အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဒု ဥက္ကဋ္ဌ ၂ နှင့် မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင်၏ စျာပနကို မန္တလေးမြို့ခံများအပြင် အနီးအနားမှ ပြည်သူတို့ ဝန်းရံလိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။
လက်နက်ကိုင် စစ်ကောင်စီတပ်သားများ လုံခြုံရေးအပြည့်ဖြင့် တင်းကျပ်ထားသည့်ကြားမှ မန္တလေးမြို့လူထု သောင်း နှင့်ချီမှာ နံနက် ၁၀ နာရီကစ၍ ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန် ၃ လမ်း မိသားစု နေအိမ်မှနေ အမရပူရ မြို့နယ်၊ မင်းရွာအနီးရှိ တောင်အင်းမြောက်အင်း သုသာန်အထိ လိုက်ပါပို့ဆောင်ခဲ့ကြသည်။
ဒေါက်တာ ဇော်မြင့်မောင်၏ ရုပ်ကလာပ်ကို တောင်အင်းမြောက်အင်းသုသာန်၌ နံနက် ၁၁ နာရီခွဲတွင် မီးသင်္ဂြိုဟ်ခဲ့ခြင်း ဖြစ်သည်။
“တောင်အင်းမြောက်အင်းသုဿန်ဆိုတာက ထုံးဘို-မြစ်ငယ် ဖြတ်လမ်းပေါ်ကနေ ၆၇ လမ်းအတိုင်း အတွင်းကို တမိုင် ကျော်လောက်ပြန်ဝင်ရတဲ့ နေရာမှာ ရှိတာ။ တောင်အင်းမြောက်အင်း အဝင်လမ်း ထုံးဘို-မြစ်ငယ် ဖြတ်လမ်းပေါ်ကနေ ထုံးဘို-မြစ်ငယ် ဖြတ်လမ်းပေါ်ကနေ လုံခြုံရေးစောင့်ကြပ်နေတာမျိုးရှိတယ်၊ နာရေးယာဉ်တန်းနဲ့ပါလာတဲ့ ကားတွေ ဆိုင်ကယ်တွေကို အဲဒီနေရာကနေ တားလို့ လိုက်ပါပို့ဆောင်တဲ့သူတွေအားလုံး သုသာန်ထဲအထိ မရောက်ခဲ့ကြရဘူး” ဟု နာရေးလိုက်ပါပို့ဆောင်ခဲ့သူတဦးက ပြောသည်။
ယနေ့ပြုလုပ်သည့် ဈာပနအခမ်းအနားတွင် ဒေါက်တာ ဇော်မြင့်မောင်၏ ဇနီး ဒေါက်တာယုယုမေ လာရောက်နိုင်ခြင်း မရှိခဲ့သော်လည်း အဝေးကနေ တရားနာယူကာ နှုတ်ဆက်ခဲ့ရသလို ကျန်ရစ်သူ သားသမီးများလည်း အလားတူ တရားနာ ကန်တော့ခဲ့ရသည်ဟု မိသားစုနှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ဆိုသည်။
စစ်ကောင်စီကလည်း နာရေးပို့ဆောင်ရာ လမ်းကြောင်းတလျှောက်နှင့် တောင်အင်းမြောက်အင်း သုသာန်အဝင် လမ်းမကြီး၊ သုသာန်အနီးဝန်းကျင်အထိ ယူနီဖောင်းလက်နက်အပြည့်အစုံအဖြင့် စစ်တပ်၊ ရဲ၊ ယာဉ်ထိန်းများအပြင် အရပ်ဝတ်များဖြင့်ပါ လုံခြုံရေး စောင့်ကြည့်နေမှုများကိုလည်း တွေ့ရသည်။

နာရေးလိုက်ပါပို့ဆောင်ခဲ့သည့် NLD ပါတီဝင်တဦးက “နာရေးအိမ်ကနေ ပို့ဆောင်ရာ လမ်းကြောင်းတလျှောက်လုံးမှာ လက်နက်ကိုင် လုံခြုံရေးတွေလည်း ချထားတာကို တွေ့ရတယ်၊ တောင်အင်းမြောက်အင်းအဝင်လမ်း ထုံးဘို-မြစ်ငယ် ဖြတ်လမ်းပေါ်မှာတော့ စစ်တပ်က ဒုဗိုလ်မှူးကြီး အဆင့်ရှိတဲ့သူတွေနဲ့ အရာရှိပိုင်းတွေအထိ တွေ့ရတယ်။ ပုံမှန်လမ်း ကြောင်း လုံခြုံရေးယူတာမျိုးတွေမှာ အရာရှိပိုင်းတွေပါတာမျိုး အတော်နည်းတယ်၊ ဆရာ ဒေါက်တာဇော်မြင့်မောင် နာရေးလမ်းကြောင်းမှာမှ အခုလိုမျိုး ဒုဗိုလ်မှူးကြီး အဆင့်ထိ လုံခြုံရေးမှာ ပါတာကတော့ ထူးခြားချက်ပဲ” ဟု ပြော သည်။
ဒေါက်တာဇော်မြင့်မောင်၏ ရုပ်အလောင်း နာရေးယာဉ်ပေါ်သို့ မတင်ဆောင်မီ မြို့ခံလူထုက အောင်ရမည်ဟု ဟစ်ကြွေး ခြင်းများပြုလုပ်ခဲ့ကြသလို NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က အမိန့်ပြန်တမ်း ကြေညာခဲ့သည်။
တောင်အင်းမြောက်အင်းသုသာန်တွင်လည်း နာရေးယာဉ်တန်း မရောက်မီအချိန်ကတည်းက စောင့်ကြိုရောက် ရှိနေသည့် လူအင်အား ရာချီရှိနေခဲ့ပြီး ရုပ်ကလာပ်တင်ဆောင်ထားသည့် နာရေးယာဉ်တန်း သုသာန်အတွင်း ဝင်ရောက်လာပြီးနောက် လူထောင်ချီရှိသည်ကိုလည်း တွေ့ရသည်။
“နိုင်ငံတော် ဈာပနအနေနဲ့ ပြုလုပ်ရမယ့်ပုဂ္ဂိုလ်မျိုးကို အကြမ်းဖက်စစ်အုပ်စုကြောင့် မှေးမှိန်ခဲ့ရတယ်လို့ ထင်ရပေမယ့် ပြည်သူလူထုက ပေးတဲ့မေတ္တာတွေနဲ့ နောက်ဆုံးခရီးက လှပခဲ့တာမို့ နိုင်ငံတော်ဈာပနဖြစ်ခဲ့ရပါတယ်။ ကျနော်တို့ မန္တလေးသားတွေအတွက်တင်မက တနိုင်ငံလုံးအတွက်ကတော့ ဒီနေ့ ပြုလုပ်တဲ့ ဆရာဇော်ရဲ့ နောက်ဆုံးခရီးက နိုင်ငံတော် ဈာပနအနေနဲ့ သတ်မှတ်ထားကြပြီးသားလို့ ပြောလို့ရပါတယ်” ဟု မန္တလေးမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးက ပြောသည်။
ဒေါက်တာ ဇော်မြင့်မောင်၏ နာရေးအခမ်းအနားအား လိုက်ပါပို့ဆောင်ရန်အတွက် ယနေ့ နံနက်အစောပိုင်းမှစတင်ကာ မန္တလေးမြို့ခံအများအပြား ကားကြီး၊ ကားငယ်၊ စက်ဘီး၊ ဆိုင်ကယ်များဖြင့် ဈာပနအခမ်းအနား တည်ရှိရာ နေအိမ်အနီး စုဝေးရောက်ရှိခဲ့ကြပြီး မန္တလေးမြို့ခံများ လူဦးရေသောင်းချီ လိုက်ပါပို့ဆောင်ခဲ့ကြသဖြင့် နာရေးပို့ရာ လမ်းကြောင်း တလျှောက် လမ်းပေါ်တွင် ကား၊ ဆိုင်ကယ်၊ မီနီအိုးဝေ၊ စက်ဘီးများအပြည့် ဖြစ်ခဲ့သည်။
ဒေါက်တာ ဇော်မြင့်မောင်၏ ဈာပနအခမ်းအနားအား မြို့လုံးကျွတ် လိုက်ပါပို့ဆောင်ကြရန်လည်း မန္တလေးတော်လှန်ရေး အင်အားစုများက နှိုးဆော်ထားကြသည်။
နာရေးပို့ဆောင်ရာ လမ်းကြောင်းလမ်းဘေး ဝဲယာတလျှောက်မှာလည်း ပြည်သူလူထုက နာရေးယာဉ်တန်းကို စောင့်ဆိုင်းပြီး နောက်ဆုံးအကြိမ် ဂါရဝပြု နှုတ်ဆက်ခြင်း၊ ကန့်တော့ခြင်းများ ပြုလုပ်ခဲ့ရာ စစ်တပ် အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် အင်အားအများအပြား စုစည်းမှုမျိုး ဖြစ်သည်။

မန္တလေးမြို့ခံ ကဗျာဆရာတဦးက “ဆရာဇော်လို လူမျိုးက နိုင်ငံရေးမလုပ်ဘဲ နေမယ်ဆိုရင် ဆွေဂုဏ်မျိုးဂုဏ်အရ ဘာမှ အပူအပင်မရှိဘဲ နေလို့ရတဲ့သူမျိုးပါ။ အဲဒါတွေကို စွန့်လွှတ်ပြီးတော့မှ နိုင်ငံရေးသမားဘဝကို ရွေးချယ်ခဲ့တာ၊ ထောင်ထဲ မှာပဲ နှစ်သက်ရှည်စွာ ဖြတ်သန်းခဲ့ပြီးမှ အေးချမ်းမယ် မရှိသေးဘူး။ အာဏာရူးတဲ့ စစ်အာဏာရှင်တွေကြောင့် မကြွေ သင့်ဘဲ ကြွေလွင့်ခဲ့ရတာလို့ပဲ ပြောချင်တယ်၊ သူက သမိုင်းကောင်းနဲ့ ကြွေလွင့်ခဲ့ရတဲ့ ကြယ်နီတပွင့်ပါပဲ” ဟု ပြော သည်။
ဒေါက်တာ ဇော်မြင့်မောင်၏ စျာပနသို့ နိုင်ငံရေး၊ လူမှုရေးနယ်ပယ်အသီးအသီးမှ လူမှုအဖွဲ့အစည်းများ အပါအဝင် ရန်ကုန် ဗြိတိသျှသံရုံး၊ အမေရိကန်သံရုံး၊ ဥရောပ သမဂ္ဂ၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ရုံးများ ကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်မှုနှင့်အတူ လွမ်းသူ့ပန်းခွေ၊ လွမ်းသူ့ပန်းခြင်းများ ပို့ဆောင်ခဲ့ကြသည်။
ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခဲ့ရခြင်းအပေါ် ထောင်တွင်းအကျဉ်းချခံထားရစဉ် သွေးကင်ဆာရောဂါဝေဒနာခံစား နေရမှုနှင့် ကိုက်ညီသည့် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ မရရှိခြင်းကြောင့်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) တို့အပြင် မြန်မာနိုင်ငံအခြေစိုက် ဥရောပသံရုံးတချို့က ထုတ်ပြန်ထားကြသည်။
ဒေါက်တာဇော်မြင့်မောင်၏ ဈာပနသို့ အောက်တိုဘာ ၇ ရက်က နိုင်ငံတော်သမ္မတဦးဝင်းမြင့် ဇနီး ဒေါ်ချိုချိုက သွား ရောက်ကာ လွမ်းသူ့ပန်းခြင်း ပေးအပ်ပြီး မိသားစုဝင်များအား အားပေးနှစ်သိမ့်မှုများ ပြုလုပ်ခဲ့သလို NLD ပါတီမှ ဒေါက်တာ မျိုးညွန့်၊ ဦးထင်လင်းဦး၊ ဒေါ်ဝင်းမြမြတို့နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးလည်း လာရောက်ဂါရဝပြုခဲ့ပြီး နံနက်ပိုင်းတွင် စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ပါဝင်သည့် အစိုးရ အဖွဲ့ဝင်များ လာရောက်ခဲ့ကြသည်ကို တွေ့ရသည်။
ဒေါက်တာ ဇော်မြင့်မောင်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရစဉ် ကျန်းမာရေး ဆိုးရွားလာသည့်အတွက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူနေစဉ် အောက်တိုဘာ ၇ ရက် နံနက် ၃ နာရီဝန်းကျင်တွင် သွေးကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ ဇော်မြင့်မောင်သည် စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင် ဖမ်းဆီး ထိန်း သိမ်းခံခဲ့ရပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၊ ရွေး ကောက်ပွဲဆိုင်ရာ ကိစ္စများနှင့်ပတ်သက်သော ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀ (က) စသည်များဖြင့် အမှု ၁၀ ခုထိ တရားစွဲဆိုကာ ထောင်ဒဏ် ၂၉ နှစ်အထိ အမိန့်ချမှတ်ခံထားရသည်။
ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်ခါနီး သတိလစ်မေ့မျောနေချိန် အောက်တိုဘာ ၆ ရက်တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ပေးကြောင်းထုတ်ပြန်ချက်ကို ထောင်အာဏာပိုင်များ လာရောက်ဖတ်ကြားပြခဲ့သည်ဟု မိသားစုနှင့် နီးစပ် သူများက ဆိုသည်။
ဒေါက်တာဇော်မြင့်မောင်သည် ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ် ရှိပြီဖြစ်ကာ NLD ၏ ထိပ်တန်းခေါင်းဆောင် ဒုဥက္ကဋ္ဌ တဦးလည်းဖြစ်ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှစတင်ကာ နိုင်ငံရေးလောကသို့ စတင် ဝင်ရောက်ခဲ့ကာ ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများ၌ ဆက်တိုက်အနိုင်ရရှိခဲ့ပြီးနောက် မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီး ချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
မန္တလေးမြို့ အတွက် ကိုယ်စွမ်းစိတ်စွမ်းရှိသလောက် လုပ်ဆောင်ပေးခဲ့သူ မန္တလေးမြို့ကို ချစ်သည့် မန္တလေးမြို့ခံများက ချစ်ခင်လေးစားကြသည့် ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်သွားခြင်းအပေါ် မြန်မာပြည်သူလူထုတရပ်လုံး ယူကျုံးမရ ဝမ်းနည်းကြေကွဲခဲ့ရသလို မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှု သမိုင်းတွင်လည်း အဓိကအခန်းကဏ္ဍ၌ ပါဝင်ခဲ့သူတဦး အဖြစ် မှတ်တမ်းတင်ကျန်နေခဲ့တော့မည် ဖြစ်သည်။ ။
You may also like these stories:
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဘဝကောက်ကြောင်း
ဒေါက်တာဇော်မြင့်မောင် အဂတိမှုများဖြင့် ထောင် ၂၁ နှစ် ထပ်မံချခံရ
NLD ခေါင်းဆောင် ဒေါက်တာ ဇော်မြင့်မောင် မန္တလေးဆေးရုံတက်ရ
စစ်ကောင်စီ ဖမ်းဆီး စွပ်စွဲ ထောင်ချထားသည့် NLD အစိုးရ အဖွဲ့ဝင်များ
ဒေါက်တာ ဇော်မြင့်မောင် မျက်စိခွဲစိတ်မည်ဖြစ်၍ ရုံးချိန်းများ ရွှေ့ဆိုင်း
အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အောက်ခြေ လွတ်သွားပြီဟု အာဏာရ ပါတီ ပြော
“စတုတ္ထမဏ္ဍိုင် မရှိဘူး” ဟု မန်းဝန်ကြီးချုပ် သတင်းသမားများကို စိန်ခေါ်













