စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၌ အောက်တိုဘာလအတွင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က ယမန်နေ့ တိုင်း အစိုးရအဖွဲ့ရုံး အစည်းအဝေးတွင် ပြောသည်။
အာဏာသိမ်း စစ်ကောင်စီက၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာ၌ ကြုံတွေ့ရမည့် အခက်အခဲများအား ကြိုတင်ပြင်ဆင်နိုင်ရန် စမ်းသပ်သန်းခေါင်စာရင်းအနေဖြင့် မုံရွာပေါ် ရပ်ကွက်နှစ် ခုနှင့် ကျေးရွာရှစ်ရွာတွင် ကောက်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မုံရွာမြို့နယ်အတွင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမည်ဆိုသော်လည်း မည်သည့်ရပ်ကွက်၊ ကျေးရွာတွင် ကောက်ယူမည်ကို ထုတ် ဖော်ပြောကြားခြင်း မရှိပေ။
ယခုကဲ့သို့ မုံရွာမြို့နယ်အတွင်း စမ်းသပ်သန်းခေါင် စာရင်းကောက်ရန် လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး အောင်မြင်နိုင် မည့် အလားအလာ နည်းပါးကြောင်းနှင့် ၎င်းတို့ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုအနေဖြင့် အင်အား သုံးကောက်ယူပါကလည်း ဟန်ပြအနေဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော် မတီဝင် ကိုခန့်ဝေဖြိုးက ပြောသည်။
၎င်းက “သူတို့ (စစ်ကောင်စီ) ကြောင့်ပဲ ကျေးရွာတွေ အများအပြားက ပြည်သူတွေကတွေ နေအိမ်တွေ စွန့်ခွာပြီး ထွက်ပြေးနေရတာ။ ဒါပေမယ့် ဟန်ပြလုပ်ချင်တယ်ဆိုရင်တော့ မြို့ပေါ်နေရာအနည်းငယ်လောက်ပဲ ဟန်ပြအနေနဲ့ လုပ်ပါလိမ့်မယ်။ ရွေးကောက်ပွဲကို စစ်ကိုင်းတတိုင်းလုံးအနေအထားနဲ့ ကျင်းပနိုင်ဖို့က လုံးဝဖြစ်နိုင်ခြေ မရှိပါဘူး။ နေရာအများစုက တော်လှန်ရေး အင်အားစုတွေက စိုးမိုးနယ်မြေတွေ ရရှိထားကြတာဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင်လည်း စစ်ကိုင်းတိုင်းအတွင်း မုံရွာမြို့နယ်အပါအဝင် မြို့နယ်အားလုံးနီးပါး၌ ဒေသကာကွယ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီ တပ်များကလည်း မြေပြင်စစ်ကြောင်း ထိုးမှု၊ လေကြောင်းမှ ဗုံးကြဲ၊ ပစ်ခတ်မှုများဖြင့် တိုက်ခိုက်မှု ဆက်လက်မြင့်တက် နေဆဲ ဖြစ်သည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ၏ အချက်အလက်များအရ စစ်တပ်အာဏာ သိမ်းအပြီး ၂ နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်း၌ နေအိမ်၊ အဆောက်အအုံ ၅၉၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရ ကြောင်း စာရင်းပြုစုထားပြီး ဒေသခံပြည်သူအများအပြားလည်း နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
ယင်းပြင် မုံရွာမြို့နယ်နှင့် ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲ လုပ် ငန်းစဉ်များအပေါ် လက်မခံကြောင်းနှင့် တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောထားကြသည်။
မုံရွာအခြေစိုက် Golden Eagle Force အဖွဲ့က “သူတို့ (စစ်ကောင်စီ) အုပ်ချုပ်ရေး တည်ဆောက်ဖို့၊ ရွေးကောက်ပွဲ ပြန် လုပ်ဖို့ ကြိုးစားနေကြတာ၊ သူတို့က သူတို့လုပ်စရာရှိတာ လုပ်သလို ကျနော်တို့ကလည်း ကျနော်တို့လုပ်စရာရှိတာ လုပ်ကြရမှာပါပဲ” ဟု ပြောသည်။
မုံရွာအခြေစိုက် Golden Eagle Force အဖွဲ့သည် ပြီးခဲ့သည့် ဩဂုတ်၂၀ ရက်က မုံရွာမြို့၊ ဘိုးဘွားရိပ်သာမြောက်ဘက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဂိတ်ဖွင့်စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဦးဆောင်တိုက်ခိုက်ခဲ့သည့် အဖွဲ့ဖြစ်ပြီး ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ၄ ဦး သေဆုံးကာ သေနတ်တလက်ရရှိခဲ့ကြောင်းလည်း ဗီဒီယို ဖိုင်နှင့်တကွ ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေး အင်အားစုများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လမ်းခရီးတွင် မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ ရုံးဌာနများနှင့် အထိုင်ချထားသည့်နေရာများ စီးနင်းတိုက်ခိုက်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ် လျက်ရှိရာ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများအနေဖြင့် မြေပြင်တွင် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများ အားနည်းလျက်ရှိကြောင်းလည်း ဒေသခံများက ပြောသည်။
ယမန်နေ့က စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် တိုင်းအတွင်း သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးသို့လည်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘို ခရိုင်၊ ဟုမ္မလင်းခရိုင်တို့ရှိ စစ်ကောင်စီခန့် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌများမှာ အွန်လိုင်းစနစ်ဖြင့်သာ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
စစ်ကောင်စီအနေဖြင့် စမ်းသပ် သန်းခေါင်စာရင်းကောက်ယူမှုအား တနိုင်ငံလုံးအနေဖြင့် မြို့နယ်၂၀ ရှိ ကောက်ကွက် ၁၀၀ ၌ လာမည့် အောက်တိုဘာလအတွင်း ကောက်ယူရန်ပြင်ဆင်လျက် ရှိသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ပြည်လုံးကျွတ် သန်း ခေါင်စာရင်း ကောက်ယူပြီးမှသာ ရွေးကောက်ပွဲတရပ် ကျင်းပမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
You may also like these stories:
၂ နှစ်အတွင်း စစ်ကောင်စီ တိုက်ခိုက်ရေးတပ် ထက်ဝက်ဆုံးရှုံးဟု NUG ပြော
ရွေးကောက်ပွဲကျင်းပရေး စစ်ကောင်စီ တွန်းအားပေးလုပ်နေ














