ပြည်ပရောက်မြန်မာနိုင်ငံသားများ ဆန္ဒမဲပေးနိုင်ရေးအတွက် စစ်ကော်မရှင်က နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားလျက် ရှိရာ ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေး သက်ဆိုင်ရာသံရုံးသို့ ဆက်သွယ်နိုင်ကြောင်း ယမန်နေ့က ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လာသည်။
ရွေးကောက်ပွဲ အပိုင်း၁ ကို လာမည့် ဒီဇင်ဘာ ၂၈ တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင်မဲပေးနိုင်ရန်အတွက် ကိုယ်ရေးအချက် အလက်များကို ဖော်ပြပြီး သက်ဆိုင်ရာသံရုံးများသို့ ပေးပို့တောင်းဆိုရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကြိုတင်မဲပေးရန် တောင်းဆိုသူ၏ ပြည်တွင်းနေရပ်လိပ်စာအပြည့်အစုံအပါအဝင် လက်ရှိရောက်နေသည့် နိုင်ငံတွင် နေထိုင်သည့် လိပ်စာများကိုပါဖြည့်စွက်ရမည့် ပုံစံ (၁၅)၌ အချက်အလက်ဖြည့်ပြီး နိုင်ငံကူးလက်မှတ် မိတ္တူဖြင့် သြဂုတ် ၂၂ ရက်မှ စက်တင်ဘာ ၈ ရက်အထိ သံရုံးများသို့ ပေးပို့ရမည်ဖြစ်ကြောင်း ဆိုထားသည်။
တရားဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၇သောင်းကျော်ခန့်ရှိသည့် ကိုရီးယားနိုင်ငံတွင် စစ်အာဏာရှ င်ဖြုတ်ချရေးကြိုးစားနေသော ဒီမိုကရေစီရေးတက်ကြွသူအများစုရှိပြီး စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲအား ပူးပေါင်းမည်မဟုတ်ကြောင်း ကိုရီးယားရောက် မြန်မာများက ပြောသည်။
ကိုရီးယားနိုင်ငံရောက် မြန်မာတဦးက “ စစ်မှန်တဲ့ ရွေးကောက်ပွဲကို ဖျက်သိမ်းပြီး အာဏာလုယူထားတဲ့ စစ်အုပ်စုရဲ့ မဲပေးဖို့ ထုတ်ပြန်ကြောညာချက်တွေကို စိတ်ဝင်စားမှု မရှိသလို ဒီမိုကရေစီကို လိုလားကြတဲ့ မြန်မာနိုင်ငံသားတွေ ကတော့ မဲပေးကြမှာ မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း လုံးဝမပေးပါဘူး။ ကြိုတင်မဲပေးဖို့အတွက် ကိုယ်ရေး အချက်အလက်လည်း ပေးရမယ်ဆိုတာ ကိုယ်ကိုယ်တိုင် ပေးချင်မှ ဖြစ်တာပါ။ ကိုယ်ရေး အချက်အလက် ပေးပေး၊ မပေး ပေး စစ်အုပ်စုက သူတို့ လုပ်စရာရှိတာတွေ ဆက်လုပ်သွားမှာပါပဲ။ ကျနော်တို့ကလည်း စစ်အုပ်စု ရွေးကောက်ပွဲ လုပ် လုပ်၊ မလုပ် လုပ် စစ်အုပ်စု ကျရှုံးတဲ့အထိ ဆက်လက် တော်လှန်သွားမှာပါပဲ” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲ ဆန္ဒမဲပေးနိုင်ရေး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုံးသည် မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး ရင်းနှီးမှုတိုးမြှင့်ရေးကိစ္စများဆွေးနွေးစဉ်ထည့်သွင်း ပြောဆိုခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးကလည်း ပုံစံ ၁၅ ဖြည့်ပြီး ပေးပို့နိုင်ကြောင်း ဩဂုတ် ၂၂ရက်၌ သတင်းထုတ်ပြန်သည်။
ထိုင်းရောက်မြန်မာတဦးက “ကျမတို့မဲပေးခဲ့တဲ့ရလဒ်အရ ပြည်သူတွေသဘောထားအတိုင်းမဖြစ်ခဲ့ဘဲ သဘောဆန္ဒမပါ အာဏာသိမ်းထားပြီးမှ အခုတဖန် ထပ်မဲပေးဖို့ဖြစ်လာတာကို မှန်မှန်ကန်ကန်လုပ်လိမ့်မယ်လို့ ယုံကြည်မှု မရှိပါဘူး။ သဘောဆန္ဒမပါဘဲ အကျပ်ကိုင်မဲပေးမှုမျိုးရှိလာခဲ့လည်း ပျက်ကွက်လို့ရရင် ပျက်ကွက်မယ်။ မရခဲ့ရင် ပယ်မဲဖြစ်အောင် မဲပေးသွားမယ်လို့ စဉ်းစားထားပါတယ်” ဟု ပြောသည်။
သို့သော် ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာများအနေဖြင့် ကြိုတင်မဲမပေးပါက လက်ရှိ နေထိုင်ခွင့်ကိစ္စများနှင့် ဆက်နွယ်၍ သက်တမ်းတိုးများ လုပ်ဆောင်မပေးမည့်အရေးကိုလည်း စိုးရိမ်ပူပန်မှုများ ရှိနေသည်။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းနေထိုင်သူ မြန်မာလူမျိုး ၄ သန်းကျော်ရှိပြီး ထက်ဝက်ကျော်ဖြစ်သည့် ၂ ဒသမ ၃ သန်း ကျော်မှာ ရွှေ့ပြောင်းလုပ်သားအဖြစ် တရားဝင်မှတ်ပုံတင်ထားကြောင်း International Organization for Migration က ဖော်ပြထားသည်။
ထို့ပြင် လာအိုနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့်လည်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို မလွှဲရှောင်သာအခြေအနေရောက်မှသာလျှင် မဲပေးကြမည်ဖြစ်ကြောင်း ပြောဆိုကြသည်။
လာအိုရောက် မြန်မာတဦးက “တရားမဝင်တဲ့ရွေးကောက်ပွဲကို သူတို့ကိုယ်တိုင်တောင် အခုအချိန်ထိ ညှိနှိုင်းလို့မှ မတည့်သေးတာ။ ကျနော်တို့ကတော့ ၂၀၂၀ မှာအနိုင်ရရှိထားတဲ့ လူထုရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကိုပဲ ဆက်ပြီး ထောက်ခံနေမှာပါပဲ။ တရားဝင်လာတဲ့သူတွေအတွက်တော့ မချစ်သော်လည်း အောင့်ကာနမ်း ရတော့မှာပေါ့လေ။ လူ ၁၀၀ မှာ ၅၀ လောက်ပဲပေးရင် ပေးမယ်။ ကျန်တဲ့သူတွေကတော့ ရှောင်ထွက်သွားမယ် ထင်ပါတယ်။ သံရုံးတွေကလည်း အဲဒီလောက်ထိ နိုင်နိုင်နင်းနင်းဖိအားပေးနိုင်မယ် မထင်ဘူး” ဟု ပြောသည်။
လာအိုနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၂သောင်းကျော်ခန့်ရှိပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်ကြသူများလည်း ရှိသည်။
စစ်တပ်ကပြုလုပ်မည့် ရွေးကောက်ပွဲကို ဂျပန်အစိုးရအနေဖြင့် လုံးဝ အသိအမှတ်မပြုရန် အချက် ၆ ချက်ပါ တောင်းဆိုစာကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးတာဝန်ခံထံ ဩဂုတ် ၂၂ ရက်က ပေးအပ်ခဲ့သည်။
ဂျပန်ရောက်မြန်မာတဦးက “ဂျပန်မှာက မြန်မာတွေများတယ်ဆိုပေမယ့် စစ်တပ်အောက်မှာ မနေချင်လို့ စာကိုကြိုးစားခဲ့ရ၊ စစ်မှုထမ်းကြောင့် ရောက်နေကြသူအများစုဆိုတော့ မဲတော့ရမှာမဟုတ်ဘူး။ ကိုယ်တိုင်လည်း ပေးဖို့ အစီအစဉ် မရှိပါဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးပြီး ကုန်ဈေးနှုန်းအဆမတန် မြင့်တက်ခြင်းများအပြင် အဓမ္မစစ်မှုထမ်းခိုင်းစေမှုများရှိနေပြီး အရွယ်ရောက်သူများ ပြည်ပထွက်ခွာမှု မြင့်တက်ခဲ့သည်။
စင်ကာပူရောက်မြန်မာတဦးက “ပြည်ပကပေးပေး မပေးပေး၊ ပြည်တွင်းကပေးပေး မပေးပေး၊ သူတို့လုပ်တဲ့ ရွေးကောက်ပွဲက သူတို့အတွက် ထွက်ပေါက်ဆိုတာ နိုင်ငံတကာက သိပါတယ်။ ကျနော်တို့ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ ရွေးကောက်ပွဲက သူတို့အတွက်လုပ်တာ ပြည်သူအတွက်လုပ်တာ မဟုတ်ဘူး” ဟု ပြောသည်။
စစ်ကောင်စီ ကျင်းပရန်ပြင်ဆင်နေသည့် ရွေးကောက်ပွဲအပေါ် ဆန့်ကျင် ကန့်ကွက်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် တော်လှန်ရေးတပ်ဖွဲ့များက ကျယ်ကျယ်ပြန့်ပြန့် သတိပေးတားမြစ်မှုများ ပြုလုပ်ထားသည်။
အမေရိကန် ပြည်ထောင်စုနှင့် အခြားအနောက်တိုင်းအစိုးရ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် စစ်တပ်ကို တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်း ရွေးကောက်ပွဲကို ဆန့်ကျင်ရှုတ်ချထားသလို စတော့ဟုမ်းအခြေစိုက် ဒီမိုကရေစီအဖွဲ့အစည်း International IDEA ကလည်း နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နည်းပညာဖြစ်စေ၊ ရုပ်ဝတ္တုပစ္စည်းဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ မည်သည့်ထောက်ခံမှုကိုမဆို ပယ်ချရန် တိုက်တွန်းထားကြသည်။
You may also like these stories:
ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြမလဲ
မြန်မာရွေးကောက်ပွဲကို တရုတ်ထောက်ခံမှု၏ နောက်ကွယ်
ဘာဖြစ်နေနေ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော
စစ်အုပ်စု ရွေးကောက်ပွဲကို ချေမှုန်းနိုင်မည့် တော်လှန်သော သေနင်္ဂဗျူဟာ
ရွေးကောက်ပွဲ ဆန့်ကျင်/နှောင့်ယှက်လျှင် သေဒဏ်ချမည့် ဥပဒေပြဋ္ဌာန်း














