စစ်ကြိုခေတ် တက္ကသိုလ် နယ်မြေတွင် ဂုဏ်ပုဒ် အသီးသီး နှင့် ထင်ပေါ် ကျော်ကြားသော အမျိုးသမီးများ ပေါ်ပေါက်ခဲ့ရာ ရွှေမန်းသူ မအုန်း ဟု ဆိုလျှင် ရဲရဲတောက် သပိတ်မှောက် ကျောင်းသူ အဖြစ်နှင့် လည်းကောင်း၊ တပင်တိုင် မင်းသမီး အဖြစ်နှင့် လည်းကောင်း မသိသူ မရှိသလောက်ပင်။
စစ်ပြီး ခေတ်၌ကား အမ်အေ မအုန်း၊ ပါဠိ ဒေါ်အုန်း ဟူ၍ ပညာရေး လောက၊ နိုင်ငံရေး လောက၊ စာပေ လောက၌ ထင်ရှား လာခဲ့သူ ဖြစ်သည်။
အမ်အေ မအုန်း၏ မိဘများမှာ ရွှေဘို ဇာတိ မြေတိုင်း စာရေးကြီး ဦးကျော်ရာ နှင့် အင်းဝသူ ဒေါ်ဒေါ်ခင်တို့ ဖြစ်ကြသည်။
မအုန်းကို မန္တလေးမြို့၌ ၁၉၁၄ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။
မွေးချင်း ၈ ယောက် ရှိသည့် အနက် မအုန်းမှာ သတ္တမမြောက် သမီး ဖြစ်ပြီး မောင်အငယ်ဆုံးမှာ ကျောင်းသား ခေါင်းဆောင် သခင် သိန်းအောင် ဖြစ်သည်။
မအုန်းတို့ တမိသားစုလုံးမှာ နိုင်ငံရေးနှင့် အမျိုးသားရေး စိတ်ဓာတ် ရှိသူ ပီပီ ငယ်စဉ်ကပင် အမျိုးသားကျောင်းများ၌ ပညာ သင်ယူခဲ့ကြသည်။
မအုန်းသည် ၁၉၃၀ ခုနှစ်၌ မန္တလေး ဗဟို အမျိုးသားကျောင်းမှ ၁၀ တန်းအောင်၍ ၁၉၃၁ ခုနှစ်တွင် မန္တလေး ဥပစာ ကောလိပ်၌ ဆက်လက် ပညာ သင်ကြားခဲ့ရာ ထို ဥပစာ ကောလိပ် ဖျက်သိမ်းပစ်မည် ဆို၍ ဝန်ကြီးဟောင်း ဦးကျော်ငြိမ်း၊ ဦးသိန်းဖေမြင့် တို့နှင့် ပူးတွဲပြီး အတိုက်အခံ တိုက်ပွဲ ဝင်ခဲ့သည်။
၁၉၃၃ ခုနှစ်တွင် ပါဠိ၊ လောဂျစ် ဂုဏ်ထူးနှင့် ဥပစာတန်းကို အောင်မြင်ခဲ့၏။
ထို့နောက် ရန်ကုန်တွင် ပါဠိ ဂုဏ်ထူးတန်း တက်ခဲ့ပြီး ၁၉၃၆ ခုနှစ်၌ ကျောင်းသား ခေါင်းဆောင် သခင်နု၊ မစ္စတာ ရာရှစ် တို့နှင့် အတူ သပိတ်မှောက်ခဲ့သည်။
တက္ကသိုလ် သမဂ္ဂတွင် မအုန်းသည် အင်းလျား ကျောင်းဆောင်၏ ကိုယ်စားလှယ် ဖြစ်ခဲ့သည်။
အသင်းအပင်း အဖွဲ့အစည်းများ၌ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သည့် အပြင် အနုပညာတာဝန် ထမ်းဆောင်ရန်လည်း ဝတ္တရား မပျက်ခဲ့ပေ။
ဝါသနာ ပါရာ အဆိုအက ပညာဖြင့် ဘွဲ့နှင်းသဘင် ခန်းမကြီးတွင် ချန်ပီယံ မောင်ကျော်၏ စန္ဒရား အဖွဲ့နှင့် တွဲဖက်ကာ တပင်တိုင် ကပြ ကူညီပေးခဲ့သည်။
ထို့ပြင် မြို့မကျောင်း ရန်ပုံငွေ အလှူပွဲ၌လည်း တက္ကသိုလ် အသီးသီးမှ ပဒေသာ အစီအစဉ်များနှင့် ကူညီခဲ့ကြရာ အင်းလျား ဆောင်မှ ကိန္နရီ ယိမ်း နှင့် မအုန်း၏ တပင်တိုင် အကလည်း ပါဝင်ခဲ့သည်။
ထိုစဉ်က မြန်မာ ရိုးရာ အဆိုအက အနုပညာကို စနစ်တကျ တတ်ကျွမ်း တတ်မြောက်သော တက္ကသိုလ် ကျောင်းသူ ဆိုလျှင် အလွန်ရှားသော ခေတ်ဖြစ်ရာ ပညာရဲရင့် ပွဲလယ်တင့်သော သူ့အဖို့မှာ မျက်နှာလည်း ပွင့်သည်။
တချို့ကလည်း ကိုယ်မပြိုင်နိုင်သဖြင့် မေးငေါ့ချင်သူများ ရှိခဲ့သည်။ သို့သော် မအုန်းကား ဤအသေးအဖွဲမျိုးကို မှုတတ်သူ မဟုတ်ပေ။
ဆရာရွှေတိုင်ညွန့်မှာ သဘင်သည် မဟုတ်သော တက္ကသိုလ်၏ သမီးပျို မအုန်း အတွက် ကကွက်ကောင်းသော သီချင်းကို တမင် စပ်ဆိုပေးခဲ့ရသည်။
“ရတနာပုံ မန်းရွှေမြို့သူ၊ သဘောကောင်းနှင့် စေတနာဖြူ၊ ဗာစီတီ နာမည်ယူ၊ ကျောင်းကြီး ကောလိပ်သူ၊ အဟုတ်ကိုပင်၊ သဘောဖြူ၊ တကယ့်ကိုပင် မနောဖြူ၊ မြို့မကျောင်း အလှူ၊ ဝိုင်းဝန်းကာပါ့လှူ၊ ရန်ပုံငွေကို စေတနာထားကာ၊ ပြေရွာများက ကြည်ဖြူ၊ အမျိုးသား ဗုဒ္ဓဘာသာ တိုင်းကြီး ဤဇမ္ဗူ၊ အောင်လံ တလူလူ နိမိတ်ကောင်း မှတ်ဖို့ယူ၊ မြို့မကျောင်း အတွက် (ဆောင်ရွက်လို့ကူ)၂၊ ပျိုပျို အုန်းကို ရွှေတိုင်ညွန့်က သီချင်း ရေးပေးတဲ့သူ” ဟူသော သီချင်းမှာ ပန်းတကာ့ ဘုရင် အလိုက် တေးပင် ဖြစ်သည်။
ကျောင်းသား ကျောင်းသူတိုင်း ပါးစပ်ဖျားမှာ ခေတ်စားခဲ့ပါ၏။
စစ်ကြိုခေတ်
၁၉၃၆ ခုနှစ် သပိတ်လှန်ပြီးနောက် မအုန်းသည် ပါဠိ ဂုဏ်ထူးတန်းတွင် ဒုတိယ အဆင့်မှ အောင်မြင်ခဲ့သည်။ ထို့နောက် အင်းလျား ဆောင်၏ ဒု အဆောင်မှူးနှင့် ပါဠိ ဌာန နည်းပြဆရာမ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
၁၉၃၈ ခုနှစ်တွင် အမ်အေ အောင်ပြီး ဗိုလ်အောင်ကျော် အရေးအခင်း၌လည်း ကိုယ်တိုင်က ကျောင်းဆရာ ဖြစ်လျက်နှင့်ပင် ပွင့်ပွင့်လင်းလင်း ရဲဝံ့ ပြတ်သားစွာ ကျောင်းသား အရေးကို ထောက်ခံ အားပေးခဲ့သူ ဖြစ်သည်။
စစ်အတွင်း
အမ်အေ မအုန်း၏ ဆောင်းပါးများကို မြန်မာ့အလင်း၊ နဂါးနီ ဂျာနယ်၊ ယုဝတီ၊ ရှူမဝ၊ မြဝတီ မဂ္ဂဇင်း များ၌ တွေ့နိုင်ပေသည်။
၁၉၄၀ ပြည့်နှစ်တွင် စစ်ကြီး ဖြစ်၍ မန္တလေးသို့ ပြန်လာပြီး ဆရာကြီး ဦးရာဇတ် ဥက္ကဌ အဖြစ် ဆောင်ရွက်သော မန္တလေး ဖဆပလ အဖွဲ့တွင် ဒေါ်အုန်းမှာ အမျိုးသမီး အမှုဆောင် ဖြစ်ခဲ့သည်။
ထို့နောက် အမှတ် (၈)၊ ချာချီ လမ်းရှိ အာရှလူငယ် အစည်းအရုံးတွင် ဒု ဥက္ကဌ အဖြစ် တာဝန်ယူခဲ့ပြီး ဦးဗဂျမ်း (ဥက္ကဌ)၊ ဒေါ်ရီကြိန် (အမျိုးသမီး အတွင်းရေးမှူး)၊ ကျား ကိုညီလေး သခင်သန်းထွန်း၏ ညီ ဉာဏဗလမှူး၊ ဒေါ်သင်းကြည် ကာယဗလမှူး၊ ဒေါ်သန်းစိန် တို့နှင့် အတူ အာရှလူငယ် လုပ်ငန်းများ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
ထို့နောက် ဂျပန် တော်လှန်ရေး အတွက် အမျိုးသမီးများ အိမ်သို့ ပြန်ကြရမည် ဖြစ်ရာ ဒေါ်အုန်းမှာ မန္တလေးမှ နေ၍ တော်လှန်ရေး အတွက် ကူညီ ဆောင်ရွက် လှုပ်ရှားခဲ့ရသည်။
အလံနီ ဒေါ်စောမြ (အတွင်းရေးမှူး)၊ နဂါးနီ ဒေါ်ဦး (ဘဏ္ဍာရေးမှူး) နှင့် ဒေါ်မာလာ (အမှုဆောင်) တို့ ပါဝင်သော အမျိုးသမီး လွတ်လပ်ရေး အဖွဲ့တွင်လည်း ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။
လွတ်လပ်ရေး ရပြီးနောက်
လွတ်လပ်ရေး ရပြီး၍ တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ်သော အခါ မန္တလေး တက္ကသိုလ်တွင် မိန်းကလေးကျောင်းဆောင် စတင် ဖွင့်လှစ်သည့် အချိန်မှ စ၍ ၁၉၆၄ ခုနှစ် ပင်စင်ယူသည် အထိ အဆောင်မှူး တာဝန်ကို လည်းကောင်း၊ မန္တလေး တက္ကသိုလ်တွင် ပါဠိ ပါမောက္ခ အဖြစ်နှင့် လည်းကောင်း ဆောင်ရွက်ခဲ့သည်။
ဒု အဓိပတိ ဦးကိုလေး အမေရိကန်သို့ လေ့လာရေး သွားစဉ်ကမူ ဒေါ်အုန်းသည် မန္တလေး တက္ကသိုလ် ကောင်စီမှ ဒုတိယ အဓိပတိ နေရာတွင် ကိုယ်စား ခန့်အပ်ခြင်း ခံခဲ့ရသည်။
ပြင်ပခရီးစဉ်
၁၉၅၂ ခုနှစ်တွင် ပထမဆုံး အကြိမ် ဝန်ကြီး ဦးထွန်းဖေ ခေါင်းဆောင်သော ယဉ်ကျေးမှု ဖလှယ်ရေး အဖွဲ့သည် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံသို့ သွားရောက်ခဲ့စဉ် ဒေါ်အုန်းမှာ အမျိုးသမီး ကိုယ်စားလှယ် အနေနှင့် လိုက်ပါသွားခဲ့ရသည်။
တရုတ်ပြည်မှ အပြန်တွင် အမျိုးသမီး ကျောင်းဆောင်များ အကြောင်း လေ့လာရန် အမေရိကန် နိုင်ငံသို့ ၈ လ ကြာ စေလွှတ်ခြင်း ခံရသည်။
ထိုအခိုက် ကုလသမဂ္ဂတွင် ကျင်းပနေသော အမျိုးသမီးများ အခွင့်အရေး ညှိနှိုင်း ဆွေးနွေးပွဲသို့လည်း တလခန့် တက်ရောက် လေ့လာခဲ့ရသည်။
အင်္ဂလန် နိုင်ငံတွင် ဗြိတိသျှ ကောင်စီ၏ ဧည့်သည် အဖြစ် တလခန့် လေ့လာနိုင်ခွင့် ရရှိခဲ့သည်။
ပြုစုခဲ့သော စာအုပ်စာတမ်းများ
၁၉၄၃ ခုနှစ်တွင် ဆိုဗီယက် လောက ဟူသော နိုင်ငံရေး စာအုပ်ကို ဘာသာပြန်ဆိုခဲ့သည်။
၁၉၄၄-၄၅ ခုနှစ်တွင် လိင် ပညာပေး စာအုပ် ဖြစ်သော “မိန်းမကိစ္စ” နှင့် “မလောက” အမည်ရှိ လိင်စာအုပ် ၂ အုပ်ကို ပြုစုခဲ့သည်။
၎င်းကျမ်းများ ပြုစုဖြစ်အောင် အားပေး တိုက်တွန်းသူမှ ကာယဗလ ဦးရှိန်ပင် ဖြစ်သည်ဟု သိရသည်။
ထိုအချိန်က ခေတ်ပညာတတ် ကျားမများကပင် ဤကိစ္စကို စာအုပ်စာတမ်း အနေနှင့် ပွင့်ပွင့်လင်းလင်း မဆွေးနွေးအပ်ဟု သတင်းစာများမှ လည်းကောင်း၊ ကိုယ်တိုင် မျက်နှာချင်းဆိုင်၍ လည်းကောင်း ပြက်ရယ်ပြုကာ ဝေဖန် ရှုတ်ချခြင်း ခံခဲ့ရသည်။
သို့သော် ယင်းစာအုပ် ၂ အုပ်ကြောင့်လည်း ဒေါ်အုန်းမှာ ပိုပြီး နာမည် ကြီးလာရပြန်သည်။ မေးငေါ့သူငေါ့၊ ရှုတ်ချသူချ၊ အပြစ်တင်သူတင်၊ သို့ရာတွင် ဒေါ်အုန်းကား ပြတ်သားသူပင် ဖြစ်သည်။
မိမိ ထင်မြင်ယူချက်ကို ပုန်းခိုးကွယ်ခိုး မထားတတ်၊ ခေတ်ရှေ့ကို ပြေး၍ မြင်တတ်သူ ဖြစ်ကြောင်း ဟောပြော ပို့ချ ပညာပေးနေခြင်းများ အရ သိသာနိုင်ပေသည်။
၁၉၅၀ ပြည့်နှစ်တွင်လည်း ပိဋကတ် စာပေနှင့် ပတ်သက်၍ ပါဠိ စာပေ သမိုင်းကျမ်း တစောင် ပြုစုခဲ့သည်။
အမ်အေ ဒေါ်အုန်း၏ ဆောင်းပါးများ အနက် ယုဝတီ ဂျာနယ်မှ အနည်းငယ် ဖော်ပြလိုပါသည်။ ထိုဆောင်းပါး ခေါင်းစဉ်များကို လေ့လာ၍ သူ၏ အမြင်ကို အထင်းသား တွေ့နိုင်ပါသည်။
“လွတ်လပ်သော မြန်မာပြည်နှင့် မိန်းမများ” (၁၅၊ ၂၊ ၄၈)၊ “မေတ္တာပို့ သန့်စင်နည်း” (၄၊ ၄၊ ၄၈)၊ “အဆင်မပြေသော အိမ်ထောင်ရေး” (၁၆၊ ၁၊ ၄၆)၊ “လောကနိဗ္ဗာန်” (၇၊ ၉၊ ၄၈)၊ “ကမ္ဘာ့ ငြိမ်းချမ်းရေး လမ်းစဉ်” (၁၄၊ ၉၊ ၄၈)၊ “ဇာတ်တူသား” (၁၆၊ ၅၊ ၄၈)၊ “ကိုယ့်ဒူး ကိုယ်ချွန်” (၁၅၊ ၆၊ ၄၈)၊ “လူရည်ချွန်” ၊ “ခြတောင်ပို့စိတ်” စသော ဆောင်းပါးမျိုးကို တွေ့ရသည်။
ဒေါ်အုန်းသည် အေးအေးဆေးဆေး နေတတ်၍ ပင်ကို စိတ်ရင်းကောင်း ရှိသူ ဖြစ်လင့်ကစား သူမှန်သည် ထင်သော ကိစ္စများနှင့် အနာဂတ် အကျိုးရှိမည်ဟု ယူဆထားသော အလုပ်များ၌ ပြတ်ပြတ်သားသား လုပ်ကိုင်တတ်သော သတ္တိ ရှိသည်။
မိန်းမ ကိစ္စ နှင့် မလောက စာအုပ်များ ထုတ်ဝေစဉ်က လူအတော်များများ ဂယက် ရိုက်နေသည့် ကြားမှပင် သူ့ကိုယ်ပိုင် ဉာဏ်ဖြင့် ဆုံးဖြတ်ကာ သာမန် အမျိုးသမီးများ နောက်တွန့်သည့် အလုပ်ကို မိမိ ယုံကြည်ချက် အတိုင်း ပြတ်သားစွာ ရေးသား ထုတ်ဝေ ဆောင်ရွက်ခဲ့ပေသည်။
မြန်မာ့ အနုပညာကို အထင်ကြီးရကောင်းမှန်း မသိသေးသော ခေတ်ကပင် ဂုဏ်ထူးတန်း တက္ကသိုလ် ကျောင်းသူ တဦး အနေနှင့် ဘွဲ့နှင်းသဘင် ခန်းမတွင် တပင်တိုင် အကဖြင့် အနုပညာ အစွမ်းပြခဲ့သည်။
ကြွယ်ဝသော အတွေ့အကြုံများနှင့် ပညာ စွယ်စုံရသော ဆရာမကြီး အမ်အေ မအုန်း၏ ဟောပြော ပညာပေး ရေးသား လှုပ်ရှားမှုများကို ယနေ့ အမျိုးသမီးထုက စောင့်စား မျှော်လင့်လျက် ရှိနေကြပါသည်။ ။
(စာရေး ဆရာမကြီး စောမုံညင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာပေတိုက်က ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “မြန်မာအမျိုးသမီး” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၁ နှစ် ဒီဇင်ဘာလ ၁၁ ရက် အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














