လန်ဒန် အခြေစိုက် လူအများအပေါ် သြဇာလွှမ်းမိုးမှု ရှိသူ ထိုင်း တဦးက ကဏန်းသား ကြက်ဥလိပ်ကြော်ကို မီနူးဖော်ပြဈေး ဘတ် ၁၅၀၀ ထက် ပိုပြီး ဘတ် ၄၀၀၀ ပေးခဲ့ရမှု ဖြစ်စဉ်ဟာ ထိုင်းသတင်းတွေမှာ ဟိုးလေးတကြော် ဖြစ်ခဲ့ပါတယ်။
Raan Jay Fai ဆိုတဲ့ Michelin Star ဆုရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နာမည်ကျော် Street food ဆိုင်မှာ ဖြစ်ပွားခဲ့တာပါ။
ဆိုင်ဘက်ကတော့ ကဏန်းကို ပိုကောင်းတဲ့ နေရာက မှာထားတဲ့ အတွက်လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိုင်းပြည်တွင်း ကုန်သွယ်ရေး ဌာနက ဈေး အလွန်အကျွံ တင်ရောင်းမှု ဟုတ် မဟုတ် စုံစမ်း စစ်ဆေးနေပြီး ထောင်ဒဏ် အထိ ချမှတ်နိုင်တဲ့ ဥပဒေ ရှိနေတယ် လို့လည်း သိရပါတယ်။
တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အဆိုပါ စားသောက်ဆိုင်ကို သွားရောက် စစ်ဆေးခဲ့ပြီး မီနူးမှာ ကဏန်းသား ကြက်ဥလိပ်ကြော်ရဲ့ တန်ဖိုးကို ဘတ် ၄၀၀၀ လို့ မဖော်ပြထားမှု အတွက် ဆိုင်ဘက်က ဒဏ်ကြေး ငွေ ဘတ် ၂၀၀၀ ပေးဆောင်ခဲ့ပြီး ဖြစ်တယ်လို့ ပြည်တွင်း ကုန်သွယ်ရေး ဌာန ရဲ့ ညွှန်ကြားရေးမှူးချုပ် Wittayakorn Maneenetr က ပြောပါတယ်။
ဒါပေမယ့်လည်း ဈေး ပိုတောင်းတာ ဟုတ်မဟုတ် သိနိုင်ဖို့ တာဝန်ရှိသူတွေဟာ ပါဝင်ပစ္စည်းတွေရဲ့ ကုန်ကျ စရိတ်ကို စစ်ဆေးနေတယ် လို့လည်း Mr Wittayakorn က ဆိုပါတယ်။
ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း သူက ထပ်လောင်း ပြောပါတယ်။

တာဝန်ရှိသူတွေက စားသောက်ဆိုင်ရဲ့ ဟင်းလျာ ဈေးနှုန်းတွေဟာ သင့်တော်တဲ့ ဈေးနှုန်း ဟုတ်မဟုတ် သိရဖို့ ပါဝင်ပစ္စည်းတွေ၊ ဟင်းခတ် အမွှေးအကြိုင်တွေရဲ့ ကုန်ကျစရိတ်နဲ့ အခြားသော ကုန်ကျစရိတ်တွေကို အသေးစိတ် တောင်းဆိုထားတယ် လို့လည်း Mr Wittayakorn က ပြောပါသေးတယ်။
Jay Fai စားသောက်ဆိုင်ကို အသက် ၈၂ အရွယ် Supinya Jay Fai Junsuta ဆိုတဲ့ စာဖိုမှူးက ပိုင်ဆိုင်ကာ အခု အချိန် အထိ ဦးစီး လည်ပတ်နေတာ ဖြစ်ပြီး ပထမဆုံး Michelin Star ကို ၂၀၁၇ မှာ စတင် ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပြင်သစ် အခြေစိုက် Michelin အဖွဲ့ရဲ့ ကြယ်ပွင့် (Stars) အဆင့် သတ်မှတ် ဆုဟာ စားသောက်ဆိုင်တွေနဲ့ ဟိုတယ် လုပ်ငန်းတွေ အပေါ် အကဲဖြတ်ပေးတဲ့ စနစ်တခု ဖြစ်ကြောင်းလည်း သိရပါတယ်။
စားသောက် ဆိုင်တွေရဲ့ အစားအစာတွေမှာ ပါဝင် ပစ္စည်းများရဲ့ အရည်အသွေး၊ အရသာနဲ့ ချက်ပြုတ်နည်း စနစ်များ ကျွမ်းကျင်မှု၊ ဟင်းလျာများမှာ စားဖိုမှူး ကိုယ်ရည်ကိုယ်သွေး၊ ငွေတန်ဖိုး နဲ့ လည်ပတ်မှုကြား လိုက်လျော ညီထွေ ရှိတဲ့ စံများအပေါ် အခြေခံကာ အကဲဖြတ်ပြီး Michelin Stars ချီးမြှင့်ခြင်း ဖြစ်တယ် လို့လည်း ဆိုပါတယ်။
အစားအသောက်ဟာ “အလွန်ကောင်းသည်” ၊ “ကောင်းသည်” ၊ “ထူးခြားသည်” စတဲ့ အပေါ် ကြယ် ၁ ပွင့်၊ ၂ ပွင့်၊ ၃ ပွင့် သတ်မှတ်ပေးခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။
Ref : Bangkok Post














