အလှမယ် နန်းခင်ဇေယျာက လက်ရှိ အာဏာရှင် ဆန့်ကျင်ရေးအနေနဲ့ ပြုလုပ်နေတဲ့ Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု)ကို ထောက်ခံတယ်လို့ ဆိုပါတယ်။
“နန်းခင်အနေနဲ့တော့ CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ကို ထောက်ခံပါတယ်။ CDM လှုပ်ရှားမှုမှာ တချို့က ပါဝင်ချင်တယ်။ ဒါပေမဲ့ တချို့က မပါဝင်ဘူးပေါ့။ ပါဝင်တာ၊ မပါဝင်တာ သူတို့ ခံယူချက်ပေါ်မှာပဲ မူတည်ပါတယ်။ ရုံးမတက်နဲ့ ရုန်းထွက်ကြပါ။ ပြည်သူတွေအားလုံး၊ လူငယ်တွေ အားလုံး တဖက်တလမ်းကနေ ပါဝင်ကူညီကြပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြပါ”လို့ နန်းခင်ဇေယျာက ပြောပါတယ်။
စစ်တပ်ရဲ့ အာဏာသိမ်းမှုအပေါ် ပြည်သူတယောက်အနေနဲ့ အရမ်းခံစားရပြီး၊ မျှော်လင့်ချက်မဲ့သလို ဖြစ်သွားတယ်လို့ နန်းခင်ဇေယျာက ဆိုပါတယ်။
“အာဏာသိမ်းတာကို မတရားဘူးလို့ ထင်မိတယ်။ ပြည်သူတယောက်အနေနဲ့ လုံးဝကို ရှော့ခ်ဖြစ်သွားတယ်။ အရမ်းလည်း ခံစားရတယ်။ မျှော်လင့်ချက် မဲ့သလို ဖြစ်သွားတယ်။ ကျောင်းသားတွေလည်း ကျောင်းမတက်ရဘူး။ အခုလို အချိန်မှာ ကိုဗစ်ကလည်း ဖြစ်တယ်။ အခုလို ဖြစ်နေချိန်မှာ အလုပ်တွေလည်း ပိုအဆင်မပြေ ဖြစ်ရတယ်”လို့ နန်းခင်ဇေယျာက ပြောပါတယ်။
ဆက်လက်ပြီး ကိုယ်တိုင် ရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရကိုပဲ လိုချင်တယ်လို့ နန်းခင်ဇေယျာက ဆိုပါတယ်။
“နန်းခင်တို့ ကိုယ်တိုင် ရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရကိုပဲ လိုအပ်ပါတယ်။ လူငယ်တွေရဲ့ အနာဂတ်တွေ ထွန်းပေါက်လာဖို့အတွက် ကျမတို့ ရွေးချယ်ထားတဲ့ ပြည်သူအစိုးရကိုပဲ လိုအပ်ပါတယ်”လို့ နန်းခင်ဇေယျာက ပြောပါတယ်။
အလှမယ်၊ သရုပ်ဆောင် နန်းခင်ဇေယျာကတော့ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တတပ်တအား ပါဝင်နေပြီး ပြည်သူ့ဝန်ထမ်းများကိုလည်း Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်ကြဖို့ တိုက်တွန်းလျက် ရှိပါတယ်။
You may also like these stories:
“Generation Z ကို အများကြီး အားကိုးပါတယ်”လို့ နန်းဆုရတီစိုး ပြော
“မကြည်ဖြူတဲ့ ထမင်းကို စားရတာ ရှက်စရာ ကောင်းတယ်”လို့ ဖိုးချစ် ပြော
ဖမ်းဝရမ်း ထုတ်ခံရတဲ့ အနုပညာရှင်များဘက်မှ ရပ်တည်ပေးကြသူများ