ သူတို့ ကျနော်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လာခွင့် မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သော စက်တင်ဘာလ ၁၇ ရက်နေ့ ရက်စွဲဖြင့်လည်း မင်းတပ်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ ကျေးလက်၊ လမ်းဦးစီး၊ ပြန်/ဆက် စသည့် ဌာန ၁၆ ခုမှ ဝန်ထမ်း ၁၀၀ ကျော်အား အမည်ပျက်စာရင်း သွင်းထားကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်သည့်နောက်ပိုင်းတွင် စစ်ကောင်စီ ယန္တာရားတွင် ပါဝင်နေသည့် ဝန်ထမ်းတချို့ အာဏာဖီဆန်ရေး လှုပ် ရှားမှု (CDM) ဝင်ရောက်လာခဲ့ကြောင်း၊ CDM ဝင်ရောက်လာသူများအား ပြည်သူ့တရားစီရင်ရေးဌာမှ တရားသူကြီး များထံတွင် ကျမ်းသစ္စာကျိန်ဆိုစေကာ ကောင်းမွန်စွာလက်ခံထားကြောင်းလည်း ကိုဆလိုင်းဟာအွမ်က ဆက်လက် ပြောသည်။

မင်းတပ်မြို့နယ်အတွင်းက ကျေးရွာအုပ်စုပေါင်း ၄၆ ခုရှိပြီး မြို့ပေါ် ရပ်ကွက်များမှလွဲ၍ ကျန်ကျေးရွာအုပ်စုများကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က နယ်မြေ စိုးမိုးကာ ထိန်းချုပ်ထားပြီး ပြည်သူ့အုပ်ချုပ်ရေး၊ ကျန်မာရေး၊ ပညာရေးနှင့် တရားစီရင်ရေးကဏ္ဍများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အကောင်အထည်ဖော်ကာ ထူထောင်ထားနိုင်ကြောင်းလည်း မင်းတပ်မြို့နယ်အတွင်းက ဒေသခံများထံမှ သိရသည်။

မင်းတပ်မြို့နယ်အတွင်းက အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ဒေသခံတဦးက “စစ်ကောင်စီ ယန္တရားကတော့ လုံးဝ မလည်ပတ်တော့ဘူး။ မြို့ပေါ်နဲ့ မြို့ကပ်ရပ် ရွာနှစ်ရွာလောက်ပဲ သူတို့ ထိန်းချုပ်နိုင်တော့တယ်။ နယ်ဘက်ကတော့ CDF ထိန်း ထားတယ်လို့ ပြောလို့ရတယ်။ မင်းတပ်- မတူပီကားလမ်းကိုလည်း အခု CDF က လုံခြုံရေးယူထားတော့ ပြည်သူတွေ ကတော့ သွားလာလို့ အဆင်ပြေတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် စိတ်ချရတဲ့ အခြေအနေတော့ မဟုတ်ဘူး။ တိုက်ပွဲမရှိပေမယ့် စစ်တပ်က နေ့တိုင်းလိုလို လက်နက်ကြီးတွေနဲ့ လှမ်းထုနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့တွင်လည်း မင်းတပ်မြို့ အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှ ကျေးရွာများရှိရာသို့ လက်နက်ကြီး ၃ ကြိမ် ပစ်ခတ်မှု ရှိပြီး ထိခိုက်မှု တစုံတရာ ရှိမရှိကို စုံစမ်းနေဆဲ ဖြစ်သည့်အတွက် အသေးစိတ်မသိရသေးကြောင်း CDF မင်းတပ်မှ ပြောရေးဆိုခွင့်ရှိသူ ကိုဆလိုင်းဟာအွမ် က ပြောသည်။

You may also like these stories:

ကန်ပက်လက်ဒေသခံများကို ဗုံးခိုကျင်းများ တူးထားရန် CDF တိုက်တွန်း

ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ရှောင်များ နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေး

Loading