ပုဒ်မ ၂ ခုဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ရှေ့နေ လိုက် ပေးရန် ကြိုးစားနေသော်လည်း သက်ဆိုင်ရာ ခွင့်မပြုသဖြင့် ရှေ့နေပါဝါ တင်ခွင့် ယနေ့ အချိန်အထိ မရသေးကြောင်း ပျဉ်း မနားမြို့ မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ၊ သဘာဝဘေး စီမံခန့်ခွဲမှု ဥပ ဒေပုဒ်မတို့ဖြင့် တရားစွဲခံထားရကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံး က ထုတ်ဖော် ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ၎င်းအမှုအတွက် ရှေ့နေကို NLD ပါတီက တာဝန်ပေးသူကို လက်ခံမည် ဖြစ်ကြောင်း ယင်းနေ့ က ပြောဆိုသဖြင့် NLD ပါတီမှ တာဝန်ပေးထားသူ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ရှေ့နေပါဝါ (ရှေ့နေ ကိုယ် စားလှယ်လွှဲစာ) ရရှိရန် ကြိုးစားနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က Video Conferencing စနစ်ဖြင့် လုပ်သည့် တရားရုံး စစ်ဆေးမှုတွင် ဒေါ်အောင်
ဆန်းစုကြည်ထံမှ ကိုယ်စားလှယ်လွှဲစာ ရရှိရန် မြို့နယ် တရားသူကြီးက ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးက ဆောင်ရွက်ပေးလိုက် ပါဟု ပြောဆိုသဖြင့် ယင်းရဲအရာရှိမှတဆင့် ကိုယ်စားလှယ်လွှဲစာ ရရှိရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
“မြို့နယ် ရဲတပ်ဖွဲ့ မှူးကလည်း အထက်လူကြီးတွေကနေတဆင့် ဒေါ်အောင်ဆန်းစုကြည်ဆီကို ပို့ပြီးတော့ လက်မှတ်ထိုးဖို့ လုပ်ပေးမယ်ဆိုပြီးတော့ ပြောပါတယ်။ အခုထိ မရသေးဘူး”ဟု တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က နေပြည် တော်တွင် သတင်းထောက်များကို ပြောသည်။
ထို့ပြင် အမှုသည်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံခွင့် ရရှိရန်လည်း သက်ဆိုင်ရာသို့ စာဖြင့် သီးခြား တောင်းဆို ထားကြောင်း သိရသည်။
“ရှေ့နေနဲ့ အမှုသည်ကတော့ တွေ့ကိုတွေ့ ရမှာ။ သူ့အမှုကို စပြီးတော့ မကိုင်တွယ်ခင်မှာ ရှေ့နေတယောက်အနေနဲ့ အမှု သည်ရဲ့ Instruction လို့ ခေါ်တဲ့ ညွှန်ကြားချက်ကို ယူကို ယူရမှာ။ အဲဒါတွေ ရဖို့အတွက် ကျနော်တို့ လျှောက်လွှာလည်း တင်တယ်။ ရဲကို တဆင့်ပေးတယ်”ဟု ဦးခင်မောင်ဇော်က ပြောသည်။
ရှေ့နေကိုယ်စားလှယ်လွှဲစာ ရရှိရန် နေ့စဉ် ကြိုးစားနေပြီး အကယ်၍ လာမည့် မတ်လ ၁ ရက်နေ့တွင် ပြုလုပ်မည့် နောက် ရုံးချိန်းအထိ မရရှိပါက ရှေ့နေများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွဲ လေ့လာခွင့်၊ တရားရုံး စစ်ဆေးမှုတွင် တရားလို ဘက်သို့ မေးမြန်းခွင့်များ ဆုံးရှုံးရမည် ဖြစ်ကြောင်း ရှေ့နေများဘက်က ပြောသည်။
ဦးခင်မောင်ဇော်က“စွပ်စွဲခံရတဲ့သူအနေနဲ့အခွင့်အရေးတွေ ဆုံးရှုံးသွားမှာကို ကျနော်တို့အင်မတန် စိုးရိမ်တယ်ဗျ။ ဘာလို့ လဲဆိုတော့ သူ့ရဲ့ ကိုယ်စားလှယ်လွှဲစာ တင်ပြီးမှ တရားရုံးကလည်းပဲ ရှေ့ နေတယောက်အနေနဲ့အမှုတွဲတွေကို လေ့လာ ခွင့်ပေးမယ်။ အဲဒီ အမှုတွဲတွေ နှစ်မှုစလုံးပေါ့။ အခုထိ မဖတ်ရသေးဘူး။ မသိရသေးဘူး”ဟု ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ အမှုအတွက် ဥပဒေကြောင်းအရ ကြိုးစား နေသည်မှာ ရှေ့နေများဘက်မှ မှန်သော်လည် ၎င်းတို့ ၂ ဦးစလုံးသည် အပြစ်မရှိဘဲ စွပ်စွဲခံရသူများ ဖြစ်၍ ခြွင်းချက်မရှိ လွှတ်ပေးရန်သာ ပြောလိုကြောင်း နေပြည်တော် NLD ခရိုင် ဥက္ကဌ ဦးမင်းသူက ပြောသည်။
“ကျနော်တို့ ခေါင်းဆောင်တွေကို အကြောင်းရှာပြီး ဖမ်းထားတာ။ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့ ရနိုင်တဲ့ နည်းလမ်း တွေကို အကုန်ကျင့်သုံးသွားမှာပဲ။ ဥပဒေပိုင်းဆိုင်ရာ အရလည်း လုပ်နေတယ်။ ပြည်သူတွေ လိုချင်နေတာ ခေါင်းဆောင် တွေ အားလုံး လွှတ်ပေးရေးပဲ”ဟု ဦးမင်းသူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးသို့ စွဲတင်ခံရသည့် ပုဒ်မ ၂ ခုအနက် တခုမှာ ရွေးကောက်ပွဲအကြိုကာလ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က မဲဆွယ်သည့် ကားယာဉ်တန်းတခုကို ထွက်၍ လက်ပြနုတ်ဆက်သည့်အတွက် သဘာဝ ဘေး စီမံခန့်ခွဲမှု ခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် အရေးယူခံရခြင်း ဖြစ်သည်။
နောက်ပုဒ်မတခုမှာ နေအိမ်တွင် စကားပြောစက်များ တရားမဝင် တင်သွင်းထားသည်ဟု ဆိုကာ ပို့ကုန်သွင်းကုန် ပုဒ်မ ၈ ဖြင့် အမှုဖွင်၍ တရားရုံးသို့ တင်ထားခြင်း ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် တရားရုံးက အတည်ပြုထားသည်။
သမ္မတ ဦးဝင်းမြင့်ကိုမူ ရွေးကောက်ပွဲအကြိုကာလ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က မဲဆွယ်သည့် ကား ယာဉ်တန်းတခုကို ထွက်၍ လက်ပြနုတ်ဆက်သည့်အတွက် သဘာဝဘေး စီမံခန့်ခွဲမှု ခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားရုံး တင်ထားခြင်း ဖြစ်သည်။
သမ္မတ ဦးဝင်းမြင့်က ၎င်းကိုယ်တိုင်လည်း ဥပဒေသမား၊ ရှေ့နေတဦး ဖြစ်သဖြင့် ယခုအမှုကို ကိုယ်တိုင် ထုချေမည်ဟု ယနေ့ Video Conferencing စနစ်ဖြင့် ပြုလုပ်သည့် ရုံးချိန်းတွင် ပြောဆိုသည်ဟု သိရသည်။
တပ်မတော်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်သည်။
You may also like these stories:
မြန်မာ့အရေး အာဆီယံနှင့် ဆွေးနွေးရန် အမေရိကန် စီစဉ်နေ
မြန်မာကို ပေးနေသည့် ဖွံ့ဖြိုးရေး အကူအညီများ ဂျပန် ဖြတ်ရန် စဉ်းစားနေ
စစ်ကောင်စီ ဖွဲ့စည်းထားသည့် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ ALD မတက်