ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်လာနိုင်သည့် အခြေအနေကြောင့် ပြည်သူများ အနေဖြင့် ဗုံးခိုကျင်းများ ကြိုတင်တူးဖော်ပြီး ပြင်ဆင်ထားရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ကန်ပက်လက်က ထုတ်ပြန် တိုက်တွန်းထားသည်။
စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် လက်နက်အင်အား၊ လူအင်အားများ ဖြည့်တင်းနေသည့်အတွက် မကြာမီ တိုက်ပွဲ များ ပြင်းထန်လာနိုင်သော အခြေအနေ ရှိနေကြောင်းလည်း ထုတ်ပြန်ချက်တွင် သတိပေးထားသည်။
ကန်ပက်လက် CDF မှ ပြောရေးဆိုခွင့်ရှိသူ ကိုဆလိုင်းထွန်းလိန်းထလ်က “စစ်တပ်က အင်အားတွေ ထပ်ဖြည့်နေတယ်။ ထိုးစစ်ဆင်မယ် ဆိုပြီးတော့လည်း ကျနော်တို့ သတင်းရထားတော့ တိုက်ပွဲပြင်လာမယ့် သဘောရှိတယ်။ တိုက်ပွဲဖြစ်ရင် သူတို့ လေကြောင်းနဲ့ တိုက်ခိုက်မယ်။ ရွာတွေကို လက်နက်ကြီးနဲ့ ပစ်နိုင်တဲ့အတွက် ပြည်သူတွေကို ဗုံးခိုကျင်းတွေ ကြိုတင် ပြင်ဆင်လို့ရအောင် တိုက်တွန်းရတာ ဖြစ်တယ်” ဟု ဧရာဝတီကို ပြောသည်။
အောက်တိုဘာ ၂၀ ရက်၊ နံနက် ၈ နာရီဝန်းကျင်ကလည်း ကန်ပက်လက်မြို့ထဲ၌ တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် များ မြို့ပြင်သို့ စစ်ကြောင်းထွက်လာစဉ် မြို့ပတ်လမ်းတွင် ကြိုတင်ကင်းပုန်းဝပ် နေရာယူထားသည့် ဒေသခံ CDF တပ်ဖွဲ့ဝင် များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့ကြောင်း သိရ သည်။
ကိုဆလိုင်းထွန်းလိန်းထလ်က “စစ်တပ်က မြို့ပြင် ထွက်မရတာ ကြာပြီ။ မနေ့က သူတို့ မြို့ထဲကနေပြီး မြို့ပြင်ကို ထွက်လာ ကြတဲ့အချိန် ကင်းပုန်းနေတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေနဲ့ မြို့ပတ်လမ်းဆုံမှာ ထိတွေ့တိုက်ပွဲ ဖြစ်ကြတာ။ သူတို့ဘက်ကတော့ ၄ ယောက် သေတယ်။ ဒဏ်ရာရတာလည်း တော်တော်များမယ်။ အရေအတွက်တော့ ကျနော်တို့လည်း အတိအကျ မသိ နိုင်ဘူး” ဟု ဆိုသည်။
အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားများက မြို့ပေါ်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများအား လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
ယနေ့ နံနက် ၉ နာရီ ၅၀ မိနစ်မှ စတင်၍ နေ့လယ် ၁၂ နာရီဝန်းကျင်ထိ ကန်ပက်လက်မြို့ ကျေးလက်ရုံးအနီးနှင့် မြို့မရဲ စခန်းအောက်ဘက်တို့တွင် စစ်ကောင်စီတပ်နှင့် ကန်ပက်လက် CDF တို့ ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြောင်းနှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးနှင့် အခြားအဆင့်ရှိသူတို့ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ကန်ပက်လက် CDF တပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက် မရှိကြောင်း ၎င်းတို့က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများအား ဧရာဝတီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ ယင်းတိုက်ပွဲ အခြေအနေများနှင့် ပတ်သက်၍လည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိပါ။
ကန်ပက်လက်မြို့ပေါ်တွင် မင်းတပ်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၂၇၄ တပ်ရင်းမှ ထုတ်နုတ်အင်အားနှင့် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့မှ ထုတ်နုတ်အင်အား စုစုပေါင်း ၂၀၀ ကျော်ဖြင့် မြို့နယ်ထွေအုပ်ရုံး၊ ရဲစခန်းနှင့် ပညာရေးမှူး ရုံးများတွင် တပ်စွဲထားကြောင်း သိရသည်။
ကန်ပက်လက်မြို့ခံတဦးက “စစ်ကောင်စီတပ်က မြို့ပေါ်က စစ်ရှောင်နေတဲ့ အိမ်တွေကိုပဲ ဖောက်ထွင်းခိုးယူတဲ့အလုပ်ကို လုပ်နိုင်တော့တာ။ သူတို့ မြို့ပြင်ဆို မထွက်ရဲကြတော့ဘူး။ ကျနော်တို့ မြို့ခံတွေလည်း သူတို့ အချိန်အကြာပြီး မြို့ပေါ်မှာ ဝင် နေတော့ နယ်ဘက်ကို တိမ်းရှောင်ပြီးတော့ နေကြတယ်။ တချို့လည်း ဥယျာဉ်ခြံတွေမှာ သွားနေကြတယ်” ဟု ပြောသည်။
လက်ရှိ အခြေအနေတွင် ကန်ပက်လက်မြို့ပေါ်မှလွဲပြီး နယ်ဘက်တခုလုံးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက စိုးမိုးထား ကာ မြို့နယ်အတွင်း ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် မပါဝင်သည့် ဌာနဆိုင်ရာ အကြီးအကဲများကိုလည်း CDF တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး နယ်နှင်ဒဏ်ပေးခြင်း၊ စစ်ကောင်စီခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား အချိန်မီ နုတ် ထွက်ရန် သတိပေးပြီး ၎င်းတို့ထံမှ တံဆိပ်တုံးများကိုပါ သိမ်းဆည်းကာ နယ်ဘက်တွင် ပြည်သူအုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားကို အစားထိုး ရယူထားကြောင်းလည်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
You may also like these stories:
ကန်ပက်လက်မြို့ပေါ်ရှိ စစ်ကောင်စီစခန်းများ ၂ ရက်ဆက်တိုက် တိုက်ခိုက်ခံရ
ဟားခါးတွင် စစ်တပ်ကို ချင်းကာကွယ်ရေးတပ်များ ဝိုင်းတိုက်
၁နှစ်အတွင်း ချင်းပြည်နယ်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို ကျနော်တို့ ထိန်းထားနိုင်ခဲ့တယ်