Entertainment

ကျန်းမာရေး ဝန်ထမ်းတွေအတွက် လုပ်အားနဲ့ ဆေးဝါးဒါန ပြုပေးတဲ့ နီနီခင်ဇော်

အဆိုတော် နီနီခင်ဇော်ကတော့ Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ကြောင့် လိုအပ်နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ကျန်းမာရေး ဝန်ထမ်းတွေကို တတ်နိုင်တဲ့ဘက်ကနေ လုပ်အား၊ လိုအပ်နေတဲ့ ဆေးဝါးဒါနတို့ကို ပြုပေးနေတယ်လို့ ဆိုပါတယ်။

“အနာဂတ်ကောင်းမှာပဲ ရှင်သန်စေချင်တယ် ကလေးတို့ရေ။ ယခု ပြည်သူတွေ လုပ်ဆောင်ချက်ဟာ အနာဂတ်အတွက် မြန်မာ့မျိုးဆက်သစ်များအတွက်ပါ။ အားလုံး ကြိုးစားပေးပါ။ တောင့်ခံပေးပါ။ CDM ကြောင့် ဆေးရုံတွေ ပိတ်ထားပါတယ်။ လမ်းပေါ် မထွက်နိုင်သေးပေမယ့် နောက်တန်းမှာ အလိုအပ်ဆုံးဖြစ်နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် CDM ကျန်းမာရေး ဝန်ထမ်းတွေကို တတ်နိုင်တဲ့ လုပ်အား၊ လိုအပ်နေတဲ့ ကိရိယာအလှူ ဆေးဝါးဒါန ပြုနေပါတယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။

နီနီခင်ဇော်ဟာ လက်ရှိ အခမဲ့ သားဖွားဆေးခန်း တခုမှာ ကူညီပေးနေတာ ဖြစ်ပြီး၊ အဲဒီ ဆေးခန်းမှာ Facility မစုံတာကြောင့် အလှူရှင်တွေ လိုအပ်ကြောင်း အလှူခံထားပါတယ်။

အဆိုတော် နီနီခင်ဇော် (ဓာတ်ပုံ – Ni Ni Khin Zaw’s Facebook)

“အခု လုပ်အားပေးနေတဲ့ အခမဲ့ သားဖွားခန်းလေးဟာ မူကြိုကျောင်းလေးမှာ ကပ်ဖွင့်နေရတာပါ။ ရိုးရိုး မွေးလူနာတွေ အားလုံးကို CDM ဆရာ၊ ဆရာမ၊ သူနာပြုတွေ အခမဲ့ မွေးပေးနေတာပါ။ ရိုးရိုးမွေးလို့ အဆင်မပြေတဲ့သူတွေ၊ ခွဲမွေးမှ ရမယ့်သူတွေကိုတော့ စရိတ်မျှပေး ဆေးခန်းတွေကို လွှဲပေးနေပါတယ်။ ဒါတောင် မတတ်နိုင်တဲ့သူတွေ အများကြီး တွေ့ပါတယ်”လို့ နီနီခင်ဇော်က ဆိုပါတယ်။

ဆက်လက်ပြီး “ခုတင်လည်း အများကြီး မရှိ၊ မွေးလူနာလည်း များလို့ပါ။ Facility မစုံသေးလို့ အလှူရှင်တွေ လိုနေပါတယ်။ တတ်နိုင်တာလေးတွေ လှူပေးပါ။ ညှိုးငယ်စွာ အကူအညီ တောင်းပါတယ်။ တခါမှ အလှူမခံဖူးပါဘူးနော်။ Volunteer ဆရာဝန်များ၊ ဆေးကျောင်းသား၊ ဆေးကျောင်းသူများ၊ Midwife များလည်း လိုနေပါတယ်။ ကူညီနိုင်ပါတယ်ရှင်”လို့ ဆိုပါတယ်။

CDM အောင်မြင်မှ ဖြစ်မှာဖြစ်ပြီး၊ မဟုတ်ရင် အပြစ်မဲ့ ပြည်သူတွေ ဆုံးရှုံးရလိမ့်မယ်လို့ ဆိုပါတယ်။

အဆိုတော် နီနီခင်ဇော် (ဓာတ်ပုံ – Ni Ni Khin Zaw’s Facebook)

“CDM အမြန်ဆုံး အောင်မြင်မှ ရပါမယ်။ မဟုတ်ရင် အပြစ်မဲ့ ပြည်သူတွေ ဆုံးရှုံးရပါမယ်။ ဌာနပေါင်းစုပါဝင်မှ အောင်မြင်ပါမယ်။ ညီညွတ်စွာ လမ်းပေါ်မှာ ရပ်တည်ပေးတဲ့ ပြည်သူတွေကို ဦးညွှတ်လျက်”လို့ နီနီခင်ဇော်က ပြောထားပါတယ်။

အဆိုတော် နီနီခင်ဇော်ကတော့ CDM ကာလအတွင်း ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ “ရွှေ” ဆေးခန်းမှာ ဆေးအကူအနေနဲ့ လုပ်အားပေးရင်း လူနာများအတွက် လိုအပ်တဲ့ ဆေးဝါးဒါန အခမဲ့ ပြုပေးနေတာ ဖြစ်ပါတယ်။

You may also like these stories:

ဖမ်းဝရမ်း ထုတ်ခံရတဲ့ အနုပညာရှင်များဘက်မှ ရပ်တည်ပေးကြသူများ

CDM လှုပ်ရှားသည့် အစိုးရဝန်ထမ်း ၈ ဦး အမိန့် ဖီဆန်မှုဖြင့် ရုံးထုတ်စစ်ဆေးခံရ

Loading