ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်လျှော့ပေါ့ပြီး ထောင်အချုပ်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းလိုက်သည်ဆိုသည့် မကြာသေးမီက သတင်းကို မြန်မာမှ အသက် ၃၀ ကျော်သူ မည်သူမဆိုသည် ယခင်က ဖြစ်ဖူးသည့် စိတ်မချမ်းမြေ့စရာဖြစ်စဉ် နောက်တကြိမ် ထပ်ဖြစ်သည်ဟု ယူဆမည် ဖြစ်သည်။
နိုင်ငံခြားသားများ (လစာကောင်းကောင်းရသည့် အကောင်းမြင်ဝါဒလှိုင်း အသွင်ကူးပြောင်းရေးကာလ အစေအပါးများ မဟုတ်ဘဲ) အနည်းဆုံး ၂၀၁၁ ခုနှစ် မတိုင်မီက မြန်မာတွင် လုပ်ကိုင်ဖူးသူများအတွက်လည်း အထက်ပါ ဖြစ်ရပ်သည် ယခင်ကြုံခဲ့ဖူးသည့် စစ်အုပ်စု ပရိယာယ်သာ ဖြစ်သည်။
ကျွမ်းကျင်မှုမရှိသော အာဏာရှင် အုပ်ချုပ်ရေးအောက်တွင် နိုင်ငံတကာနှင့် ပြည်သူများကို အာရုံလွှဲရန်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်တွင် အဖမ်းခံရခြင်းနှင့် စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်လပ်ခြင်းအကြား ကူးသန်းနေရသည်မှာ ဆယ်စုနှစ် နှစ်ခုကြာပြီး ထိုအာဏာရှင်များက စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ ပုံသေနည်းကို ဖော်ထုတ်နိုင်သည်အထိ ဖြစ်သည်။ ထိုစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲနိုင်ပြီး အုပ်ချုပ်ခဲ့ပုံရသော်လည်း စစ်တပ်က အာဏာအများစုကို ချုပ်ကိုင်ထားသည်။
စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲနိုင်ပြီး အုပ်ချုပ်ခဲ့ပုံရသော်လည်း စစ်တပ်က အာဏာအများစုကို ချုပ်ကိုင်ထားသည်။
ယခု ထောင်ဒဏ်လျှော့ပေါ့ပြီးနောက် နိုင်ငံတကာမီဒီယာတွင် မလွှဲသာ မရှောင်သာသည့် လှုပ်ခတ်မှုများ ရှိသော်လည်း ထိုလှုပ်ခတ်မှုများ သက်ဆိုးမရှည်ပေ။ ထိုဖြစ်ရပ်သည် လုံးဝအရေးမပါသည့် စိတ်ပျက်စရာဖြစ်ရပ်သာ ဖြစ်သည်။
တရားမဝင် ရေဒီယိုစက် ပိုင်ဆိုင်သည်ဟု ဆိုခြင်းမှသည် အဂတိလိုက်စားမှုဟုဆိုသည့် ကိစ္စများကြောင့် ဖြစ်ပေါ်လာသော ကျိုးကြောင်း ဆီလျော်မှုကင်းမဲ့သည့် စွဲချက်များတင်ပြီးနောက် လျှို့ဝှက်တရားခွင် အများအပြားတွင် စစ်ဆေးခံရပြီး ဒေါ်အောင်ဆန်းစုကြည်သည် လူမြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ၏ ကျယ်ပြန့်သော အစိတ်အပိုင်းများ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနှင့် စစ်တပ်ဖိနှိပ်မှုကို လက်နက်ကိုင် ပုန်ကန်နေကြသည်။
အာဏာသိမ်း ဖြုတ်ချခံရသော သမ္မတ ဦးဝင်းမြင့်၏ ထောင်ဒဏ်ကို နှစ်နှစ်သာလျှော့ချပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် ထောင်ဒဏ် ၃၃ နှစ်ကို ၂၇ သို့သာ လျှော့ချသည်။
ထိုသို့ ထောင်ဒဏ်မလျှော့ပေါ့မီ တရက်အလိုတွင် အာဏာသိမ်း စစ်ကောင်စီသည် အရေးပေါ်အခြေအနေကို နောက်ထပ် ခြောက်လ သက်တမ်းတိုးပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုကို သက်ဆိုးရှည်စေသည်။
ထိုသို့ သက်တမ်းတိုးသည့် အထိမ်းအမှတ်နှင့် ဗုဒ္ဓဘာသာ ဝါတွင်းကာလအစ ဘာသာရေးကိုင်းရှိုင်းမှု အရေခြုံပြီး ကမ္ဘာ့အမြင့်ဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ခြင်းနှင့် ဆင်ဖြူငယ် အထိမ်းအမှတ်အဖြစ် အကျဉ်းသားအများအပြားကို လွှတ်ပေးခဲ့သည်။ သို့သော် ထိုပြစ်ဒဏ်ကင်းလွတ်ခွင့်အတွင်း တနိုင်ငံလုံးမှ နိုင်ငံရေးအကျဉ်းသား ၁၉,၇၂၉ ဦးအနက် ၉၂ ဦးသာ လွတ်မြောက်သည်ဟု အတည်ပြုနိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောသည်။
ထိုသို့ အနှစ်သာရကင်းမဲ့သော နိုင်ငံရေးလိုက်လျောမှုက ပြည်တွင်းစစ်သည် ဗဟိုနိုင်ငံတော်အာဏာကို တိုက်စားနေသောကြောင့် စစ်ကောင်စီလမ်းကြောင်း ပြောင်းရကြောင်း ပြသနေသော်လည်း စိတ်မပါလက်မပါ အလျှော့ပေးခြင်းဖြစ်သည်။
အနှစ်သာရကင်းမဲ့သော နိုင်ငံရေးလိုက်လျောမှုက ပြည်တွင်းစစ်သည် ဗဟိုနိုင်ငံတော်အာဏာကို တိုက်စားနေသောကြောင့် စစ်ကောင်စီလမ်းကြောင်း ပြောင်းရကြောင်း ပြသနေသော်လည်း စိတ်မပါလက်မပါ အလျှော့ပေးခြင်းဖြစ်သည်။
မကြာမီ ဝန်ကြီးအဖွဲ့ အကြီးအကျယ် ပြောင်းလဲမှု လုပ်သည်။ ထိုသို့လုပ်ခြင်းသည် စစ်တပ်နှင့် အရပ်သား အုပ်ချုပ်ရေးယန္တရားအတွင်း အလုပ်မဖြစ်ကြောင်း ပြသခြင်း ဖြစ်နိုင်သလို သာမန်အပြောင်းအလဲ လုပ်ခြင်းလည်း ဖြစ်နိုင်ပြီး ဘေဂျင်းက တွန်းအားပေးသောကြောင့် သို့မဟုတ် လာရောက်လည်ပတ်သော ဒေသတွင်း သံတမန်များ အကြံပေးခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ထိုလုပ်ရပ်များ အားလုံးသည် ဖန်တရာတေနေသည့် သရုပ်ခွဲလေ့လာမှု အများအပြားက ဖော်ပြသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ဝှက်ဖဲကို ထုတ်သုံးခြင်း ဖြစ်ပါသလား။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှု မေးခွန်းထုတ်စရာ ဖြစ်နေ
ယခုအခါ မြန်မာနိုင်ငံသည် သိသိသာသာ ပြောင်းလဲသွားသော နိုင်ငံဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်းပုန်ကန်မှုကို ရပ်တန့်သွားအောင် သို့မဟုတ် အနည်းဆုံး ထပ်မံသွေးခွဲပြီး ကြားဝင်ညှိနှိုင်းသည့် ဖြေရှင်းမှု ပုံစံတခုခုတွင် ပါဝင်ကာ ဆွေးနွေးဘက် လုပ်မည့် အများလက်ခံသည့်သူဟု စစ်ကောင်စီက မည်သည့် အတိုင်းအတာအထိ မြင်သနည်း။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာဖိအားကို တန်ပြန်ရန် အောင်မြင်ဖွယ်ရှိသည့် အများလက်ခံသူ ဖြစ်ပါသလား။ ခေါင်းဆောင်တဦးအနေဖြင့် ပြည်တွင်း ပရိသတ်နှင့် ကမ္ဘာတွင် မည်မျှလူကြိုက်များမှု ရှိသနည်း။
စစ်တပ်တွင်း စဉ်းစားတွေးခေါ်မှု ခိုင်မာသော အထောက်အထားသည် မြန်မာတွင် တွေ့ရန်ခက်ခဲသော အရည်အသွေး ဖြစ်သည်။ မြန်မာတွင် “ကရင်မလင်ဗေဒ” (Kremlinology) ခန့်မှန်းပြောဆိုမှုများသာ လွှမ်းမိုးနေသည်။ “စစ်ကောင်စီဗေဒ” (SACology) နှင့် “စုဗေဒ” (Suuology) ကို အစားထိုး စဉ်းစားကြည့်ပါ။
၂၀၂၀ ရွေးကောက်ပွဲက အထင်အရှားပြသခဲ့သည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်းတွင် ရိုသေလေးစားမှုနှင့် မျှော်မှန်းချက် နက်ရှိုင်းကြီးကျယ်စွာ ခံစားရသည်ကို သံသယဖြစ်ရန် မလိုပေ။ သို့သော် သူသည်လည်း နိုင်ငံရေးခြေလှမ်းမှားသော ဆယ်စုနှစ်တခုရှိခဲ့ပြီး နိုင်ငံတွင်းတွင် ရန်သူအင်အားစု အများအပြား ပေါ်ပေါက်လာအောင် လုပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သာမန်ပြည်သူများအကြား လူကြိုက်များမှု ရှိနိုင်သော်လည်း သူသည် တိုင်းရင်းသား နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များ၊ လူမှုအခြေပြုအဖွဲ့စည်း၊ မီဒီယာနှင့် လူငယ်အများအပြားအကြား ခွဲခြားရန် လုပ်ဆောင်ခဲ့သည်။ ထိုသူများအနက် အချို့သည် အနှစ်သာရအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ခန့်အပ်သော ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး လုပ်နေခြင်း မဟုတ်ဘဲ မြန်မာ့လူ့အဖွဲ့အစည်းကို အကြီးအကျယ် ပြုပြင်ပြောင်းလဲလိုသည့် ဘက်ပေါင်းစုံသော တော်လှန်ရေးကို ဦးဆောင်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သာမန်ပြည်သူများအကြား လူကြိုက်များမှု ရှိနိုင်သော်လည်း သူသည် တိုင်းရင်းသား နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များ၊ လူမှုအခြေပြုအဖွဲ့စည်း၊ မီဒီယာနှင့် လူငယ်အများအပြားအကြား ခွဲခြားရန် လုပ်ဆောင်ခဲ့သည်။
အာဏာသိမ်းသည့် နံနက်တွင် အဖမ်းခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီက အရပ်သား ရာပေါင်းများစွာကို အသေဖိနှိပ်၊ သတ်ဖြတ်မှု စတင်မပြုလုပ်မီက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး မြူးကြွသော ဆန္ဒပြပွဲများနှင့် ဆက်သွယ်ခွင့် မရပေ။
ယခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန် စစ်ဇာတ်သွင်းခြင်း၊ အထူးသဖြင့် လူငယ်မျိုးဆက်တခုကို စစ်ဇာတ်သွင်းခြင်းကို ဒေါ်အောင်ဆန်းစုကြည် မည်သို့တုံ့ပြန်မည်ကို ရှင်းရှင်းလင်းလင်း မသိရပါ။ ထောက်ခံအားပေးသည်လား သို့မဟုတ် ရှုတ်ချပစ်ပယ်သည်လား။ သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သူ့ကို အပြည့်အဝ ထောက်ခံမည်လား။
ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် နေအိမ်အကျယ်ချုပ်မှ တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်လိုက်ပါက ရာပေါင်းများစွာသော ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) အနက်အချို့ကို ကွပ်ကဲနေသည့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အန္တရာယ် ကျရောက်သွားနိုင်သည်။
ဝန်ကြီးအဖွဲ့ အပြောင်းအလဲ၏ တစိတ်တပိုင်းအဖြစ် အာဖရိက အာဏာရှင်ဆန်ဆန် သူ့ကိုယ်သူ ဝန်ကြီးချုပ်ခန့်သော အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် သူ၏ မျိုးဆက်မှ မဟာအတွေးအခေါ်သမားများအနက် တဦးဟု မှတ်တမ်းဝင်မည့်သူ မဟုတ်ပေ။
သူ၏သိသိသာသာ ကျွမ်းကျင်မှုကင်းမဲ့ခြင်းနှင့် ခုခံတော်လှန်ရေးကို အလွန်ပြင်းထန်သော အကြမ်းဖက်မှုဖြင့် ဖိနှိပ်ခြင်းသည် ယခင် အာဏာရှင် သန်းရွှေကို အမှတ်ရစရာ ဖြစ်စေသည်။ ဦးသန်းရွှေသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သဘောတူညီမှုရယူ အသွင်ကူးပြောင်းခြင်းကို အဓိက ပုံဖော်သူဖြစ်သည်။
မင်းအောင်လှိုင်သည် ထို ငြိမ်းချမ်းသော ပြည်တွင်းပြောင်းလဲခြင်းအမွေကို မှောက်လှန်ပစ်ခဲ့သည်။ တရုတ်တို့သည် အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် သူခန့်ခဲ့သည့် သမ္မတဟောင်း ဦးသိန်းစိန်တို့နှင့် ဆွေးနွေးနေသည်ဆိုသည့် ကောလာဟလ ပျံ့နှံ့နေသည်မှာ လပေါင်းများစွာ ကြာပြီးဖြစ်သော်လည်း ထိုသတင်းသည် နေပြည်တော် ကောလာဟလသာ ဖြစ်နိုင်သည်။
ဦးသန်းရွှေသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သဘောတူညီမှုရယူ အသွင်ကူးပြောင်းခြင်းကို အဓိက ပုံဖော်သူဖြစ်သည်။ မင်းအောင်လှိုင်သည် ထို ငြိမ်းချမ်းသော ပြည်တွင်းပြောင်းလဲခြင်းအမွေကို မှောက်လှန်ပစ်ခဲ့သည်။
စစ်ကောင်စီကို ၎င်း၏ ကိုယ်ပိုင်စိတ်ကူးများကသာ ဒုက္ခပေးသည် မဟုတ်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ပြင်ဆင်မှုမှာ ဖိနှိပ်သတ်ဖြတ်ခြင်းကို ပြန်လည် ပြုလုပ်ခြင်းဖြစ်ပြီး ထိုလုပ်ရပ်များသည် ၁၉၈၈ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) နှင့် ၎င်း၏ အပေါ်ယံအပြောင်းအလဲ ဆက်ခံသူ နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီ (နအဖ) တို့၏ လုပ်ရပ်များသာ ဖြစ်သည်။
သို့သော် ဆုံးဖြတ်ချက်ချခြင်းသည် သိသိသာသာ နှေးကွေးကြောင်း ပိုမိုထင်ရှားလာနေပုံရသည်။ အမြီးကို ပစ်ခတ်ခံရသည့် ကြီးမားလှသော စတက်ဂိုဆောရပ် ဒိုင်နိုင်ဆောနှင့်တူပြီး ထိုပစ်ခတ်ခံရသည့်ဒဏ်၏ နာကျင်မှုကို သစ်ကြားသီးအရွယ်ရှိ ဦးနှောက်က သိရန် မိနစ်အတန်ငယ် ကြာသကဲ့သို့ ဖြစ်နေသည်။ စစ်အာဏာသိမ်းခြင်းသည် ညံ့ဖျင်းလှသော စိတ်ကူးဖြစ်လျှင် စစ်ကောင်စီက ကျယ်ပြန့်လှသော ဆန့်ကျင်မှုများနှင့် လက်နက်ကိုင်ပုန်ကန်မှုကို တုံ့ပြန်ပုံမှာ ပို၍ပင် ညံ့ဖျင်းသည်ဟု ဆိုရမည်။
ဒေါ်အောင်ဆန်းစုကြည်က မည်သည့် ညှိနှိုင်းဖြေရှင်းမှုတွင်မဆို စစ်ကောင်စီနှင့် ပူးပေါင်းသည့်ဘက်သို့ လိုက်လျှင်ပင် မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည်ကို ထိထိရောက်ရောက် အသုံးချရန် နိုင်ငံရေး ထိုးထွင်းသိမြင်မှု ရှိ၊ မရှိ ရှင်းလင်းစွာ မသိရပေ။ ညှိနှိုင်းဖြေရှင်းမှုတွင် ပူးပေါင်းဆောင်ရွက်ခြင်း ဆိုသည်မှာ ‘စုဗေဒ’ ၏ အဓိက မေးခွန်းဖြစ်နေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဆယ်စုနှစ် နှစ်ခုကြာ ရရှိခဲ့သည့် နိုင်ငံတကာ ချီးကျူးပြောဆိုမှုမျိုး ပြန်လည် ရရှိတော့မည် မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းတွင် နေအိမ်အကျယ်ချုပ်မှ ထွက်လာပြီးနောက် ဆယ်စုနှစ်တွင် လူ့အခွင့်အရေး သူရဲကောင်းဆိုသည့် သူ၏ဂုဏ်သတင်းက တဖြည်းဖြည်း ပြိုဆင်းစေခဲ့သည်။
ရိုဟင်ဂျာ မွတ်ဆလင်တို့ကို အစုလိုက်အပြုံလိုက် အကြမ်းဖက်မှုသည် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်သည်ဆိုသည့် အချက်ကို ငြင်းဆိုပြီး စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်သည်ဟု ဝန်ခံရန် ၂၀၁၉ ခုနှစ် နှောင်းပိုင်းက နိုင်ငံတကာတရားရုံး (ICJ) သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာခြင်းသည် အနောက်တိုင်းတွင် သူ့အပေါ် လေးစားမှုကို နိဂုံးချုပ်လိုက်သည်။
၂၀၁၉ ခုနှစ် နှောင်းပိုင်း နိုင်ငံတကာတရားရုံး (ICJ) သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာခြင်းက အနောက်တိုင်းတွင် သူ့အပေါ် လေးစားမှုကို နိဂုံးချုပ်လိုက်သည်။
မြန်မာနှင့်ပတ်သက်သည့် အနောက်နိုင်ငံများ၏ အစွဲအလမ်း လှိုင်း သုံးလှိုင်းရှိသည်။ ပထမလှိုင်းမှာ ၁၉၉၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်ခန့်အထိဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင်ဖြစ်ကာ အမေရိကန် အထက်လွှတ်တော် အမတ်များ၊ ဂျော့ချ် ဆိုးရော့စ်နှင့် ဒေသစုံမှ ရော့ခ်ဂီတတီးဝိုင်းများအထိ၏ အစွဲအလမ်း ဖြစ်ခဲ့သည်။
၂၀၁၂ ခုနှစ်ခန့်မှ ၂၀၂၁ ခုနှစ်အထိ ဒုတိယအစွဲအလမ်းလှိုင်းမှာ ရိုဟင်ဂျာတို့၏ ဆိုးရွားလှသော ကံကြမ္မာဖြစ်ပြီး အထက်ပါ နိုင်ငံတကာ စွဲလမ်းသူများကပင် စွဲလမ်းကြခြင်း ဖြစ်သည်။ ထိုအခါ ထိုသူများသည် ၎င်းတို့၏ အာရုံစိုက်မှုကို အခြားနေရာများသို့ ပြောင်းလိုက်ကြသည်။ ဘင်္ဂလားဒေ့ရှ်တွင် ဒုက္ခသည် ၁ သန်းမှာ အငတ်ဘေး ကြုံရသောအချိန်တွင် စိုးရိမ်ပူပန်မှု တခွန်းမှ မပြောသောအခါ သူ့အပေါ် နိုင်ငံတကာ မေတ္တာ ကုန်ခန်းသွားသည်။
တတိယနှင့် လက်ရှိဖြစ်နေသည့် အစွဲအလမ်းမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်မီက စတင်နိုင်ခဲ့သည့် အစွဲအလမ်းဖြစ်ပြီး တရုတ်ကို ထိန်းချုပ်ရေး ဖြစ်သည်။ ထိုအချက်ကို အမေရိကန် ဝေဖန်သုံးသပ်ရေး ဆောင်းပါးများတွင် တွေ့နိုင်ပြီး မြန်မာခုခံတော်လှန်ရေး လှုပ်ရှားမှုအတွက် အကြီးအကျယ် အခက်အခဲဖြစ်စေကာ ယခု စစ်အေးတိုက်ပွဲသစ် အလယ်တွင် ကြားညပ်သွားစေသည်။
အချုပ်ဆိုရပါက ဒေါ်အောင်ဆန်းစုကြည်တွင် တခါက သူရဖူးသည့် လေးစားမှုမျိုး အနောက်နိုင်ငံ မြို့တော်များတွင် မရှိတော့ပေ။
တရုတ်ပါဝင်ရန် အခန်းကဏ္ဍတခု ရှိခဲ့ပါသလား။ ယိုယွင်းလာသော အခြေအနေနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ စိတ်ပျက်မှုသည် ဒေါ်အောင်ဆန်းစုကြည်က ယခင်ကကဲ့သို့ ပူးပေါင်းဆောင်ရွက်လာခဲ့လျှင်ပင် မြန်မာစစ်ခေါင်းဆောင်ပိုင်းမှ ပုံဖော်ဖန်တီးသည့် ဖောက်ထွက်ရေးပုံစံတမျိုးမျိုးအား ကျားကန်ပေးလိုမှုကို ပျက်ပြယ်သွားနေစေပုံရသည်။
ယိုယွင်းလာသော အခြေအနေနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ စိတ်ပျက်မှုသည် ဒေါ်အောင်ဆန်းစုကြည်က ယခင်ကကဲ့သို့ ပူးပေါင်းဆောင်ရွက်လာခဲ့လျှင်ပင် မြန်မာစစ်ခေါင်းဆောင်ပိုင်းမှ ပုံဖော်ဖန်တီးသည့် ဖောက်ထွက်ရေးပုံစံတမျိုးမျိုးအား ကျားကန်ပေးလိုမှုကို ပျက်ပြယ်သွားနေစေပုံရသည်။
အထက်ပါ ဖြစ်ပေါ်တိုးတက်မှုများကို ယုံကြည်မှု တစွန်းတစပေးမည်ဆိုလျှင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် သတိထားရမည်ဖြစ်ပြီး အခွင့်အရေးတကြိမ်ထပ်ပေးရန် စိတ်ပျက်စရာကောင်းသော တိုက်တွန်းမှုကို လုံးဝ ဆန့်ကျင်ရမည် ဖြစ်သည်။ ထိုဖြစ်ရပ်များသည် စူးစမ်းလေ့လာရမည့် ပြီးပြည့်စုံခြင်းမရှိသော အဖွင့်မဟုတ်ပေ။
အတ္တကြီး ကိုယ်ကျိုးကြည့် အနောက်နိုင်ငံအချို့က ယခုအခြေအနေကို အခွင့်အလမ်းတခုအဖြစ် မြင်ကြမည် ဖြစ်သည်။ ဆွစ်၊ ဖင်လန်နှင့် နော်ဝေ တို့သည် ကြားဝင်စေ့စပ်ရေး သက်ရောက်မှုများအတွက် ကျယ်ကျယ်လောင်လောင် ပြောဆိုနေသော နိုင်ငံများတွင် ပါဝင်သည်။ ဂျပန်အထူးသံတမန် ယိုဟဲအိ ဆာဆာကာဝါသည် စစ်ကောင်စီနှင့်ပတ်သက်ပြီး လွန်စွာစိတ်လှုပ်ရှားနေကာ သူသည် မင်းအောင်လှိုင်ကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးသူဖြစ်သည်ဟု ဆိုသည်။
ထိုသူများအားလုံး ရာထူးမှ နုတ်ထွက်ရန်နှင့် အချိန်တန်သောအခါ မြန်မာခုခံတော်လှန်ရေး လှုပ်ရှားမှုက ဦးဆောင်သည့် စစ်ကောင်စီနှင့် စေ့စပ်ညှိနှိုင်းမှုတွင် ကန့်လန့်ကန့်လန့် မလုပ်ရန် တိုက်တွန်းသင့်သည်။ လက်ရှိအချိန်သည် ထိုသို့ စေ့စပ်ညှိနှိုင်းရမည့်အချိန် မဟုတ်သေးပေ။
အနာဂတ် ပြည်သူ့ဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပါက အဓိကခေါင်းဆောင် မဖြစ်သင့်ပေ။ ထိုသို့သော နေ့ရက်များ လွန်စွာ အမှန်တကယ် ကုန်ဆုံးသွားပြီဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်များတွင် ထိုဖြစ်ရပ်များကို တကျော့ပြန် လုပ်နိုင်သည့် ကာလယန္တရား မရှိပေ။
စစ်တပ်ကို ထိပ်တိုက်တွေ့ပြီး ဖြိုခွဲလိုသည့် ရှင်သန်ရေး ပုန်ကန်မှုကို စစ်ကောင်စီကိုယ်တိုင် မီးမွှေးခဲ့ပြီး ဖြစ်သည်။
(Asia Times ပါ David Scott Mathieson ၏ Hot-wiring the Suu Kyi time machine in Myanmar ကို ဘာသာပြန်သည်။ )
ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ
အာဏာရှင်အသစ်၊ ကစားကွက်အဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား
ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်
စစ်အုပ်စုက ရှေးရိုးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် ထုတ်သုံး
နိုင်ငံ့မိခင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် အခန်းကဏ္ဍကို လေ့လာဆန်းစစ်ခြင်း