ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နေပြည်တော် မြို့မဈေး၌ Civil Disobedience Movement (CDM) လှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်ခဲ့သည့် သမဝါယမ ဦးစီးဌာနမှ ဝန်ထမ်း ၈ ဦးကို အမိန့်အာဏာ ဖီဆန်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၈၈ ဖြင့် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ယနေ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
တရားစွဲခံရသူများမှာ လယ်ဝေးမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးမှူး အမျိုးသမီး အပါအဝင် အကြီးတန်း စာရေးအမျိုးသမီး တဦး၊ အငယ်တန်း စာရေး အဆင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၅ ဦးနှင့် နေပြည်တော် ရုံးချုပ် သမဝါယမဦးစီးဌာနက အကြီး တန်းစာရေး အမျိုးသား တဦးနှင့် အငယ်တန်းစာရေး အမျိုးသမီး နှစ်ဦးတို့ ဖြစ်သည်။
တရားလိုမှာ ဇမ္ဗူသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းဆိုသူ ဖြစ်ပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပုဒ်မ ၁၈၈ ဖြင့် တရားစွဲတင်လာရာ အာမခံပေး၍ ရသည့် ပုဒ်မ ဖြစ်သဖြင့် တွဲဖက်မြို့နယ် တရားသူကြီး ဦးပြည့်စုံကျော်က အာမခံ ပေးခဲ့ကြောင်း၊ ယနေ့တွင် ယင်းအမှုကို ဆက်လက် စစ်ဆေးခြင်း ဖြစ်ကြောင်း ရှေ့နေများထံမှ သိရသည်။
ဇမ္ဗူသီရိမြို့နယ် တွဲဖက် တရားသူကြီး ဒေါ်နန်းအေးမြသီရိက“ပြည်သူ့ဝန်ထမ်းက ဥပဒေနဲ့အညီ ထုတ်ပြန်ထားတဲ့အမိန့်ကို ဖီဆန်တယ်ဆိုပြီးတော့ စာရေးသားပြီး တရားရုံးကို ဦးတိုက် လျှောက်ထားတဲ့အမှု ဖြစ်ပါတယ်”ဟု သတင်းထောက်များကို ပြောသည်။
ယနေ့ အမှုကို စစ်ဆေးရာတွင် တရားလို ဇမ္ဗူသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်း၊ တရားလိုပြ သက်သေ ရဲမှူး ကြီး နေမျိုးထွဋ်အစား ရဲမှူး မျိုးညွှန့်၊ ရဲမှူးမြင့်နိုင်၊ ရဲမှူးသိန်းဌေးတို့ကို စစ်ဆေးခဲ့ကြောင်း၊ တရားခံဘက်မှ သမဝါယမ ဦး စီးမှူး အမျိုးသမီး ဖြစ်သူကို စစ်ဆေးခဲ့ရာ ရုံးချိန်ပြည့်သွားသဖြင့် မနက်ဖြန်တွင် ဆက်လက် စစ်ဆေးမည်ဟု သိရသည်။
“စာရွက်စာတမ်းတွေ အကုန် ကူးယူခွင့် မရသေးဘူး။ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးကနေ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ အပေါ်မှာ သူတို့က ကျူးလွန်တယ်။ အဲဒါကြောင့် ပုဒ်မ ၁၈၈ ကို သုံးတာလို့ ပြောတယ်။ သူတို့ ထုတ်ပြန်ထားတဲ့အမိန့်ကို မလိုက်နာတဲ့အတွက် ဆွဲတာ”ဟု အစိုးရဝန်ထမ်းများဘက်မှ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသူတဦးက ပြောသည်။
ယနေ့ ရုံးချိန်းမှာ နံနက် ၁၁ နာရီမှ ညနေ ၄ နာရီခွဲအထိ ကြာမြင့်ခဲ့သည်။
တရားစွဲဆိုခံထားရသူများ မြို့နယ်တရားရုံးမှ ပြန်အထွက် အမှုကိစ္စနှင့် ပတ်သက်၍ မေးမြန်းခွင့်ရရှိရန် ဧရာဝတီက ကြိုးစား ခဲ့သော်လည်း ၎င်းတို့က ဖြေကြားပေးရန် ငြင်းဆိုကြသည်။
တရားစွဲဆိုခံထားရသူများ အတပ်ခံထားရသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၈၈မှာ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေညာသည့် အမိန့်ကို ဖီဆန်၍ ယခုလို ပုဒ်မ တပ်ရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဖီဆန်ခြင်းသည် လူ့အသက်ကိုသော်လည်းကောင်း၊ ကျန်းမာရေးကိုသော်လည်းကောင်း၊ လုံခြုံရေးကို သော် လည်းကောင်း၊ ဘေးဖြစ်သော် သို့တည်းမဟုတ် ဘေးဖြစ်စေတတ်သော် သို့တည်းမဟုတ် ရုန်းရင်းဆန်ခတ်မှု ကိုသော် လည်းကောင်း၊ သတ်ပုတ်နှောက်ယှက်မှုကိုသော်လည်းကောင်း ဖြစ်စေသော် ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်နိုင် သည်ဟု ရာဇတ်သတ်ကြီး ဥပဒေတွင် ဖော်ပြထားသည်။
နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြို့မဈေးအနီး၌ အစိုးရ ဝန်ထမ်း ၈ ဦးကို ဖမ်းဆီးခဲ့သလို ဆန္ဒပြ ကျောင်း သား ၃၆ ဦး၊ ဥတ္တရသီရိမြို့နယ်၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနရုံးရှေ့တွင် ဆန္ဒပြသူ ၂၀ ဦး၊ ကျည်တောင်ကန်ရွာမှ ဒေသခံ ၂၀ ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
၎င်းတို့ထဲမှ ဆန္ဒပြကျောင်းသား ၃၆ ဦးထဲမှ ၂၇ ဦးသည် ကျောင်းတက်နေဆဲ ကျောင်းသားများ ဖြစ်သဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော် အချုပ်ထောင်မှ ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်ကျောင်းသား ၉ ဦးကို ပြန်လွှတ် ပေးခြင်း မရှိသေးပါ။
ထို့ပြင် ယခုလို CDM လှုပ်ရှားမှုတွင် ပါဝင်သူများကို ရုံးထုတ်စစ်ဆေးနေသည့် ဇမ္ဗူသီရိမြို့နယ် တရားရုံးသည် မနေ့က လည်း သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ရုံးထုတ် စစ်ဆေးနေ သည့် ရုံးတခုဖြစ်ပြီး နေပြည်တော် ကောင်စီဝင်း အတွင်း၌ တည်ရှိသည်။
ယခုလို ရုံးချိန်းများကို လာရောက် သတင်းရယူသည့် သတင်းထောက်တချို့ကို နေပြည်တော် ကောင်စီအဝင်တွင် ရဲတပ်ဖွဲ့ က ပိတ်ဆို့ပြီး သတင်းရယူခွင့် မပြုကြောင်း၊ ကောင်စီဝင်းထဲသို့ အစိုးရ ဝန်ထမ်းကတ်ပြနိုင်သူသာလျှင် ဝင်ခွင့်ပြုမည် ဖြစ်ကြောင်း ပြောဆိုသဖြင့် ဝင်ခွင့်မရသည့် သတင်းထောက်များ ရှိခဲ့သည်။
အာဏာသိမ်း တပ်မတော် အစိုးရက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ – ၁၄၄ ကိုထုတ်ပြန်ထားသည့် နယ်မြေများအတွင်း၌ ဆန္ဒပြသူများအား ဖမ်းဆီးမည် ဖြစ်ကြောင်း၊ ထို့ပြင် လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
You may also like these stories:
ဝင်ငွေအခက်အခဲဖြစ်လာမည့် CDM ဝန်ထမ်းများကို ပံ့ပိုးကူညီရေး စတင်
ဗဟိုဘဏ်အပါအဝင် တပ်မတော် ဝက်ဘ်ဆိုက်အချို့ တိုက်ခိုက်ခံရ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ အာဏာသိမ်း စစ်ကောင်စီ ပြင်ဆင်