စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ဒေသခံများ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွင် တပ်မတော်သားတဦး ယနေ့ နံနက်ပိုင်းက ပူးပေါင်းပါဝင်လာကြောင်း သိရသည်။
၎င်းမှာ ခမရ ၁၆ (မုံရွာ)တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် တပ်ကြပ်စာရေးသန်းလွင် (ကိုယ်ပိုင်နံပါတ် – ၅၅၀၀၉၆) ဆိုသူဖြစ်ပြီး ယနေ့နံနက် ၁၀ နာရီခန့်တွင် လာရောက်ပူးပေါင်း ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ထိုင်သပိတ် နားသည့်အခါ ၎င်းက ဆန္ဒပြလူထုအား စကားပြောခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုဝေမိုးနိုင် က ဧရာဝတီကို ပြောသည်။
အဆိုပါ တပ်သားသည် လတ်တလော၌ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဝန်း၌ စစ်တပ်က လုံခြုံရေး ယူထားသည့် အထဲတွင် ပါဝင်ကြောင်းလည်း သိရသည်။
ကိုဝေမိုးနိုင်က “ဘာကြောင့် ပူးပေါင်းပါဝင်ရတယ်ဆိုတဲ့ အကြောင်းပြချက်မျိုးကိုတော့ သူ ပြောတာမရှိဘူး။ အဓိက ကတော့ သူ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်တယ်။ အဲဒီအတွက် သူ့ မိသားစုကိုတောင် အသိမပေးဘဲနဲ့ စစ်ကြောင်း ထဲကို လာပြီး ပူးပေါင်းပါဝင်တာ ဖြစ်ပါတယ်ပေါ့။ အဲဒီလိုမျိုးတော့ ပြောတာရှိပါတယ်” ဟု ပြောသည်။
ထိုသို့ ပူးပေါင်းပြီး မကြာခင်မှာပဲ အရပ်ဝတ်ဖြင့် တပ်မတော်သား တချို့က ၎င်း၏ဇနီးဖြစ်သူကိုပါ အတူခေါ်လာပြီး စစ် ကြောင်းထဲမှ ပြန်လာခေါ်သော်လည်း လိုက်ပါသွားခြင်း မရှိကြောင်း၊ လောလောဆယ်တွင် အဆိုပါ တပ်ကြပ်သည် CDM တွင် ပူးပေါင်းပါဝင်မည်ဟု ပြောကြားထားသောကြောင့် ၎င်းအား လုံခြုံသည့် နေရာတွင် နေထိုင်နိုင်ရေးအတွက် CDM ကို ပံ့ပိုးနေသည့် အဖွဲ့များက စီစဉ်ပေးထားကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါ တပ်သား သပိတ်စစ်ကြောင်းထဲ ပူးပေါင်းပါဝင်လာကြောင်း ယနေ့ နံနက်ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့ လျက်ရှိပြီး ယင်းဖြစ်စဉ်အပေါ် ကြိုဆိုသူများ ရှိသကဲ့သို့ ယခုအချိန်တွင် အယုံမလွယ်ကြရန် သံသယစိတ်များဖြင့် ထောက်ပြ ပြောဆိုနေမှုများလည်း ရှိသည်။
ကိုဝေမိုးနိုင်က “အခုအချိန်ကတော့ ကျနော်တို့တွေကြားမှာ ဝေဝါးမှုတွေ၊ သံသယတွေက ရှိနေမှာပဲ။ ဒါတွေနဲ့ ပတ်သက်လို့ လည်း ကျနော်တို့က ဘာကိုမှ ယတိပြတ် ဆုံးဖြတ်ချက်တခု ချပြီးတော့ ဒါဟာ အစစ်အမှန် ပြည်သူ့ဘက်ကို ပူးပေါင်းတာ လား ဒါမှမဟုတ် တဖက်ကနေပြီး ပုံစံတမျိုးနဲ့ သပ်လျှိုပြီး ထည့်သွင်းတာလားဆိုတာ အခုအချိန်မှာ ဆုံးဖြတ်ဖို့ သိပ်ခက်ပါ လိမ့်မယ်” ဟု မှတ်ချက်ပြုသည်။
ဆက်လက်၍ ၎င်းက တပ်ကြပ်စာရေး သန်းလွင်အနေဖြင့် CDM လုပ်သည့် တခြားဝန်ထမ်းများနည်းတူ စစ်ကြောင်းအတွင်း ပူးပေါင်းပါဝင်နိုင်ပြီး မုံရွာလူထု သပိတ်တိုက်ပွဲကိုမူ တကသ၊ ဗကသ၊ မုံရွာမြို့နယ် NLD နှင့် တခြားနိုင်ငံရေး အဖွဲ့အစည်း များ ပူးပေါင်းဖွဲ့စည်းထားသည့် ဦးဆောင်ကော်မတီက ဆက်လက် ဦးဆောင်သွားမည် ဖြစ်သည်ဟု ဆိုသည်။
မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ အနေဖြင့် ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ကာ တရားဝင်ကြေညာပြီး သပိတ် စစ်ကြောင်း ချီတက်ခဲ့ရာ ယနေ့ဆိုလျှင် ၁၂ ရက်မြောက်နေ့ ရှိပြီဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဖြစ်ပေါ်လျက်ရှိရာ ပြီးခဲ့သည့် ရက်ပိုင်းကလည်း တခြားသော တိုင်းနှင့်ပြည်နယ်က မြို့တချို့တွင် ရဲတပ်ဖွဲ့ဝင်များ ပြည်သူ လူထု သပိတ်စစ်ကြောင်းများတွင် ပူးပေါင်းပါဝင်ခဲ့မှုများ ရှိသည်။
You may also like these stories:
မန္တလေး မီးရထားဝန်ထမ်း အိမ်ရာဝင်းကို စစ်တပ်နှင့် ရဲ ပစ်ခတ်မှု ၂ဦး ဒဏ်ရာရ