အာဏာသိမ်း စစ်ကောင်စီက အသစ်ပြန်လည် ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲသို့ ရခိုင်ပါတီ တခုဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)အနေဖြင့် တက်ရောက် မည် မဟုတ်ကြောင်း သိရသည်။
လက်ရှိ ကောင်စီ၏ လုပ်ရပ်မှာ ပါတီမူနှင့် မကိုက်ညီသည့် အချက်များ ပါဝင်သည့်အတွက် သက်ဆိုင်ရာ ပါတီထိပ် ပိုင်း ခေါင်းဆောင်များ၏ သဘောတူညီချက်အရ ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ALD အထွေထွေအတွင်းရေးမှူး ဦး မျိုးကျော်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ကျနော်တို့ ပါတီတာဝန်ရှိတဲ့သူအားလုံး သဘောထား မေးကြည့်တဲ့အခါ ကျနော်တို့ရဲ့ ပါတီမူမှာလည်း ပါတယ်။ အာဏာရှင် စနစ်ကို အပြီးပိုင် တိုက်ဖျက်သွားမယ်ဆိုတဲ့ မူရှိတယ်။ ဒါကြောင့် ဒီနေ့မှာလည်း အာဏာသိမ်းလို့ပဲပြောပြော၊ Change လိုက်တာပဲဆိုဆို ALD ရဲ့မူအရကတော့ အာဏာသည် ပြည်သူက ဆင်းသက်ရမယ်။ အဲဒီမှာ မူက မကိုက်ညီ ဖြစ် နေတဲ့အတွက် ကောင်စီက ရွေးထားတဲ့သူတွေက ခေါ်တဲ့ဟာကို သွားတာဟာ သူတို့ကို တရားဝင်မှုပြုရာ ရောက်တယ်ဆို တဲ့ အနေအထား ကျရောက်တာကြောင့် သွားမတက်တာ” ဟု ဆိုသည်။
ယင်း အစည်းအဝေးကို ALD အနေဖြင့် မတက်ရောက်မည့် အကြောင်းကိုလည်း သက်ဆိုင်ရာသို့ ယနေ့ ပြန်လည် အကြောင်းကြားလိုက်ပြီဟုလည်း ၎င်းက ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (Arakan League for Democracy – ALD) သည် ၁၉၈၉ ခုနှစ် စက်တင်ဘာလတွင် စတင် တည်ထောင်ခဲ့သည့် ရခိုင်ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီ တခုဖြစ်ပြီး ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည် နယ်အတွင်း မဲဆန္ဒနယ် ၁၁ နေရာထိ အနိုင်ရှိခဲ့သည်။
၂၀၁၃ တွင် ALD သည် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် မှတ်ပုံတင်ခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီတွင် ခွဲထွက်ကာ ALD အနေဖြင့် ပြန်လည် ရပ်တည်ပြီး ရွေးကောက် ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် အနိုင်ရကိုယ်စားလှယ် မရှိခဲ့ပါ။
ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှကတော့ UEC ၏ အစည်းအဝေးသို့ တက်မတက် လောလောဆယ် ဆွေးနွေးနေဆဲဖြစ်ပြီး အတိအကျ ပြော၍မရသေးဟု ဆိုသည်။
UEC အသစ်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၂၆ ရက်၊ နံနက် ၉ နာရီတွင် နေ ပြည်တော်ရှိ UEC ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီများကို ဖိတ်ကြားထားသော်လည်း မည် သည့်အကြောင်းအရာ ဆွေးနွေးမည်ဆိုခြင်းကို ထုတ်ဖော် ပြောဆိုထားခြင်း မရှိပါ။
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီက လူ ၅၀၀ နီးပါး ဖမ်းဆီးချုပ်နှောင်ထား
စင်္ကာပူ ကုန်အမှတ်တံဆိပ်များ သပိတ်မှောက်ရန် လှုံ့ဆော်လာကြ
မုံရွာသပိတ်စစ်ကြောင်း တပ်မတော်သားတဦး ပူးပေါင်း