မြန်မာစစ်ကောင်စီသည် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ပြီး တော်လှန်ရေးအင်အားစုများ လက်နက်ချကာ ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲများတွင် ပါဝင်ရန် တိုက်တွန်းသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းမှုဟု အမည်ပေးထားသည့် ထိုကြေညာချက်ကြောင့် ရှုပ်ထွေးမှုများဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးအရ အဖြေရှာဆွေးနွေးရန် မေတ္တာရပ်ခံခြင်းဖြစ်သည်ဟု ထင်ရှားကျော်ကြားသော နိုင်ငံတကာ မီဒီယာများ အပါအဝင် အချို့သူများက မှားယွင်းစွာ ဖွင့်ဆိုကြသည်။
လက်တွေ့တွင် စစ်ကောင်စီပေးလိုသည့် သတင်းစကားမှာ ရှင်းလင်းလှသည်။ စစ်ကောင်စီသည် ဖျက်သိမ်းထားပြီးဖြစ်သည့် ၂၀၀၈ အခြေခံဥပဒေအောက်တွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားပြီး တော်လှန်ရေးအင်အားစုများ လက်နက်ဖျက်သိမ်းကာ နိုင်ငံရေးပါတီများထောင်ပြီး ထိုရွေးကောက်ပွဲများတွင် ပါဝင်ရန် တောင်းဆိုခြင်း ဖြစ်သည်။
နိုင်ငံရေးဆွေးနွေးပွဲသို့ မဖိတ်ခေါ်ဘဲ မရိုးသားသည့် ရွေးကောက်ပွဲတွင် ပါဝင်ရန် တောင်းဆိုခြင်းသည် ဆွေးနွေးပွဲကို ရှောင်ရှားရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သော သေနင်္ဂဗျူဟာ ဖြစ်သည်။ ထိုသေနင်္ဂဗျူဟာသည် ဗိုလ်ချုပ်များ အကျွမ်းတဝင်ရှိသည့် နည်းလမ်းဖြစ်သော်လည်း ယခုတကြိမ်တွင်မူ အားလုံးအကျုံးဝင်သည့် ရွေးကောက်ပွဲများဖြစ်သည်ဟု တရုတ်နှင့် အယုံလွယ်သော အိမ်နီးချင်းများအကြား ပုံရိပ်ထူထောင်ရန် ဖြစ်ပုံရသည်။
နိုင်ငံရေးဆွေးနွေးပွဲသို့ မဖိတ်ခေါ်ဘဲ မရိုးသားသည့် ရွေးကောက်ပွဲတွင် ပါဝင်ရန် တောင်းဆိုခြင်းသည် ဆွေးနွေးပွဲကို ရှောင်ရှားရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သော သေနင်္ဂဗျူဟာ ဖြစ်သည်။ ထိုသေနင်္ဂဗျူဟာသည် ဗိုလ်ချုပ်များ အကျွမ်းတဝင်ရှိသည့် နည်းလမ်းဖြစ်သော်လည်း ယခုတကြိမ်တွင်မူ အားလုံးအကျုံးဝင်သည့် ရွေးကောက်ပွဲများဖြစ်သည်ဟု တရုတ်နှင့် အယုံလွယ်သော အိမ်နီးချင်းများအကြား ပုံရိပ်ထူထောင်ရန် ဖြစ်ပုံရသည်။
ထို့ပြင် ထိုကြေညာချက်သည် တရားဝင် အတိုက်အခံများကို အယုံအကြည် ကင်းမဲ့အောင် ကြိုးစားပြီး ရွေးကောက်ပွဲတွင် ပါဝင်ရန် ငြင်းဆန်ခြင်းသည် တည်ငြိမ်မှုအတွက် အတားအဆီးဖြစ်စေသည်ဟု မြင်အောင် လုပ်ဆောင်ခြင်း ဖြစ်သည်။ သို့သော် ထိုသေနင်္ဂဗျူဟာသည် ပဋိပက္ခ ပိုမိုမြင့်မားလာခြင်းကိုသာ ဦးတည်စေနိုင်ဖွယ်ရှိသည်။
ကြေညာချက် အများအပြား ထုတ်ပြန်
စက်တင်ဘာလ ၂၆ ရက်နေ့ မတိုင်မီတွင် စစ်ကောင်စီသည် အခြားကြေညာချက် သုံးစောင် ထုတ်ပြန်ပြီး အခြေခံအားဖြင့် တရုတ်နိုင်ငံကို မျက်နှာချိုသွေးရန် ဖြစ်သည်။ ထိုကြေညာချက်များအနက် တခုကို မြန်မာပြည်သူများ၏ မိတ်ဆွေမှန် တရုတ်ဟု အမည်ပေးထားပြီး စစ်ကောင်စီကို ထောက်ခံသောကြောင့် တရုတ်ကို ချီးကျူးပြီး နိုင်ငံကိုဖျက်ဆီးရန် ကြိုးစားနေသည်ဟု စစ်ကောင်စီက စွပ်စွဲထားသည့် တော်လှန်ရေးအင်အားစုများကို ထောက်ခံခြင်းအတွက် အမေရိကန် ပြည်ထောင်စုကို အပြစ်တင်သည်။
သြဂုတ်လ ၃ ရက်နေ့က လားရှိုးကို တော်လှန်ရေးအင်အားစုများလက်သို့ ဆုံးရှုံးခြင်းသည် နေပြည်တော်တွင် ဝိုင်းပတ်ခံနေရသော စစ်ကောင်စီအတွက် ပြင်းထန်သော ထိုးနှက်ချက်ဖြစ်ပြီး အခိုင်မာဆုံး မဟာမိတ်များအကြားတွင်ပင် ယုံကြည်မှုနှင့် ထောက်ခံမှု ဆုံးရှုံးစေသည်။ ထိုဆုံးရှုံးမှုသည် စစ်ကောင်စီ တပ်မှူးများနှင့် တပ်သားများအကြား အများအပြားကို စိတ်ဓာတ်ကျဆင်းစေသည်။ ထိုအခြေအနေကို ပိုမိုဆိုးရွားစေသည်မှာ စစ်ကောင်စီသည် ပြင်းထန်သော စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်ရပြီး နေပြည်တော်တွင် တပ်တွင်းအာဏာသိမ်းမှု ကောလာဟလများ ပျံ့နှံ့နေသည်။

ထိုသို့သော ဖရိုဖရဲအခြေအနေတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ သြဂုတ်လ ၁၄ ရက်နေ့က လာရောက်ခြင်းသည် စစ်ကောင်စီ အသက်ဆက်နိုင်အောင် ကူညီလိုက်ခြင်း ဖြစ်ပုံရသည်။ စစ်ကောင်စီသည် စိတ်ဓာတ်နှင့် ယုံကြည်မှု ပြန်လည်ထိန်းသိမ်းရန် အားထုတ်သည့်အနေဖြင့် ဝမ်ယိနှင့် စစ်ကောင်စီခေါင်းဆောင်၊ ထိပ်တန်းတပ်မှူးများ တွေ့ဆုံသည့် ဗီဒီယိုများကို ဖြန့်ချိခဲ့သည်ဟု တပ်တွင်းသတင်းရင်းမြစ်များက ပြောသည်။ ထိုခရီးစဉ်သည် ကမ္ဘာ့ဇာတ်ခုံတွင် တရုတ်၏ထောက်ခံမှုကို ပြသသည်ဟု စစ်ကောင်စီက ပုံဖော်သည်။
သို့သော် ထိုသို့သော စိတ်ဓာတ်မြှင့်တင်မှုဟု ယူဆရသည့် အနေအထားရှိသော်လည်း ဆုံးရှုံးသွားသော ပိုင်နက်နယ်မြေများကို ပြန်လည်ရယူရန် ထိရောက်သော တန်ပြန်ထိုးစစ် ပြုလုပ်နိုင်သည့် စစ်တပ်၏စွမ်းရည်ကို လွန်စွာ သံသယဖြစ်စရာကောင်းနေဆဲ ဖြစ်သည်။ ထိုယုံကြည်မှုသစ်ဖြင့် ၎င်းတို့လုပ်နိုင်သည့် ကိစ္စမှာ တော်လှန်ရေးအင်အားစု ထိန်းချုပ်ဒေသများကို လေကြောင်းမှ ပိုမိုတိုက်ခိုက်မှုများဖြင့် အကြောက်တရားစစ်ဆင်ရေး တိုးမြှင့်ခြင်းသာဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အရပ်သားပြည်သူများကို အထူးသဖြင့် ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ပြီး လူမှုအသိုက်အဝန်းများအကြား အကြောက်တရား ထည့်သွင်းရန် ညွှန်ကြားထားသည်ဟု တပ်တွင်းမှ ယုံကြည်ရသော သတင်းရင်းမြစ်များက ဖော်ပြသည်။ “လေယာဉ်သံကြားတာနဲ့ကို သူတို့တွေ ကြောက်နေစေရမယ်” ဟု ပြောကြောင်း အဆိုပါ သတင်းရင်းမြစ်တဦးက ပြောသည်။
မစ္စတာ ဝမ်ယိ၏ ခရီးစဉ်နောက်ပိုင်းတွင် စစ်ကောင်စီသည် တော်လှန်ရေးအင်အားစု ထိန်းချုပ်ဒေသများကို လေကြောင်းတိုက်ခိုက်မှု ၃၁၃ ကြိမ် ပြုလုပ်ပြီး အရပ်သားရပ်ကွက်များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားသောကြောင့် အရပ်သားအနည်းဆုံး ၁၈၂ ဦးသေဆုံးပြီး ၂၃၇ ဦး ဒဏ်ရာရသည်။
မစ္စတာ ဝမ်ယိ၏ ခရီးစဉ်နောက်ပိုင်းတွင် စစ်ကောင်စီသည် တော်လှန်ရေးအင်အားစု ထိန်းချုပ်ဒေသများကို လေကြောင်းတိုက်ခိုက်မှု ၃၁၃ ကြိမ် ပြုလုပ်ပြီး အရပ်သားရပ်ကွက်များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားသောကြောင့် အရပ်သားအနည်းဆုံး ၁၈၂ ဦးသေဆုံးပြီး ၂၃၇ ဦး ဒဏ်ရာရသည်။
ထိုသို့ စိတ်ဖိစီးစရာကောင်းသည့် ပကတိအခြေအနေသည် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းသို့ ပြတ်ပြတ်သားသား သတိပေးလိုက်ခြင်းပင်ဖြစ်သည်။ နေပြည်တော်မှ ဗိုလ်ချုပ်များနှင့် ထိတွေ့ဆက်ဆံခြင်းသည် တည်ငြိမ်မှုကို အားမပေး၊ နိုင်ငံရေးအဖြေသို့ ဦးမတည်ကြောင်း သတိပေးလိုက်ခြင်းပင် ဖြစ်သည်။ ထို့ပြင် ထိုသို့ ထိတွေ့ဆက်ဆံခြင်းသည် စစ်ကောင်စီကို ပိုမိုအတင့်ရဲစေကာ အပြစ်မဲ့အရပ်သားများကို ပိုမို အကြမ်းဖက်စေမည်ဟုလည်း သတိပေးနေသည်။
ရွေးကောက်ပွဲကို ပယ်ချခဲ့သူ၏ နောက်ထပ် ရွေးကောက်ပွဲ
သူ၏ခရီးစဉ်အတွင်း မစ္စတာ ဝမ်ယိက အားလုံးအကျုံးဝင်သော ရွေးကောက်ပွဲလုပ်ရန် စစ်ခေါင်းဆောင်ကို တိုက်တွန်းပြီး သန်းခေါင်စာရင်းနှင့် ရွေးကောက်ပွဲများအတွက် ထောက်ခံမည်ဟု ကတိပြုသည်။ ထိုတိုက်တွန်းမှုသည် တော်လှန်ရေးအင်အားစုများ ရွေးကောက်ပွဲတွင် ပါဝင်ရေးအတွက် အခြေခံဖြစ်သည်။
သို့သော် ထိုသို့တောင်းဆိုခြင်းသည် လက်တွေ့မကျဘဲ အဓိပ္ပာယ်ပြည့်ဝသည့် မည်သည်ရလဒ်မှ ဖြစ်မလာနိုင်ကြောင်း ဗိုလ်ချုပ်များ သိသည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ ရှင်းလင်းသည်။ စစ်ကောင်စီသည် မြန်မာပဋိပက္ခမှ ထွက်လမ်းရှာဖွေရာတွင် သဘောရိုးဖြင့် ပူးပေါင်းဆောင်ရွက်သည်၊ တော်လှန်ရေးအင်အားစုများသည် ထိုလမ်းကြောင်းတွင် အတားအဆီး ဖြစ်သည်ဟု နိုင်ငံတကာအသိုက်အဝန်းက မြင်စေရန် ဖြစ်သည်။
မဲပေးခွင့်ရှိသူ ၃၇ သန်း၏ ၇၀ ရာခိုင်နှုန်း မဲပေးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများ၏ တရားဝင်ရလဒ်ကို စစ်တပ်က ပယ်ချပြီး စစ်အာဏာသိမ်းခြင်းကို တုံ့ပြန်သည့်အနေဖြင့် တော်လှန်ရေးလှုပ်ရှားမှု ပေါ်ပေါက်လာသည်။ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များကို စစ်ကောင်စီက ထောင်ချပြီး ထိုရွေးကောက်ပွဲရလဒ်ကို ထောက်ခံသည့် ပါတီဝင်များနှင့် အပြစ်မဲ့ အရပ်သားများကို သတ်ဖြတ်သည်။
စစ်အုပ်ချုပ်ရေး သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီသည် အရပ်သားများကို မခွဲမခြား သိမ်းကြုံးသတ်ဖြတ်ခြင်း၊ မီးရှို့ခြင်း၊ ခေါင်းဖြတ်ခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြတ်တောက်ခြင်း၊ ရွာမီးရှို့ခြင်းစသည့် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများနှင့် လေကြောင်းမှ ကျယ်ကျယ်ပြန့်ပြန့် ဗုံးကြဲခြင်းတို့ဖြင့် အကြောက်တရား ဖြစ်စေသည့် စစ်ဆင်ရေးများ ပြုလုပ်သည်။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် စစ်တပ်သည် မဖြစ်စလောက်ရှိသော နိုင်ငံရေးထောက်ခံမှု ဆုံးရှုံးပြီး ယခုအခါ မြန်မာမှ မတည်ငြိမ်မှု၏ အဓိကတရားခံအဖြစ် ပြည်သူလူထုက သတ်မှတ်ထားပြီးဖြစ်သည်။
စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကို ခံစားရသည့် ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများသည် ၎င်းတို့မုန်းတီးသည့် စစ်ကောင်စီက ဦးဆောင်သော မရိုးသားသည့် ရွေးကောက်ပွဲကို လက်ခံမည် မဟုတ်ပေ။ စစ်ဗိုလ်ချုပ်များကလည်း ၎င်းတို့အာဏာ ချုပ်ကိုင်မှုကို ခြိမ်းခြောက်သော ရွေးကောက်ပွဲများအား ပယ်ချသည့် ရှည်လျားသော သမိုင်းကြောင်းရှိသူများ ဖြစ်ကြသည်။

၎င်းတို့သည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်များကိုသာ ပယ်ချခဲ့သည် မဟုတ်ဘဲ ၁၉၉၀ ရွေးကောက်ပွဲရလဒ်များကိုလည်း ပယ်ချကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး မဲလိမ်ခဲ့ကြသည်။ ရွေးကောက်ပွဲများသည် ပြည်သူများက ၎င်းတို့လိုလားသည့် အစိုးရကို ရွေးချယ်လိုသည့် ဆန္ဒအား စစ်မှန်သော ဖော်ပြချက်မဟုတ်ဘဲ စစ်တပ်က အာဏာချုပ်ကိုင်မှု ထိန်းသိမ်းရေးအတွက် နိုင်ငံရေး အရေခြုံဟန်ဆောင်မှုသာ ဖြစ်သည်ဟု စစ်ကောင်စီက ယူဆသည်။ ပြည်သူများသည် ထိုစနစ်ကို လက်မခံတော့ပေ။
စစ်ကောင်စီက စီစဉ်နေသည့် ရွေးကောက်ပွဲများသည် အရိပ်မည်းထိုးနေသော အတိတ်နိုင်ငံရေးသို့ ပြန်သွားမည့် ရှေ့ပြေး နိမိတ်ဖြစ်ကြောင်း မြန်မာပြည်သူများက ၎င်းတို့၏ ခါးသီးသောအတွေ့အကြုံများ၏ နက်ရှိုင်းမှုများမှတဆင့် သိသည်။
စစ်ကောင်စီက စီစဉ်နေသည့် ရွေးကောက်ပွဲများသည် အရိပ်မည်းထိုးနေသော အတိတ်နိုင်ငံရေးသို့ ပြန်သွားမည့် ရှေ့ပြေး နိမိတ်ဖြစ်ကြောင်း မြန်မာပြည်သူများက ၎င်းတို့၏ ခါးသီးသောအတွေ့အကြုံများ၏ နက်ရှိုင်းမှုများမှတဆင့် သိသည်။ ထိုနိုင်ငံရေးအတိတ်တွင် စစ်တပ်က အာဏာကို ခေါင်းမာစွာ ဆုပ်ကိုင်ထားခြင်းသည် မဆုံးနိုင်သည့် မတည်ငြိမ်မှုများ၊ လူမှုအသိုက်အဝန်းများ အစိတ်စိတ်အမွှာမွှာပြိုကွဲမှု၊ ဆန့်ကျင်တော်လှန်မှုများ၊ သွေးချောင်စီးမှုနှင့် အာဏာသိမ်းမှုများ သံသရာကို မွေးဖွားပေးနေကြောင်း ပြည်သူများ သိသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ရွေးကောက်ပွဲများတွင် ပါဝင်ရန် စစ်ကောင်စီက တောင်းဆိုခြင်းသည် နိုင်ငံတကာအသိုက်ဝန်းကို လှည့်စားရန် ရည်ရွယ်သည့် နိုင်ငံရေးပရိယာယ်မျှသာ ဖြစ်သည်။ ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုပြီး ၎င်းတို့၏ နိုင်ငံရေးအနာဂတ်များအတွက် မဆုတ်မနစ် တိုက်ခိုက်နေသည့် EAO များသည် စစ်တပ်က ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သည့်အခါကမှ အသိအမှတ်မပြုခဲ့ပေ။
ထို့ကြောင့် ၂၀၁၀ ပြည့်နှစ် နိုင်ငံရေးဖွင့်ပေးသည့်နောက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ၏ အကန့်အသတ်များကို ကျော်လွန်သည့် နိုင်ငံရေးအဖြေရှာရန် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပေါ်ပေါက်လာသည်။ သို့သော် စစ်ကောင်စီကိုယ်တိုင်ကပင် ၎င်းတို့၏ ကြမ္မာငင်သည့် အာဏာသိမ်းမှုဖြင့် နိုင်ငံရေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကို ရုတ်တရက် အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။
စစ်မှန်သော နိုင်ငံရေးညှိနှိုင်းမှုနှင့် သဘောတူညီမှုမရှိဘဲ စစ်ကောင်စီက EAO များ နိုင်ငံရေးပါတီထောင်ရန်နှင့် ရွေးကောက်ပွဲဝင်ရန် တောင်းဆိုခြင်းသည် အဓိပ္ပာယ်ပြည့်ဝသော မည်သည့်ရလဒ်မှ ဖြစ်ပေါ်လာဖွယ် မရှိပေ။ EAO များသည် အရေးပါသည့် စစ်ရေးအောင်မြင်မှုများရနေပြီး ၎င်းတို့ပိုင်နက်အသီးသီး၏ ၆၀ ရာခိုင်နှုန်းကျော်တွင် စစ်ကောင်စီထိန်းချုပ်မှုကို တွန်းလှန်လိုက်သည့် လက်ရှိအခြေအနေသည် ထိုတောင်းဆိုမှုကို ထပ်မံထိခိုက်စေသည်။ ထိုအခြေအနေသည် မြန်မာနိုင်ငံ မတည်ငြိမ်မှုနှင့် ဒုက္ခများ၏ အခြေခံ အရင်းအမြစ်ဖြစ်သော စစ်တပ်ကို မောင်းထုတ်နိုင်မည့် သမိုင်းတွင်သည့် အခွင့်အလမ်းဖြစ်ပြီး ထိုအခွင့်အလမ်းကို မလွဲချော်နိုင်တော့ပေ။
သို့သော် ထိုသို့ဆိုသောကြောင့် အချို့သတင်းဌာနများ မှားယွင်းစွာ ဖော်ပြနေသကဲ့သို့ တော်လှန်ရေး အင်အားစုများသည် နိုင်ငံရေးဆွေးနွေးပွဲများကို ပယ်ချနေခြင်း မဟုတ်ပေ။ တော်လှန်ရေး အင်အားစုများသည် လက်ရှိအကျပ်အတည်းကို ဖြေရှင်းရေး နိုင်ငံရေး စေ့စပ်ညှိနှိုင်းမှုများလုပ်ရန် စိတ်အားထက်သန်ကြောင်း ဖော်ပြထားပြီးဖြစ်သည်။
သို့သော် ၎င်းတို့သည် အကြမ်းဖက်နိုင်ငံရေးအတိတ်မှ ဖောက်ထွက်ရန် အဓိကကျသည့် ကြိုတင် စည်းကမ်းချက်များ ချမှတ်ထားသည်။ ကြိုတင် စည်းကမ်းသတ်မှတ်ချက်များတွင် စစ်တပ်က နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်များကို ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသည့် အရပ်သားအစိုးရ ထိန်းချုပ်မှုအောက်တွင် ထားရန်၊ ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီတန်ဖိုးများကို ဖော်ပြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပြဋ္ဌာန်းရန်နှင့် ထိုဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အခြေခံသည့် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုသစ် ထူထောင်ရန်တို့ ပါဝင်သည်။
စစ်ဗိုလ်ချုပ်များသည် နိုင်ငံရေးဆွေးနွေးပွဲများတွင် အဓိပ္ပာယ်ရှိရှိ မည်သည့်အခါကမှ ပါဝင်ခြင်း မရှိပေ။ ၎င်းတို့၏ အာဏာကို ထိခိုက်စေသည်ဟုမြင်သည့် အသေးစား အပေးအယူများသည်ပင် ၎င်းတို့အတွက် သည်းမခံနိုင်စရာ ဖြစ်သည်။ ထိုသို့ လုပ်မည့်အစား ၎င်းတို့သည် တော်လှန်ရေးအင်အားစုများ လက်နက်ချပြီး ၎င်းတို့ အာဏာဆက်လက်ချုပ်ကိုင်နိုင်မည့် ကစားပွဲတွင် ပါဝင်စေလိုကြသည်။
နိုင်ငံတကာအသိုက်အဝန်းသည် အရူးလုပ်မခံသင့်ပေ။ စစ်ကောင်စီ၏ ယခုနောက်ဆုံး ထုတ်ပြန်ကြေညာချက်သည် နိုင်ငံရေးညှိနှိုင်းမှုသို့ ဖိတ်ခေါ်ခြင်း မဟုတ်ဘဲ တရားဝင်သည့် ရွေးကောက်ပွဲသို့လည်း ဦးတည်ခြင်း မရှိပေ။ စစ်တပ် လွှမ်းမိုးချုပ်ကိုင်ခြင်းကို ဆက်လက် ရှည်ကြာစေမည့် လက်နက်ချရန် ဖိတ်ခေါ်ခြင်းသာ ဖြစ်သည်။
နိုင်ငံတကာအသိုက်အဝန်းသည် အရူးလုပ်မခံသင့်ပေ။ စစ်ကောင်စီ၏ ယခုနောက်ဆုံး ထုတ်ပြန်ကြေညာချက်သည် နိုင်ငံရေးညှိနှိုင်းမှုသို့ ဖိတ်ခေါ်ခြင်း မဟုတ်ဘဲ တရားဝင်သည့် ရွေးကောက်ပွဲသို့လည်း ဦးတည်ခြင်း မရှိပေ။ စစ်တပ် လွှမ်းမိုးချုပ်ကိုင်ခြင်းကို ဆက်လက် ရှည်ကြာစေမည့် လက်နက်ချရန် ဖိတ်ခေါ်ခြင်းသာ ဖြစ်သည်။
စစ်တပ် လွှမ်းမိုးချုပ်ကိုင်ခြင်းသည် မတည်ငြိမ်မှုကိုသာ ပိုမိုဆိုးရွားစေမည်
စစ်အုပ်စုကပြုလုပ်သော နိုင်ငံရေး အပြောင်းအလဲကို ဦးတည်စေသည့် ၂၀၁၀ ရွေးကောက်ပွဲဖြင့် လှည့်စားခံရပြီး နိုင်ငံတကာအသိုက်အဝန်း အဖွဲ့ဝင်အချို့ အထူးသဖြင့် အိမ်နီချင်းနိုင်ငံများသည် စစ်ကောင်စီ၏ လာမည့်ရွေးကောက်ပွဲအပြီးတွင် အလားတူရလဒ်များ ဖြစ်လာမည်ဟု ရိုးအစွာ မျှော်လင့်နေကြသည်။ သို့သော် ယနေ့နိုင်ငံရေးနှင့် ပဋိပက္ခအခင်းအကျင်းသည် ၂၀၁၀ ပြည့်နှစ်က အခြေအနေနှင့် လွန်စွာကွဲပြားခြားနားသည်။
စစ်တပ်သည် ဆုံးရှုံးမှုအများအပြားကို ရင်ဆိုင်ရပြီး နိုင်ငံတဝန်း ကျယ်ပြန့်သော ပိုင်နက်များကို အပြည့်အဝ မထိန်းချုပ်နိုင်တော့ပေ။ တော်လှန်ရေးအင်အားစုများ အထူးသဖြင့် EAO များသည် အင်အား အလွန်တောင့်တင်းလာပြီး စစ်ကောင်စီက မြို့ကြီးများကို ထိန်းချုပ်မှုအား အပြင်းအထန် ခြိမ်းခြောက်နေကြသည်။

လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခသည် ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကွန်ရက်များကို အပြင်းအထန် ပြတ်တောက်စေပြီး ရှေ့နောက်ညီညွတ်သော ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ မဖြစ်နိုင်သလောက်နီးပါး ဖြစ်သည်။ တနိုင်ငံလုံးမှ ကျယ်ပြန့်သော မလုံခြုံမှုသည် ရွေးကောက်ပွဲ ကျင်းပခြင်းအတွက် လိုအပ်သည့် တည်ငြိမ်သောပတ်ဝန်းကျင်ကို ထိခိုက်စေသည်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်၏ ခြေလှမ်းတိုင်းသည် ပြင်းထန်သော ခုခံဆန့်ကျင်မှုများခံရနိုင်ပြီး အန္တရာယ်များကာ စီမံခန့်ခွဲရန် ခက်ခဲစေသည်။
ထို့ပြင် စစ်တပ်သည် တော်လှန်ရေးအင်အားစုကို မကြာတော့မည့် အနာဂတ်တွင် သို့မဟုတ် ၎င်းတို့ စီစဉ်ထားသည့် ရွေးကောက်ပွဲကာလတွင် ထိန်းချုပ်နိုင်မည့် လက္ခဏာလည်း မရှိပေ။ ထို့ကြောင့် လက်ရှိအချိန်တွင် စစ်ကောင်စီသည် ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ အတုအယောင် ရွေးကောက်ပွဲကိုပင် ကျင်းပရန် အခြေအနေ မရှိပေ။
စစ်ကောင်စီသည် ထိုသို့ဖရိုဖရဲအခြေအနေတွင် ဟိုမရောက်ဒီမရောက် ရွေးကောက်ပွဲများကို တွန်းအားပေးလျှင်ပင် လက်ရှိအကျပ်အတည်းအတွက် အဖြေရမည်မဟုတ်ဘဲ လက်ရှိမတည်ငြိမ်မှုကို ပိုမိုဆိုးရွားစေနိုင်သည်။ နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာတွင် တည်ငြိမ်မှု ပြန်လည်ထိန်းသိမ်းရန် ကြိုးစားရေး လိုအပ်သည်ဟု အပြည့်အဝ ယုံကြည်ပြီး အထူးသဖြင့် စစ်အာဏာသိမ်းမှု၏ မတည်ငြိမ်မှုဖြစ်စေသည့် သက်ရောက်မှုများ ဒေသတခုလုံးတွင် ပဲ့တင်ထပ်နေသောကြောင့် ထိုသို့ယုံကြည်ခြင်း ဖြစ်သည်။
သို့သော် ၎င်းတို့သည် နိုင်ငံရေးထောက်ခံမှုမရှိသော လူမျိုးတုံးသတ်ဖြတ်သည့် အာဏာရှင်စနစ်အား ယုံကြည်လိုသည့်စိတ်ကို ဆန့်ကျင် တွန်းလှန်ရမည်ဖြစ်သည်။ ထိုသို့မလုပ်ပါက မစ္စတာ ဝမ်ယိ၏ မကြာသေးမီက ခရီးစဉ်အပြီး မိမိတို့တွေရသည့် အပြစ်မဲ့အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ပိုမိုဖြစ်ပွားစေမည်ဖြစ်သည်။ အလားတူစွာပင် စစ်ကောင်စီ၏ ရွေးကောက်ပွဲအတုအယောင်ကို ထောက်ခံခြင်းသည် အကြမ်းဖက်မှုကိုသာ ပိုမိုမြင့်မားစေပြီး စစ်ပွဲကိုရှည်ကြာစေကာ မြန်မာပြည်သူများ၏ ဒုက္ခကို ပိုမိုနက်ရှိုင်းစေမည် ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ရဲမျိုးဟိန်း၏ A Rigged Game: The Regime’s Manipulative Call for Participation in Elections ကို ဘာသာပြန်သည်။ ရဲမျိုးဟိန်းသည် အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) နှင့် ဝီလ်ဆင်စင်တာမှ သုတေသီဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီ အသက်ဆက်ဖို့ တရုတ်ကို အားထားနေရပြီ
စစ်ကောင်စီတပ်၏ ခံနိုင်ရည်ကို ဆန်းစစ်ခြင်း
အာဏာကို ရသလောက် ကုပ်တွယ်ဖို့ မင်းအောင်လှိုင် ဘာမဆိုလုပ်မယ်
မြန်မာပြည် လက်နက်ကိုင်တိုက်ပွဲအတွင်းမှ လက်တွေ့ရလဒ်များ
မြန်မာကို ကယ်ဖို့ ကုလသမဂ္ဂ အကြီးအကဲ သတ္တိရှိရဲ့လား