Infinity-O Display အသစ်နဲ့ စမတ်ဖုန်းကို Samsung က မိတ်ဆက်လိုက်ပါပြီ။ Samsung Galaxy A8s လို့ အမည်ရပြီး တနင်္လာနေ့က တရုတ်နိုင်ငံမှာ မိတ်ဆက်သွားခဲ့တာပါ။
Galaxy A8s ဟာ Screen ဘယ်ဘက်၊ အပေါ်ထောင့်မှာ အပေါက်ဖောက်ထားတဲ့ Infinity-O Display သုံး ပထမဆုံး Samsung ဖုန်းပါ။ ရှေ့ကင်မရာအတွက် အပေါက်လေးတခုပဲ ပါတဲ့အတွက် တကယ့် Screen အပြည့်အရသာကို ပေးစွမ်းနိုင်မယ့် ဖုန်းတလုံးဖြစ်ပါတယ်။ Huawei ကလည်း အလားတူ Display နဲ့ Honor V20 ဖုန်းကို တနင်္လာနေ့မှာပဲ Samsung ထက် အရင် ဦးအောင် မိတ်ဆက်သွားခဲ့ပါတယ်။
Galaxy A8s ရဲ့ နောက်ထပ် ထူးခြားချက်တွေကတော့ 3.5mm နားကြပ်ပေါက် မပါဝင်တော့တာ၊ ကျောကင်မရာ သုံးလုံး ပါဝင်တာနဲ့ 8GB RAM ပါဝင်တာတို့ ဖြစ်ပါတယ်။
Galaxy A8s ရဲ့ ဈေးနှုန်းကိုတော့ Samsung က မကြေညာရသေးပါဘူး။ Snapdragon 710 Chipset သုံးထားပြီး၊ 6GB RAM + 128 GB Storage ရယ်၊ 8GB RAM + 128 GB Storage ရယ်ဆိုပြီး မော်ဒယ် ၂ မျိုး ထွက်ဖို့ ရှိပါတယ်။
၆.၄ လက်မအရွယ် 1080 x 2340 pixels Display ကို အသုံးပြုထားပြီး၊ ရှည်မျောတဲ့ 19.5:9 Aspect Ratio နဲ့ ဖြစ်ပါတယ်။ Display အမျိုးအစားက Super AMOLED လို့ မပြောသွားတဲ့အတွက် သာမန် IPS LCD Display နဲ့ ဖြစ်ဖို့ များပါတယ်။
Display မှာ ဖောက်ထားတဲ့ ရှေ့ကင်မရာအပေါက်ဟာ ၆.၇ မီလီမီတာပဲ အကျယ် ရှိတာကြောင့် Display ပေါ်မှာ သိသာမှု မရှိပါဘူး။ ဒါပေမယ့် Honor V20 ရဲ့ ရှေ့ကင်မရာအပေါက်က ၄.၅ မီလီမီတာ ဆိုတော့ Galaxy A8s ထက် ပိုသေးပါတယ်။
Galaxy A8s ရဲ့ ကျောကင်မရာသုံးခုကတော့ 24MP, f/1.7 Main Lens၊ 10MP Telephoto Lens နဲ့ Depth of Field ဖမ်းယူဖို့အတွက် 5MP, f/2.2 Lens တို့ ဖြစ်ပါတယ်။ ရှေ့ကင်မရာကတော့ f/2.0 အပါချာရှိတဲ့ 24MP Lens ပါ။ လက်ဗွေရာဆန်ဆာကိုတော့ ကျောဘက်မှာ တွေ့ရပါတယ်။
3,400mAh ဘက်ထရီပါဝင်လာပြီး၊ USB-C Port ကနေ အားအမြန်သွင်းစနစ် အသုံးပြုနိုင်ပါတယ်။ Apple ကို နားကြပ်ပေါက် ဖြုတ်ပစ်တာ လှောင်ပြောင်ခဲ့တဲ့ Samsung ဟာ ဒီဖုန်းမှာ နားကြပ်ပေါက်ဖြုတ်ပစ်ထားပါတယ်။
Galaxy A8s ကို အပြာရောင်၊ မီးခိုးရောင်နဲ့ အစိမ်းရောင်ဆိုပြီး ကာလာ ၃ မျိုး ရွေးချယ်နိုင်ပါလိမ့်မယ်။ ဒီဇင်ဘာ ၂၁ ရက်နေ့ကစတင်ပြီး၊ တရုတ်နိုင်ငံမှာ ကြိုတင်အော်ဒါမှာယူနိုင်ပြီလို့ သိရပါတယ်။ ဘယ်နေ့ ရောင်းချမလဲတော့ မသိရသေးပါဘူး။ ဈေးနှုန်းကတော့ Mid-range ထဲကမှ အမြင့်စား မော်ဒယ်ဈေး ရှိနိုင်ပါတယ်။
Ref: Gadgets NDTV, GSM Arena