Culture

ဇေယျာလင်း သို့မဟုတ် ဘာသာဗေဒအခြေပြု ကဗျာ ဖန်တီးသူ

Want create site? Find Free WordPress Themes and plugins.

ကဗျာဆရာ ဇေယျာလင်းကို ၁၉၅၉ ခုနှစ်မှာ မွေးဖွားပြီး ငယ်စဉ်ကပင်ဆံပင်အရှည်ကြီး ထားရှိရာ ထိုဆံပင်နှင့် ပတ်သက်၍ စိတ်ဝင်စားစရာ ဇတ်လမ်းလည်း ရှိသည်။ ရန်ကုန်တက္ကသိုလ်တွင် ကျောင်း ဆရာအဖြစ် စာသင်ကြားစဉ်က သူ့အထက်အရာရှိက ဆံပင်ညှပ်ရန် အမိန့်ပေးရာ သူက ငြင်းဆန်ပြီး အလုပ်မှ ထွက်ခဲ့၏။ ထိုအချိန်ကတည်းက ရန်ကုန်မြို့ထဲတွင် အောင်မြင်သော အင်္ဂလိပ်စာ ကျောင်း တကျောင်း ဖွင့်ခဲ့သည်။

မေး။ ။ ခင်ဗျား ဘယ်အချိန်က ကဗျာစရေးတာလဲ။

ဖြေ။ ။ ကိုးတန်းကျောင်းသား အရွယ်က စရေးတာ။ အချစ်ကဗျာတွေပေါ့။

မေး။ ။ ဘယ်အချိန်မှာ ပရော်ဖက်ရှင်နယ်ကဗျာဆရာဖြစ်ဖို့ စဉ်းစားလာတာလဲ။

ဖြေ။ ။ ကျနော် အသက်သုံးဆယ်စွန်းစွန်းမှာ ကျနော့်ကဗျာတွေကို မဂ္ဂဇင်းတွေမှာ ဖော်ပြ နေပြီ။ ကိုယ့်ကိုကိုယ် ကဗျာဆရာဖြစ်ဖို့၊ ဒီ့ထက်ပိုပြောရရင် ပရော်ဖက်ရှင်နယ်ကဗျာဆရာ ဖြစ်ဖို့ ယုံကြည်မှုရှိလာတယ်လို့ခံစားရတယ်။

မေး။ ။ ခင်ဗျား စာဘယ်လိုရေးလဲ။

ဖြေ။ ။ ကျနော် နေ့တိုင်း စာရေးဖို့ကြိုးစားတယ်။ ကဗျာတွေ ပြီးအောင် ရေးတာတော့ မဟုတ် ဘူးပေါ့။ အကြမ်းတွေ၊ မှတ်စုတွေ၊ သူများတွေပြောတဲ့ စကားအတိုအစတွေ၊ ပုံရိပ်တွေ၊ အတွေးစတွေ စုံလို့ပေါ့ဗျာ။ အဲ့ဒါမျိုးတွေကို သောကြာနေ့မှာ စရေးတယ်။ ကံကောင်းလို့ ဉာဏ်အလင်းပွင့် သွားရင် ပြီးတဲ့အထိ ရေးသွားတာပေါ့။ တခြားလူတွေရေးထားတဲ့ ကဗျာတွေလည်းဖတ်တယ်။ မြန်မာ ကဗျာ ရော နိုင်ငံတကာ ကဗျာရောပေါ့။ အဲဒီလိုဖတ်မှ ကျနော်လည်း ကဗျာရေးဖို့ အင်အားတွေရတာပေါ့။

ကျနော် ကဗျာရေးရင် ဘယ်တော့မှ အကြောင်းအရာ၊ ဦးတည်ချက်နဲ့ မစဘူး။ ရေးနေရင်းနဲ့မှ အကြောင်းအရာတွေ ဦးတည်ချက်တွေက ပါလာတာ။ ကဗျာတပိုဒ်ကို ကျနော့်ရဲ့ ဆင်ခြင်တုံ တရားနဲ့ စစ်ဆေးပြီးမှ နောက်အပိုဒ်ကိုဆက်ရေးတယ်။ အဲဒီစွမ်းရည်ကျသွားရင် အဲဒီ့နေရာမှာ ကဗျာကို အဆုံး သတ်လိုက်တယ်။ တီထွင်ဖန်တီးမှုဆိုတာ ကျနော့်အတွက်တော့ ပွင့်လင်းမှု၊ လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ သာယာမှုပဲ။

မေး။ ။ လူမှုဝန်းကျင်မှာ ကဗျာဆရာတွေရဲ့ အခန်းကဏ္ဍကရော။

ဖြေ။ ။ စကားပြေနဲ့ မတူတာက ကဗျာဟာ ဖတ်သူကို စိတ်ဓာတ်ခွန်အားတွေပေးပြီး ပိုကောင်း တဲ့ အနာဂတ်ကိုယုံကြည်စေတယ်။ စစ်အစိုးရကာလ တလျှောက်လုံးမှာ စစ်အစိုးရကို ဆန့်ကျင်ကြတဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်ကို ခိုင်မာအောင် ကဗျာဆရာတွေဟာ အထောက်အပံ့ပြု ခဲ့ကြတယ်။
အခုတော့ ကျနော်အနေနဲ့ “လူ့အဖွဲ့အစည်းရဲ့ အသိအမှတ်ပြုမခံရတဲ့ ဥပဒေပြုသမား” ဆိုတဲ့ အဓိပ္ပါယ် မတိကျတဲ့ ကဗျာဆရာရဲ့ အခန်းကဏ္ဍကို စွန့်လိုက်ပါပြီ။ ကျနော်ရဲ့ ပုဂ္ဂလ ဖြစ်တည်မှု ဟာလည်း လူ့အဖွဲ့အစည်းလို၊ လူမှုဝေဖန်ချက်လိုပဲ တန်းတူအရှိတရားဖြစ်ပြီး တန်းတူ အရေးကြီးတယ်လို့ မှတ်ယူစပြုလာပါပြီလေ။

မေး။ ။ နှစ်ခြောက်ဆယ်လောက်ကြာတဲ့ အာဏာရှင်စနစ်က ကဗျာအပေါ် ဘယ်လိုအကျိုး သက်ရောက်လဲ။

ဖြေ။ ။ အာဏာရှင်စနစ်က ကဗျာကို အတိုင်းအတာတစ်ခုအထိတော့ ဖျက်ဆီးလိုက်တာပေါ့။ ကဗျာ ဖန်တီးမှု အပိုင်းမှာဆိုရင် လူမှုရေးနဲ့ နိုင်ငံရေးစနစ်တွေ ဆင်တူတဲ့ အရှေ့ဥရောပ ကဗျာဆရာ တွေလိုပဲ မြန်မာကဗျာဆရာတွေဟာ ခေတ်မီဆန်းပြားမှုမရှိဘူး။  ဒါပေမယ့် လွှမ်းမိုးနိုင်မှုအပိုင်းမှာ ဆိုရင် တချို့ကဗျာဆရာတွေဟာ သူတို့ရဲ့ ပြင်းထန်တဲ့ နိုင်ငံရေးခံယူချက်နဲ့ဖော်ကျူးထားတဲ့ ကဗျာ တွေကြောင့် မြန်မာကဗျာလောကရဲ့ အထင်ကရတွေဖြစ်လာတယ်။ ဥပမာ လှသန်းပေါ့။

ပညာရေးစနစ်မှာ တီထွင်ဖန်တီးပြီး ရေးသားမှုတွေ ကင်းမဲ့လာတဲ့အတွက် လူအတော်များများက ရိုးရှင်းတဲ့ အကြောင်းအရာပါတဲ့ သာမန်ကဗျာမျိုးတွေပဲ ဖတ်ချင်ကြတယ်။

မေး။ ။ အခုရော ကဗျာရဲ့ ပြောင်းလဲမှုက ဘယ်လိုရှိလဲ။

ဖြေ။ ။ NLD ပါတီရဲ့ အမည်ခံအောင်မြင်မှု (တပ်မတော်က အာဏာအတော်များများကို ချုပ် ကိုင်ထားဆဲ)ကြောင့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်တော့ ရှိလာပြီ။ ဥပမာအားဖြင့် ကျား မ အခန်းကဏ္ဍ၊ မိန်းမဝါဒီ၊ လိင်အကြောင်း၊ လူမှုရေးနဲ့ လိင်ပိုင်းဆိုင်ရာ တားမြစ်ချက်တွေကို ဆန့်ကျင်ကြောင်း ရေးသားနေတဲ့ မျိုးဆက်သစ်ကဗျာဆရာမလေးတွေကို သတိထားမိ တယ်။

သူတို့တွေဟာ လိင်တူရော လိင်ကွဲပါ ချစ်ခင်သူတွေလို့ သူတို့ကဗျာကနေတဆင့် ဝန်ခံထားတဲ့ အသက် ၂၀ကျော် ကဗျာဆရာမ ၂ယောက်နဲ့ ကျနော် ခင်မင်ရင်းနီးပါတယ်။ ဒီကိစ္စတွေက ကျနော်တို့ရဲ့ ရှေးရိုး စွဲတဲ့ လူမှုပတ်ဝန်းကျင် အတွက်တော့ အတော်လေး ထူးဆန်းနေတာပေါ့ဗျာ။

အဲဒီ့တော့ နိုင်ငံရေး လွတ်လပ်မှုကြောင့်တော့ ခင်ဗျားမေးတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ သိက္ခာပိုင်းဆိုင်ရာ တာဝန်ခံမှုတွေက ညိုးမှိန် ပျောက်ကွယ်သွားတာမျိုး မရှိတဲ့အပြင် မြေယာအလွဲသုံးစားလုပ်မှု၊ လူမျိုးစု ရပိုင်ခွင့်၊ လိင်တူချစ်သူများ ရပိုင်ခွင့်၊ လူမျိုးနဲ့ဘာသာ၊ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်တွေ၊ အကြမ်းဖက် မှု တွေလို ဖြစ်ရပ်မျိုးတွေအထိပါ ကျယ်ပြန့်လာတယ်။

ဒီပြောင်းလဲမှုတွေက ခေတ်ပြိုင်ကဗျာအပေါ်ကို အကျိုးသက်ရောက်လာမယ်ဆိုရင် ကျနော်ထင်တယ် ကျနော်တို့ လေ့လာဖို့ အခွင့်အရေးပိုရလာမယ် ထင်တယ်။ အဲ့ဒီလိုဆိုရင် ခေတ်ပြိုင်ကဗျာလည်း ပိုပြီး တော့ ကျယ်ပြန့်လာမယ်။ ကဗျာပိုဆန်လာပြီးတော့ ဝေဖန်မှုတွေနည်းသွားလိမ့်မယ်။

ကျနော်တို့ မျိုးဆက်သစ်တွေအတွက် အနုပညာများများ နိုင်ငံရေးနည်းနည်းပဲလိုချင်တယ်။

ကျနော်တို့ပြောလေ့ရှိတဲ့ P ၂လုံးရှိတယ်။ ကဗျာ (Poem) နဲ့ နိုင်ငံရေး (Politics) ပါ။ ခင်ဗျားဘယ် P ကို အဓိကထားမလဲ။ ကျွန်တော်တို့အတွက်တော့ ကဗျာ (Poem) က အဓိကပဲ။ အဲဒီ့လိုပြောလို့ ကျနော်တို့က နိုင်ငံရေးကို ဆန့်ကျင်တာမဟုတ်ဘူး။ ဆန့်ကျင်လို့လည်းမရဘူး။ ကျနော်တို့ အသက် ရှူနေရတာလည်း နိုင်ငံရေးပဲ။ ဒါပေမယ့် ကျနော်တို့ အာရုံစိုက်ချင်တာက ကဗျာဖန်တီးမှုပဲ။

မေး။ ။ ခင်ဗျားက ဘာသာဗေဒအခြေပြု ခေတ်ပြိုင်ကဗျာတွေကို စတင်မိတ်ဆက်ခဲ့တာနော်။

ဖြေ။ ။ ဟုတ်တယ်။ ဘာသာဗေဒအခြေပြုကဗျာတွေက ၁၉၆၀ နှောင်းပိုင်းလောက်က အမေရိကမှာ စပေါ်ခဲ့ပြီး ကဗျာတွေကို ဘာသာဗေဒနဲ့ တည်ဆောက်ထားတယ်လို့ မြင်ကြတယ်။ အဲ့ဒါ က ပို့စ်မော်ဒန်ရဲ့ ဥပမာပဲ။

အဲ့ဒါကို အခုထိ ငြင်းဆန်နေတာတွေ ကျနော်တွေ့ရတယ်။

ကဗျာဆရာ တော်တော်များများက ဘာသာဗေဒကို သူတို့ရဲ့ အတွေးအခေါ်တွေ ခံစားချက်တွေကို သယ်ဆောင်လာတဲ့ ယာဉ်အဖြစ်လောက်ပဲ မြင်ကြတာ။ ဘာသာဗေဒကို အတွေး၊ ခံစားချက်၊ အကြောင်းအရာတို့ရဲ့နောက် ဒုတိယနေရာမှာပဲထားကြတယ်။

ကျနော်မှာ သူတို့လောက် အတွေးအခေါ်ကောင်း ခံစားချက်ကောင်းတွေ မရှိလို့ ဘာသာဗေဒကိုပဲ ကစားနေရတယ်လို့ ခဏခဏ အပြောခံရတယ်။ သူတို့တွေက ဂါထရု စတိန်း၊ ဝစ်ဂန်စတိန်း နဲ့ ချားလ်စ် ဘန်စတိန်း ဆိုတဲ့ ကျနော်ကဗျာဘဝရဲ့ စတိန်း ၃ယောက်ကို မသိကြဘူးလေ။

မေး။ ။ ခင်ဗျားရဲ့ “ကြက်ဘဲဈေး” ကဗျာအကြောင်းပြောပြပါဦး။

ဖြေ။ ။ ကျနော့် ကဗျာက ရန်ကုန်မြို့ရဲ့အဓိက ကြက်သတ်ရုံကိုသွားတုန်းက ရခဲ့တဲ့ ပုပ်သိုး သိုးနံ့၊ ကြက်ချေးနံ့ ဘဲချေးနံ့တွေ၊ သွေးတွေ နဲ့ စခဲ့တာ။ နံရံတွေကျတော့ ဖြူနေတာကို သတိထားမိ တယ်။ အဖြူရောင် (အပြစ်ကင်းမှု၊ သန့်စင်မှု)က အဲ့ဒီနံရံတွေရဲ့ နောက်က သားသတ်လုပ်ငန်းကို ဖုံး ကွယ်ပေးလိုက်နိုင်တယ်လို့ ထင်နေတယ်။ ဘယ်လောက်များ အမြီးအမောက် မတည့်လိုက် သလဲဗျာ။

ကျနော် အဲ့ဒီ ကဗျာရေးတဲ့အချိန်မှာ စာပေစိစစ်ရေးအဖွဲ့မရှိတော့ပါဘူး။ ဒီကဗျာကို မတရားမှု ဆန့်ကျင်တဲ့ စာဆိုတာထက် ကဗျာတပုဒ် အဖြစ်ပဲရေးခဲ့တာလို့ ကျနော်ကယုံကြည်တယ်။

Petr Lom နှင့် ခင်အောင်အေး စီစဉ်မှုနဲ့ ကဗျာဆရာ ၁၇ဦးရဲ့ ရှိရင်းစွဲ အမြင်များကို မှတ်တမ်းတင် ထားတဲ့ “မြန်မာပုံပြင်စာအုပ်”မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပြီး၊ အဲ့ဒီ့ “မြန်မာပုံပြင်စာအုပ်” ကို လှတယ်၊ အင်းဝစာအုပ်ဆိုင်၊ Myanmar Book Centre နဲ့ ကမ်းနား ဟိုတယ်၊ Yangon Book Plaza တို့မှာ ရောင်းချနေပါတယ်။

ဆက်စပ်ဖတ်ရှု့ရန်

မြန်မာကဗျာဆရာတွေရဲ့ “မြန်မာပုံပြင်စာအုပ်”

အောင်ချိမ့် သို့မဟုတ် အနုပညာကို ဘာနဲ့မှ မလဲနိုင်သူ

သုခမိန်လှိုင် သို့မဟုတ် ကမ္ဘာကြီးကို ရရှိသူ

ပန်ဒိုရာ သို့မဟုတ် ရဲရင့်စွာ ကဗျာရေးသူ 

ခင်အောင်အေး သို့မဟုတ် “ကဗျာများ-၁၉၉၀”

Did you find apk for android? You can find new Free Android Games and apps.
Loading