Culture

ခင်အောင်အေး သို့မဟုတ် “ကဗျာများ-၁၉၉၀”

Want create site? Find Free WordPress Themes and plugins.

ကဗျာဆရာ ခင်အောင်အေးကို ၁၉၅၆ ခုနှစ်မှာ ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး၊ သူ့ကြောင့်ပင် ဒါရိုက်တာ Petr Lom နဲ့ ထုတ်လုပ်သူ Corinne Van Egeraat တို့၏ ကဗျာဆရာ ၁၇ဦးအကြောင်း ရိုက်ကူး ထားသည့် Burma Story Book မှတ်တမ်းရုပ်ရှင်နှင့် ယခုစာအုပ်ဖြစ်လာခြင်း ဖြစ်သည်ဟုဆိုသည်။

အဆိုပါ ရုပ်ရှင်နှင့် ပတ်သက်၍ ဆရာခင်အောင်အေးက အကြံပေးသူဖြစ်သကဲ့သို့ များပြားလှသည့် ကဗျာဆရာ များကို ရှာဖွေရာမှာ ကူညီလမ်းညွှန်ပေးခဲ့သည်ဟု ဆိုသည်။ တချို့ ကဗျာဆရာများ၏ လက်ရာများကို ဘာသာ ပြန်ခြင်းပင် မပြုလုပ်ရသေးပါ။

သူသည် မြန်မာကဗျာလောက၏ သံတမန်တဦးဖြစ်ပြီး သူ့မျိုးဆက်၏ ဂုဏ်သိက္ခာ အရှိဆုံး ကဗျာ ဆရာများထဲမှ တဦးဖြစ်သည်။

မေး။ ။ခင်ဗျားအကြောင်းပြောပြပါဦး။

ဖြေ – ။ ၁၉၅၆ မှာမွေးပါတယ်။ ရန်ကုန်မှာပါ။ လူမှန်းသိတတ်စအရွယ် ရောက်တော့ မော်လမြိုင် ရောက်နေပြီ။ မော်လမြိုင်မှာ မိနဲ့ဖနဲ့ စုံစုံညီညီနေခဲ့ရတဲ့ မိသားစု ဘဝလေးဟာ တသက် လုံး စိတ်အာရုံထဲ သိမ်းထုပ်ယူသွားရမယ့် ရှားတောင့်ရှားပါး အချိန်ကာလတွေပါပဲ။

ကိုယ် ၇ နှစ်သားအရွယ်မှာ အဖေနဲ့အမေ အိမ်ထောင်ကွဲကြတယ်။ မြောင်းမြက အဖေ့အမဆီမှာ ကိုယ်တို့ မောင်နှမ ၂ ယောက် ၂နှစ်လောက်သွားနေရသေးတယ်။ အဖေနဲ့အမေ တရားဝင် ကွာရှင်းတဲ့ ကိစ္စတွေပြီး သွားတော့ အမေက မြောင်းမြကို လာပြီး ကိုယ်တို့ မောင်နှမကို ခေါ်သွားတယ်။ ကျောက်ဖြူ-ငလပွေ့ လမ်းပေါ် က တောင်ရင်းရွာထိပ်မှာ ကြက်ခြံလေး ထူထောင်ထားတယ်။

ဒီငယ်ဘဝပုံရိပ်တွေက ကိုယ့်ရဲ့ ကဗျာဆရာဘဝမှာ အရေးပါတဲ့ ဇာတ်ဝင်ခန်းတွေ ဖြစ်လို့ သေချာ ပြောပြတာပါ။ အမေ နောက်အိမ်ထောင် ထပ်ပြုတော့ ပထွေးနဲ့မနေချင်တာနဲ့ အဖေ့ဆီပြန်လာနေ လိုက်တယ်။ ရန်ကုန် ရောက်လာတာပေါ့

၅ တန်ုးကို ဟိုတုန်းက နာမည်ကြီး ကျောင်းဖြစ်တဲ့ စိန်ပေါလ်မှာ တက်တယ်။ ၇တန်းမှာ စာမေးပွဲ ကျတော့ မနီး မဝေးက စည်းကမ်းကောင်းတဲ့ ဗိုလ်တထောင် ၅ ကျောင်းကိုပြောင်းတယ်။

ကျောင်းစာမှာ သူများနောက်ကပဲ၊ ဆော့တာနဲ့ ဗရုတ်ကျတာမှာတော့ ရှေ့တန်းကပဲ။ ၈-၉-၁၀ အတန်း တွေ တက်တဲ့ ဆယ်ကျော်သက် အရွယ်မှာ အိမ်နဲ့ပဋိပက္ခ ဖြစ်တာတွေ (အိမ်က ၂ ခါ ထွက်ပြေးဖူး တယ်) မိန်းကလေးတွေကို စ စိတ်ဝင်စားပြီး ဟိုတယောက်ကို ကြိုက်လိုက် ဒီတယောက်ကို ကြိုက် လိုက် ဖြစ်တာတွေကပဲ ကဗျာ စရေး ဖြစ်စေတဲ့ အကြောင်းလို့ ပြောရမယ် ထင်ပါရဲ့။

အတန်းစာ (မြန်မာစာ)မှာ သင်ရတဲ့ ရှေးကဗျာလေးတွေ အသံသာတာကို သဘောကျပြီး ခေတ်စာလုံးနဲ့ စပ်ဖူး ရေးဖူးတယ်။

၉ တန်းနှစ်မှာ ညီမရဲ့သူငယ်ချင်းနဲ့ သင်္ကြန်ကာလ ရေကစားမဏ္ဍပ်မှာ ဆုံပြီး တယောက်နဲ့ တယောက် ဘာလို လိုဖြစ်၊ နောက် အဆင်မပြေဖြစ်၊ အသည်းကွဲ။ အဲ့ဒီမှာ ကဗျာတွေ တွန်းရေး ဖြစ်တော့တယ်။ ကလောင်နာမည် ခင်အောင်အေး ဆိုတာ သူ့နာမည်ရဲ့ ရှေ့စာလုံးနဲ့ နောက်စာလုံးကို ယူပြီး အလယ်က (အောင်)ပဲ ပြောင်းထည့် ထားတာ။ တသက်လုံး စွဲမြဲစွာ ချစ်ခဲ့မိသူ၊ တဦးတည်းသော ငယ်ချစ်ပေါ့လေ။

ဆယ်တန်းအောင်တော့ ရန်ကုန်တက္ကသိုလ် တက်ရတယ်။ တက္ကသိုလ်ကျောင်းသားဘ၀ ၄ နှစ်ဟာ ကိုယ့်ရဲ့ လူငယ်ဘဝပေ့ါ။ အရေးကြီးတဲ့ အလှည့်အပြောင်းတွေ ဖြစ်ခဲ့တယ်။

ပထမနှစ်နဲ့ ဒုတိယနှစ် ကျောင်းသားဘဝမှာ အတန်းဖော် သူငယ်ချင်းတွေနဲ့ လက်ရေး ကဗျာစာအုပ် လေးတွေ ထုတ်ဝေဖြစ်တယ်။ ကိုယ် ဦးဆောင်ပြီး လုပ်တာပါ။ အဲဒီမှာ ကဗျာရေးခြင်းဖက်ကို ပိုပြီး စောင်းပေးဖို့ ဖြစ်လာခဲ့ တယ်။

ဒုတိယနှစ်မှာ အစ်ကိုဝမ်းကွဲဖြစ်သူရဲ့ (ကိုယ်ဖတ်လို့ နားမလည်တဲ့) မော်ဒန်ကဗျာတွေ ဖတ်မိရာက အဲသလို ရေးချင်လာတယ်။ အချစ်ကဗျာလေးတွေနဲ့ တင် မတင်းတိမ်တော့ဘူး။ သူ့ဆီကပဲ ကဗျာ စာအုပ်တွေ အများကြီး ဖတ်ခွင့်ရလာတယ်။

မောင်သာနိုးရဲ့ ထင်းရှူးပင်ရိပ် ဆိုတဲ့ နိုင်ငံတကာ ဘာသာပြန် ကဗျာတွေနဲ့ မိတ်ဆက် ဆောင်းပါး တွေက ကိုယ့် ကို လှုပ်နှိုးလိုက်တယ်။ ကဗျာဆရာ ဖြစ်ချင်တဲ့ စိတ်ပြင်းပြင်းပျပျ ဖြစ်ပေါ်လာတယ်။

တတိယနှစ်မှာ ကြီးမားတဲ့ အပြောင်းအလဲ ၂ ခုက၊ ဒုတိယ အိမ်ထောင် ထပ်ပျက်သွားတဲ့ အမေနဲ့ ပြန်နေဖြစ် တယ် (အဖေက သားအဖြစ်မှ စွန့်လွှတ်လိုက်တယ်)။

တက္ကသိုလ်အနုပညာအသင်းက ပန်းချီခန်းကို (ပန်းချီသင်တန်းတက်ရင်းနဲ့) ရောက်သွားပြီး အနုပညာ မောင်နှမတွေနဲ့ ကြုံရဆုံရ ဖြတ်သန်းရ ပန်းချီတွေဆွဲ ကဗျာတွေရေးဖြစ်တယ်။ အဲဒီ ၂ ခုဟာ ကိုယ့်ဘဝကို ရာသက်ပန် ကဗျာဆရာဘဝဆီ တွန်းပို့လိုက်တဲ့ အဖြစ်အပျက် ၂ခုပါပဲ။

၁၉၇၉ ခုနှစ်ကျတော့ မမျှော်လင့်ပဲ ရုတ်တရက် အိမ်ထောင်ကျသွားတယ်။ ဘဝပတ်ဝန်းကျင် ပြောင်းသွားတယ်။ ပထမ ကလေးရတဲ့ အထိ အလုပ် မလုပ်သေးပဲ ကဗျာဆရာ ယောင်ယောင်နဲ့ နေသေးတယ်။

ဒုတိယ ကလေးရတော့ မဖြစ်တော့ဘူး ဝင်ငွေရရာ ရကြောင်း လုပ်ရတော့မယ်လို့ သိလာပြီ။ အိမ်ထောင်ဦး ကာလ ၅ နှစ်လောက်အတွင်းမှာကို အလုပ်တွေ ၄-၅ ခု လုပ်ဖြစ်သွားတယ်။

ကြယ်ငါးပွင့်ရုံးမှာ ဝန်ထမ်း အလုပ်ဝင်ဖြစ်တာက လုပ်သက် အရှည်ဆုံးပဲ။ ဒါပေမယ့် ၄ နှစ်လောက်ပဲ လုပ်ဖြစ်ပါတယ်။ မှောင်ခိုကုန်သည် လောကထဲ ရောက်၊ ခိုးဝင် လမ်းကြောင်းကနေ ဘန်ကောက် အထိရောက်။

ကော့သောင်း(ထိုင်းနယ်စပ်မြို့) မှာ ငါးဒိုင်မှာ စာရေးကလေးဘဝ၊ နောက် ထားဝယ်မှာ ရေခဲစက် မန်နေဂျာ။ ၁၉၈၈ အရေးအခင်းဖြစ်တော့ ထားဝယ်မှာပေါ့။ ပြောစရာတွေက အများကြီးပါ။ သိပ်ရှည်သွားမှာစိုးလို့ ချုံ့ပစ်ခဲ့တော့မယ်။

ကော့သောင်မှာ နေတုန်းက ကဗျာတွေ မှတ်စုစာအုပ်မှာရေးဖြစ်တယ်။ အတိုအစလေးတွေ၊ ခြစ်ရာဖျက်ရာ ဗရပွနဲ့ပေါ့။ သိပ်ပြီး အစပ်တည့်တဲ့ အခါမျိုးမှာ ထပ်ရေးဖြစ်တဲ့ ကဗျာစာသားတွေထဲ အတိုအစလေးတွေ ညှပ် ထည့်ရင်း ခပ်ရှည်ရှည်ကဗျာ တပုဒ်ရတတ်တယ်။ အဲ့ဒီတုန်းက ကဗျာဆို အရှည်ပဲရေးတာများတယ်။

ထားဝယ်ရောက်တော့ စီးပွားက အတော်ဖြစ်တာ။ ပိုက်ဆံက ဘယ်လိုဘယ်လိုရမှန်းကို မသိဘူး။ ဒါနဲ့ကဗျာကို မေ့နေတယ်။ ၁၉၉၀ စီးပွားပျက်ကာမှ ရန်ကုန်ကို သွေးရူးသွေးတမ်း ပြန်ရောက် လာတော့တာ။ အိမ်မှာ အဆင် မပြေပဲ မန္တလေးကို ထွက်သွားပြန်တယ်။ အဲဒီမှာ ကဗျာအလှည့် အပြောင်းဖြစ်တယ်။ အရင် ကဗျာတွေနဲ့ လားလားမှ မတူတဲ့ ကဗျာတွေရေးဖြစ်တယ်။

စစ်အစိုးရရဲ့ နှိပ်ကွပ်မှုကြောင့် မန္တလေး တမြို့လုံး စာပုံနှိပ်တဲ့ကိစ္စ၊ ယုတ်စွအဆုံး မိတ္တူကူးဖို့တောင် မလွယ် လောက်အောင် ခြောက်ခြားနေချိန်မှာ ဖယောင်းလှည့် ကဗျာစာအုပ် ထုတ်ဖြစ်တယ်။ “ကဗျာများ-၁၉၉၀”ဆိုတဲ့ စာအုပ်အမည်နဲ့ပေါ့။

၂၀၀၀ ပြည့်နှစ်မှာ ကဗျာဆရာ မောင်ပြည့်မင်းက သူနဲ့တွဲစာအုပ်ထုတ်ဖို့ကမ်းလှမ်းလာတာကြောင့် “ကဗျာများ-၁၉၉၀” က ကဗျာတွေကိုပဲ စိစစ်ရေးတင်ဖြစ်တယ်။

ကဗျာရှည်ကို ၄-၅ နေရာလောက်ပြင်ခိုင်းတာ မပြင်ချင်လို့ တပုဒ်လုံးဖြုတ်ချန်ခဲ့ပြီး ကဗျာအတို ၅ ပုဒ်နဲ့ပဲ စာအုပ်ထုတ်ခဲ့တယ်။ အဲ့ဒီ အဖြုတ်ခံရတဲ့ ကဗျာက ၂၀၁၁ ကျမှပဲ လန်ဒန်က ပတ်ဘလစ် ရှင်းတခုက ထုတ် ဝေတဲ့ Bones Will Crow မှာ ဗမာ-အင်္ဂလိပ် ၂ ဘာသာနဲ့ ပုံနှိပ်ဖြစ်တော့တယ်။ ၁၉၉၀ လောက်က ရေးတဲ့ ကဗျာတပုဒ်ဟာ နောင် အနှစ်၂၀ ကျော်ကာမှ ဟိုးအဝေးကြီးက တခြားနိုင်ငံတခုမှ ပုံနှိပ်ဖော်ပြတော့မှ အသက်ဝင်လာရတယ် ဆိုတာလေး ဆင်ခြင်မိခဲ့တယ်။

၁၉၉၀ နဲ့ ၂၀၀၀ ကြားကတော့ ကုမ္ပဏီ ဝန်ထမ်းဘဝ၊ မန်နေဂျာဘဝ၊ နောက် ဒါရိုက်တာ အထိ အဆင့် မြင့် တက်ခဲ့သလို၊ ၁၉၉၄ ခုနှစ်မှာ စင်္ကာပူနိုင်ငံမှာ အလုပ်သွားလုပ်တာ။ စီးပွားရေးကိုယ်စားလှယ် အဖြစ် ခန့်အပ်ခံရတာ။ ၁၉၉၆ ခုနှစ်မှာ မမျှော်လင့်ပဲ ရဟန်းယာယီပြုရာက ရာသက်ပန် ရဟန်းဘဝနဲ့ နေသွားတော့မယ့်အထိ ဆုံးဖြတ်ဖြစ်သွားကာ တနှစ်နီးပါး ရဟန်းဘဝမှာ မွေ့လျော်ခဲ့တာတွေဟာလဲ ဘဝရဲ့ အတက်အကျ လှိုင်းလုံး တွေဖြစ်ခဲ့တယ်။

အဲဒီ ဆယ်စုအတွင်းရဲ့ ရိုက်ခတ်မှုဟာလည်း နောင် ခေတ်ပြိုင်ကဗျာ ပြောင်းရေးတဲ့အခါ အားကောင်း တဲ့ ရိုက်ခတ်မှုတွေ အဖြစ် အသုံးတည့်ခဲ့ပါတယ်။ သမီး နှစ်ယောက် အရွယ်ရောက် လာပြီး သူတို့ဘဝ ကို သူတို့ လျှောက်လှမ်းဖို့ အားအင်စုဆောင်းရင်း အရည်အသွေးကိုယ်စီ ပြည့်ဝလာခဲ့တာလဲ အဲဒီ ဆယ်စုထဲမှာပဲ။

၂၀၀၀ ပြည့်နှစ်မှာ မောင်ပြည့်မင်းရဲ့ ကမ်းလှမ်းမှုနဲ့ ၂ ယောက်အတွဲကဗျာထုတ်တယ်။ ဘဝရဲ့ ပထမဦးဆုံး လုံးချင်းစာအုပ်ပါပဲ။ ကဗျာမရေးဖြစ်တော့ဘူး။ ကဗျာနဲ့အလှမ်းဝေးသွားတယ်။ ဘဝအချိုးကွေ့တွေ ကြမ်းတမ်း မြန်ဆန်လာပြန်တယ်။

၂၀၀၅ မှာ စင်္ကပူမှာ အခြေချဖို့ ထွက်သွားတယ်။ အဆင်မပြေဘူး။ ထိုင်းက ကိုယ့် အလုပ်ရှင်ဟောင်း က သူနဲ့ စပ်တူလာ အလုပ်လုပ်ဖို့ ခေါ်လို့ ဘန်ကောက်မှာ ခဏ ခိုအုန်းမယ် ဆိုပြီး နေလိုက်တာ ၂၀၁၆ အထိပဲ။

၂၀၀၉ မှာ မမျှော်လင့်ပဲ ထိုင်းအလုပ်ရှင် နှလုံးရပ်ပြီး ရုတ်တရက်ဆုံးပါးသွားတယ်။ ဘာမှ လုပ်လို့ မရတော့ပဲ စိတ်ကျရောဂါ ရချင်သလိုလို ဖြစ်လာလို့ ကဗျာဖက်ပြန်လှည့်တယ်။

အဲဒီမှာ ဗမာကဗျာ အခင်းအကျင်းကလဲ မော်ဒန်ကနေ ကွန်တမ်ပိုရာရီ(ခေတ်ပြိုင်ကဗျာ)ကို စပြောင်း နေပြီ။ သူငယ်ချင်း ဇေယျာ လင်းရဲ့ ကဗျာဗေဒဆောင်းပါးတွေ စာအုပ်တွေ ဘာသာပြန်ကဗျာတွေ ဖတ်ပြီး ကွန်တင်ပိုရာရီ ကဗျာဘက် ကူးယူရတယ်။ ၂၀၁၀ မှာ ကဗျာပြန်ရေးနိုင်လာ။ အွန်လိုင်းမှာ ဘလော့တွေ ဘာတွေ ဖွင့်ဖြစ်၊ တင်ဖြစ်၊ ကဗျာ ပရိသတ်ဟောင်း/သစ်တွေနဲ့ ပြန်ချိတ်ဆက်မိပြီး အရှိန်ရလာခဲ့တယ်။

၂၀၀၉ ကနေ ၂၀၁၃ အထိ နှစ်စဉ် ပြည်ပ ကဗျာပွဲတွေ တက်ရောက်ခြင်းက ရလာတဲ့ အတွေ့အကြုံနဲ့ စိတ် ခွန်အားကလည်း ကဗျာတွေ အားသွန်ခွန်စိုက် ရေးဖို့ တွန်းအားတွေဖြစ်ခဲ့တယ်။

ရပ်တည်ရေးအတွက် လန်ဒန် မှာ အခြေချနေထိုင်တဲ့ သမီးက တာဝန်ယူ ထောက်ပံ့ပေးတာမလို့ နောက်ကြောင်း အေးအေး အပူကင်းကင်းနဲ့ ကဗျာတွေ ရေးနိုင်ခဲ့တာ။ ဒီကနေ့အထိပဲ ဆိုပါတော့။

မေး။ ။ လွတ်လပ်မှုမရှိတဲ့ လူမှုပတ်ဝန်းကျင်က ခင်ဗျားရဲ့ အရေးအသားတွေကို ဘယ်လိုသက် ရောက် စေသလဲ။

ဖြေ။ ။ ကိုယ်က ကဗျာရေးရင် အားလုံးကနေ လွတ်မြောက်နေတဲ့ စိတ်အခြေအနေနဲ့ ရေးလေ့ ရှိ တယ်။ မလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း၊ လွတ်လပ်စွာ ရေးသားခွင့် ပျောက်ဆုံးနေတဲ့ လူ့အဖွဲ့ အစည်းထဲမှာ နေရတဲ့အတွက် စိတ်ကျဉ်းကြပ်မှုတွေ ရှိခဲ့ ခံစားခဲ့ရတာ မှန်ပေမယ့် ကဗျာရေးခြင်း အပေါ် ဘာမှလာ မသက် ရောက်ဘူး။

တခုရှိတာကလည်း ကိုယ်ရေးတဲ့ ကဗျာကို မဂ္ဂဇင်းမှာ ဖော်ပြနိုင်ဖို့ သိပ်ပြီး အာရုံမထားတာ၊ ဂရုမစိုက် ဘဲ လွတ်အောင်နေနိုင်တာကြောင့်လဲပဲ ဖြစ်မယ်။ စာပေစိစစ်ရေးဆိုတာလည်း သူ့ဘာသာရှိနေတာပဲ။

ကိုယ်က စိစစ်ရေး လွတ်အောင်ဆိုပြီး တခါမှမရေးဘူး။ မလွတ်တော့လည်း ပုံနှိပ်ပြီးမှ ထုတ်ဝေခွင့် မရတာ (ကိုယ့် ကဗျာစာမျက်နှာ ကို ဆုတ်ဖြဲပြီးမှ မဂ္ဂဇင်းက ဖြန့်ချိခွင့်ရတာမျိုး) ပဲ ရှိမယ်လေ။

ကိုယ်က အဲ့ဒါကိုလည်း ဘာမှ ထိခိုက်တယ်ရယ် လို့ မခံစားရဘူး။ ကဗျာရေးတာ ကဗျာရေးချင်လို့ ရေးတာ သက်သက်ပဲ။ ပုံနှိပ်ဖို့ နာမည်ကြီးဖို့ သိပ်စိတ် မဝင် စားဘူး။

မေး။ ။ ဖန်တီးနိုင်စွမ်းအကြောင်းရော ဘာများပြောချင်လဲ။

ဖြေ။ ။ ဖန်တီးနိုင်စွမ်းကတော့ ပင်ကိုယ် စွမ်းရည်နဲ့ ရော လေ့လာ၊ လေ့ကျင့်၊ အားထုတ်မှုနဲ့ပါ သက်ဆိုင်တယ်လို့ ယူဆပါတယ်။ အင်း… ကဗျာရေးခြင်း မပါတဲ့ နေ့စဉ် ဘဝဆိုတာကတော့ တခြားသူတွေ တော့မသိဘူး။ ကိုယ့်မှာတော့ ကဗျာရေးခြင်း အလုပ်ကို နှုတ်လိုက်ရင် ဘဝမှာ ဟုတ်ဟုတ်ငြားငြား ပြစရာ ပြောစရာ ဘာမှရှိမှာ မဟုတ်တော့တဲ့ အပြင် အသက်ရှည်ရှည် နေချင်စိတ်ပါ ကုန်ခမ်းသွားလောက်တယ်။

Petr Lom နှင့် ခင်အောင်အေးတို့ စီစဉ်မှုနဲ့ ကဗျာဆရာ ၁၇ဦးရဲ့ ရှိရင်းစွဲ အမြင်များကို မှတ်တမ်းတင် ထားတဲ့ “မြန်မာပုံပြင်စာအုပ်”မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပြီး၊ “မြန်မာပုံပြင်စာအုပ်” ကို လှတယ်၊ အင်းဝစာအုပ်ဆိုင်၊ Myanmar Book Centre နဲ့ ကမ်းနား ဟိုတယ်၊ Yangon Book Plaza တို့မှာ ရောင်းချနေပါတယ်။

ဆက်စပ်ဖတ်ရှုရန် – မြန်မာကဗျာဆရာတွေရဲ့ “မြန်မာပုံပြင်စာအုပ်”

အောင်ချိမ့် သို့မဟုတ် အနုပညာကို ဘာနဲ့မှ မလဲနိုင်သူ

သုခမိန်လှိုင် သို့မဟုတ် ကမ္ဘာကြီးကို ရရှိသူ

ပန်ဒိုရာ သို့မဟုတ် ရဲရင့်စွာ ကဗျာရေးသူ

ဇေယျာလင်း သို့မဟုတ် ဘာသာဗေဒအခြေပြု ကဗျာ ဖန်တီးသူ

Did you find apk for android? You can find new Free Android Games and apps.
Loading